ကလေးကာကွယ်ဆေးထိုးတဲ့အခါ သိထားသင့်တဲ့ ဆောင်ရန်ရှောင်ရန်များ

by: Khin Nyein Lwin
 0 comments  0 love

ကလေးကို ကာကွယ်ဆေးထိုးတယ်ဆိုတာက ရောဂါရှိနေသော ကလေးတွေကို ထိုးရတာမဟုတ်ပဲ အကောင်း အတိုင်း ရှိနေတဲ့ ကလေးတွေကို ထိုးရတာဖြစ်ပါတယ်

မေမေတို့ရေ ကလေးကို ကာကွယ်ဆေးထိုးတဲ့အခါ သိသင့်တဲ့အချက်အလက်များကို ဒေါက်တာရဲမြင့်ကျော်ပြောထားတဲ့အတိုင်း ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

ကာကွယ်ဆေးထိုးသည်ဆိုတာက ရောဂါရှိနေသော ကလေးတွေကို ထိုးရတာမဟုတ်ပဲ အကောင်း အတိုင်း ရှိနေတဲ့ ကလေးတွေကို ထိုးရတာဖြစ်ပါတယ်။ အကောင်းအတိုင်းဖြစ်နေသော ကလေးတွေ ဆေးထိုး ပြီးမှ တစ်ခုခုဖြစ်လျှင်တော့ ဆေးထိုးတဲ့ ဆရာဝန်၊ ဆရာမ ဖြေရှင်းဖို့သာပြင်ပေတော့။ ဆေးမှန်လျှင် ဘေးထွက်ဆိုးကျိုးရှိနိုင်တာချည်းပါပဲ။ သိပ္ပံနည်းကျတွက်ချက်ထားသော စာရင်းဇယားများအရ ပြောရလျှင် ရောဂါကြောင့် နေမကောင်းဖြစ်မှုကြောင့် သောက်ရထိုးရသော ဆေးများအားလုံးတွင် ဖြစ်နိုင်သော ဘေးထွက် ဆိုးကျိုးများထက် ကာကွယ်ဆေးများကြောင့် ဖြစ်နိုင်သော ဘေးထွက်ဆိုးကျိုးများက အဆပေါင်းများစွာ နည်းပါသည်။

ဆေးမထိုးဘဲထားလျှင် ရောဂါဖြစ်နိုင်ခြေ ရောဂါဖြစ်လျှင် ကလေးကိုထိခိုက်နိုင်ခြေနှင့် ထိုးဆေး ထိုးလျှင် ဆိုးကျိုးဖြစ်နိုင်ခြေတို့ကို စနစ်တကျတွက်ချက်ပြီး ဆေးထိုးသည့်ဘက်က ပိုတန်တာ သက်သေပြနိုင်မှ ခွင့်ပြုချက်ရခဲ့သည့် ဆေးတွေချည်းပါပဲ။

ပညာရှင်တွေဘက်က ဘယ်လိုပဲ အဲဒါတွေပြောပြော အကောင်းအတိုင်းကလေးကနေ ဆေးထိုးမှ ပြဿနာဖြစ်လာလျှင်တော့ ဆရာဝန်၊ ဆရာမကို မိဘတိုင်း အပြစ်မြင် တတ်တာချည်းပါပဲ။ သည်တော့ ကာကွယ်ဆေးထိုးထားသည့်ကလေးကို စောင့်ကြည့်၍ တစ်ခုခုထူးခြားတာနှင့် ပြူးပြူးပျာပျာက မိဘတွေရော၊ ဆရာဝန်၊ ဆရာမတွေကိုရော ဖြစ်တတ်တာချည်းပါပဲ။ တကယ်စိုးရိမ်စရာကောင်းသည့် အခြေအ နေနှင့် ပုံမှန်ဖြစ်နေကျလေးတွေကိုတော့ ခွဲသိဖို့လိုမည်။

  •  ဆေးထိုးပြီး ၄၊ ၅ နာရီမရပ်မနားတမ်း ကလေးက ငိုနေလျှင်။ (ခဏတစ်ဖြုတ်တော့ ကလေးတိုင်း ငို တတ်ပါသည်။)
  •  ၂၄ နာရီပြည့်သည်အထိ ပါရာစီတမော တိုက်ထားသည့်ကြားထဲက အဖျားမကျလျှင်။
    (တစ်ညနေလောက်ဖျားတာတော့ ပါရာစီတမော တိုက်ပြီး စောင့်ကြည့်နိုင်ပါသည်။)
  •  ထိုးသည့်နေရာမှာနီ၍ ဖောင်း၍လက်မောင်းသို့မဟုတ် ပေါင်၏သုံးပုံနှစ်ပုံ ပတ်လည်ခန့်ဖြစ်နေလျှင် (ထိုးသည့်နေရာ ကွက်ကွက်လောက်ကတော့ ခဏတစ်ဖြုတ်ရှိတတ်ပါသည်။)
  •  တက်သွားလျှင်။
  •  သတိလစ်သွားလျှင်။
  •  အသက်ရှုရခက်နေလျှင်၊ အသက်ရှုက အသံမြည်နေလျှင်
  • ခြေဖျားလက်ဖျားများ အေးစက်၍မှိန်းသွားလျှင်

အဲဒါတွေဖြစ်လျှင်တော့ ဆေးရုံဆေးခန်း ပြန်ပြဖို့လိုပါမည်။ ဒါတောင်ကာကွယ်ဆေးကြောင့်ဟု အပိုင် တွက်၍မရသေးပါ။ ဆေးမထိုးမီအချိန်လောက်ကစ၍ မထင်မရှားဖြစ်နေသော နာမကျန်းမှုတစ်ခုခုအချိန်ကိုက် ထင်ရှား လာတာဖြစ်နိုင်ပါသည်။ ဆေးကြောင့်ဖြစ်နိုင်ပါသည်။ ထိုးသည့် နည်းစနစ်ကြောင့် ဖြစ်နိုင်ပါသည်။

ကလေးတွင် နဂိုကတည်းက ဆေးနှင့်ပတ်သက်၍ အများနှင့်မတူ ထူးခြားသော အခြေအနေတစ်ခုခု ရှိနေ၍ ဖြစ်နိုင်ပါသည်။ ကာကွယ်ဆေးများနှင့်ပတ်သက်၍ စိတ်ပူလျှင် ဆရာဝန်နှင့် ပွင့်ပွင့်လင်းလင်း တိုင်ပင်ပါ။ ကာကွယ် ဆေး မထိုးတော့ ဆိုတာမျိုး လွယ်လွယ်နှင့် မဆုံးဖြတ်ပါနှင့်။

 

Kalay.com.mm မှ ရေးသားဖော်ပြနေသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များမှ Facebook Page များအတွက် ပြန်လည်ကူးယူခြင်း၊ ဆင်တူယိုးမှား ဖော်ပြခြင်းများ မပြုပါရန် လေးစားစွာ အသိပေးအပ်ပါသည်။
From Kalay with


Comments

0 comments
Latest video
Refer to more useful articles