ပုံမှန်ကြီးထွားဖွံ့ဖြိုးနေတဲ့ ကလေးငယ်တွေအတွက်တော့ အားဆေးက မလိုအပ်ပါဘူး။ ဟင်းသီးဟင်းရွက်၊ အသီးအနှံနဲ့ အသားငါးတွေကို မျှမျှတတကျွေးမယ်ဆိုရင် အားဆေးက ကလေးငယ်တွေနဲ့ အဝေးကြီးပါ။ ထမင်းဟင်းချေးများတိုင်း ကလေးငယ်အတွက် အားဆေးမလိုအပ်ပါဘူး။ နေ့စဉ်စားနေတဲ့ အစားအစာတွေထဲမှာ အာဟာရတွေပါဝင်နေပြီးသားပါ။

ပုံမှန်ကြီးထွားဖွံ့ဖြိုးနေတဲ့ ကလေးငယ်တွေအတွက်တော့ အားဆေးက မလိုအပ်ပါဘူး (Photo by Crecer Feliz en Yahoo)
ကလေးငယ်က အားဆေးမလိုအပ်ဘူးဆိုရင် မတိုက်သင့်ပါဘူး။ ဆရာဝန်နဲ့ တိုင်ပင်ပြီးမှ ကလေးငယ်ကို အားဆေးတိုက်သင့်ပါတယ်။ ဗီတာမင်ဓါတ်တွေ ခန္ဓာကိုယ်ထဲ အများကြီးပိုလျှံနေတာ မကောင်းပါဘူး။
အားဆေးတိုက်သင့်တဲ့ လက္ခဏာများ
ကလေးငယ်မှာ အောက်ပါလက္ခဏာတွေ ရှိနေတယ်ဆိုရင် အားဆေးတိုက်ပေးလို့ရပါတယ်။
- စိတ်ဖိစီးမှုများခြင်း၊ စိတ်ကျခြင်း၊ စိုးရိမ်ရိမ်ပူပန်မှုရှိခြင်းနဲ့ ချို့ယွင်းချက်ရှိနေခြင်း
- ကင်ဆာရောဂါရှိခြင်း
- အစာအိမ်ပြဿနာရှိခြင်း
- မွေးရာပါနဲ့ နာတာရှည်ရောဂါရှိခြင်း
- HIV ရောဂါရှိနေခြင်း
- ပုံမှန်ထက် ဖွံ့ဖြိုးမှုနှေးကွေးခြင်း
- ပြေးလွှားဆော့ကစားမှုနည်းခြင်း၊ လှုပ်ရှာမှုနည်းခြင်း
- ဟော်မုန်းအပြောင်းအလဲဖြစ်ခြင်း
- အစားအစာတွေနဲ့ ဓါတ်မတည့်ခြင်းနဲ့
- အစားအစာတစ်မျိုးတည်း စားနေခြင်း စတဲ့ လက္ခဏာတွေ ကြုံတွေ့ရနေပြီဆိုရင် ကလေးငယ်ကို အားဆေးတိုက်ပေးသင့်ပါတယ်။
ကလေးငယ်တွေကို ရွေးချယ်ပေးသင့်တဲ့ အားဆေးများ
ဗီတာမင်နဲ့ သတ္ထုဓါတ်ပါဝင်တဲ့ အားဆေး တွေက ကလေးငယ်တွေ အစားစားချင်စိတ်မြင့်တက်လာအောင် အကူအညီပေးပါတယ်။ တချို့အားဆေးတွေကလည်း ကလေးငယ်ရဲ့ အစားစားချင်စိတ်ကို ထိခိုက်စေပါတယ်။ ဒါကြောင့် ဆရာဝန်နဲ့ တိုင်ပင်ပြီးမှသာ တိုက်ကျွေးသင့်ပါတယ်။ ကလေးငယ်တွေအတွက် အဓိကလိုအပ်တဲ့ အားဆေးကတော့
ဇင့်
ကလေးငယ်မှာ ဇင့်ဓါတ်ချို့တဲ့နေတယ်ဆိုရင် အစားစာချင်စိတ်နည်းသွားနိုင်ပါတယ်။ ဒါကြောင့် ဇင့်ဓါတ်ပါတဲ့ အားဆေးကို တိုက်ကျွေးနိုင်ပါတယ်။ ဆရာဝန်နဲ့ တိုင်ပင်ပြီးမှ တိုက်ကျွေးပါ။
Vitamin B complex
ဗီတာမင် B1 ချို့တဲ့သွားတဲ့အခါ ကလေးငယ်မှာ အစားစာချင်စိတ်နည်းပြီး ကိုယ်အလေးချိန် လျော့နည်းသွားပါတယ်။ ဒါကြောင့် မေမေတို့အနေနဲ့ ဆရာဝန်နဲ့ တိုင်ပင်ပြီး တိုက်ကျွေးသင့်ပါတယ်။
ငါးကြီးဆီ
ငါးကြီးဆီက ကလေးငယ်ရဲ့ အစားစားချင်စိတ်ကို လှုံ့ဆော်ပေးပါတယ်။ အစာခြေစနစ်ကို တိုးတက်ကောင်းမွန်စေပြီး အစားစားချင်စိတ်ကို တိုးလာစေပါတယ်။ ငယ်လွန်းတဲ့ ကလေးငယ်တွေ ငါးကြီးဆီ တိုက်သင့်မတိုက်သင့်ကိုတော့ ဆရာဝန်နဲ့ တိုင်ပင်ပြီးမှ ဆုံးဖြတ်တာ အကောင်းဆုံးပါ။

အမျှင်ဓါတ်ပါတဲ့အစားအစာတွေက ကလေးငယ်တွေကို အစားစားချင်စိတ် တိုးလာစေပါတယ် (Photo by thetalkingdemocrat)
အားဆေးမတိုက်ဘဲ ကလေးငယ်ရဲ့ အစားစားချင်စိတ်ကို ဘယ်လိုမြင့်တင်ပေးမလဲ
- လွတ်လွတ်လပ်လပ်ဆော့ကစားခိုင်းပါ။ ကိုယ်လက်လှုပ်ရှားမှု ပြုလုပ်ခိုင်းပါ။ ကလေးငယ်ကို ငယ်စဉ်ကတည်းက အားကစားတစ်ခုခု စွဲမြဲအောင် ပြုလုပ်ခိုင်းပါ။ ဒီလို ကိုယ်လက်လှုပ်ရှားမှုတွေနဲ့ အားကစားပြုလုပ်တာတွေက ကလေးငယ်ကို အစားစားချင်စိတ် တိုးလာစေပါတယ်။
- အစားအစာကို အလှဆင်ပါ။ အစားအသောက်တွေကို ကလေးငယ်ကြိုက်နှစ်သက်တဲ့ အရုပ်ပုံစံလေးတွေပြုလုပ်ပါ။ အရောင်စုံလေးတွေဖြစ်အောင် ချက်ကျွေးပါ။ မကြာခဏ ပြောင်းကျွေးပါ။ ကလေးငယ်တွေကို ဆွဲဆောင်ဖို့အတွက် ကာတွန်းပုံစံပန်းကန်၊ ဇွန်းနဲ့ ခွက်တို့ကို ရွေးချယ်ပါ။
- အစားအသောက်ပုံစံကို မကြာခဏ ပြောင်းလဲပေးပါ။ အစားအစာအသစ်တွေကို ဆွဲဆောင်မှုဖြစ်အောင် ပြုလုပ်ပြီး ကလေးငယ်တွေနဲ့ မိတ်ဆက်ပေးပါ။
- ကလေးငယ်အတွက် အစားအသောက်ချက်ပြုတ်တဲ့အခါ သေသေချာချာအချိန်ပေးပြီး ချက်ပြုတ်ပါ။
- သစ်သီးဖျော်ရည်နဲ့ နွားနို့(အသက်တစ်နှစ်ကျော်ကလေးတွေအတွက်) ကို နေ့စဉ်တိုက်ကျွေးပေးပါ။ ဆိုဒါပါတဲ့ ဖျော်ရည်တွေနဲ့ အသင့်သောက်သုံးနိုင်တဲ့ ဖျော်ရည်ဘူးတွေကို ရှောင်ရှားပါ။
- အမျှင်ဓါတ်ကြွယ်ဝတဲ့ အစားအစာတွေကို များများကျွေးပါ။ အမျှင်ဓါတ်ပါတဲ့အစားအစာတွေက ကလေးငယ်တွေကို အစားစားချင်စိတ် တိုးလာစေပါတယ်။
မေမေတို့ရေ ကလေးငယ်က ပုံမှန်ဖွံ့ဖြိုးနေပြီး အစားအသောက်မှန်မှန်စားနေတယ်ဆိုရင် အားဆေးတိုက်ကျွေးဖို့ မလိုအပ်ကြောင်း Kalay ကနေ ပြောပြပေးလိုက်ပါတယ်။
Comments