သားသားမီးမီးလေးတွေအတွက် ရောဂါတွေ ကာကွယ်ပေးနိုင်တဲ့ ဗီတာမင်များ

by: Phyo Pyae Thu
 0 comments  1 love

ဗီတာမင် အမျိုးအစားပေါ် မူတည်ပြီး သွေးအားကောင်းစေဖို့၊ ကြွက်သားတွေ အားကောင်းစေဖို့၊ ဖွံ့ဖြိုးတိုးတက်စေဖို့ဆိုပြီး အမျိုးမျိုး အထောက်အကူပြုပါတယ်။

မေမေတို့ရေ ဗီတာမင်လို့ ဆိုလိုက်တာနဲ့ ကောင်းမွန်တဲ့ အားဆေးတစ်မျိုးဆိုတာ သိထားပြီးသား ဖြစ်မှာပါ။ ဗီတာမင် အမျိုးအစားပေါ် မူတည်ပြီး သားသားမီးမီးလေးတွေ သွေးအားကောင်းစေဖို့၊ ကြွက်သားတွေ အားကောင်းစေဖို့၊ ဖွံ့ဖြိုးတိုးတက်စေဖို့ဆိုပြီး အမျိုးမျိုး အထောက်အကူပြုပါတယ်။

ဒီတစ်ခါမှာတော့ Kalay က သားသားမီးမီးလေးတွေ ခန္ဓာကိုယ် ကိုယ်ခံအားကောင်းမွန်ပြီး ရောဂါပိုးတွေ လွယ်လွယ်ကူကူ ဝင်လို့ မရအောင် ကာကွယ်တားဆီးပေးနိုင်တဲ့ ဗီတာမင် အမျိုးအစားတွေကို ဖော်ပြပေးချင်ပါတယ်။

ဗီတာမင် C

အလွယ်တကူ အအေးမိတာမျိုးတွေ မရှိစေဖို့အတွက် ဗီတာမင် စီ ဓါတ် လိုအပ်ပါတယ် (Photo by WellVites)

ဖျားနာခြင်း သက်သာအောင်

သားသားမီးမီးလေးတွေဟာ ရေချိုးမှားတာလေးလောက်နဲ့တောင် နှာစေးပြီး ဖျားနာတတ်ပါတယ်။ ဒီလို အလွယ်တကူ အအေးမိတာမျိုးတွေ မရှိစေဖို့အတွက် ဗီတာမင် စီ ဓါတ် လိုအပ်ပါတယ်။ ဗီတာမင် စီ ဟာ ကလေးတွေမှာ ရက်ရှည် ဖျားနာခြင်းကိုလည်း အမြန်ဆုံး သက်သာစေပါတယ်။

ဗီတာမင် စီ ကို ဆေးအနေနဲ့လည်း ကလေးတွေကို တိုက်ကျွေးလို့ ရနိုင်တဲ့အပြင် အစားအစာတွေကနေလည်း ရအောင် ယူလို့ရပါတယ်။ ဆေးသောက်ဖို့ကိုတော့ ဆရာဝန်နဲ့တိုင်ပင်ဖို့ လိုပြီး အစားအစာကတော့ အသီးအနှံလေးတွေ များများ ကျွေးပေးပါနော်။

အသီးအနှံကျွေးနော် (Photo by  GSA)

ဗီတာမင် E

ဗီတာမင် E ကတော့ ကလေးတွေဆီမှာ free radical တွေကို ကြေပျက်စေပြီး ကလေးဆီမှာ ရှိသင့်တဲ့ ဆဲလ်တွေအားလုံးကို ကာကွယ်ပေးထားနိုင်ပါတယ်။ ဒါ့အပြင် ဗီတာမင် E မှာ antioxident တွေလည်း များစွာ ပါဝင်ပါသေးတယ်။ ဗီတာမင် E ကိုတော့ အစေ့အဆံနဲ့ ဟင်းသီးဟင်းရွက် အစိမ်းတွေကနေ ရရှိနိုင်ပါတယ်။

ဗီတာမင် A

သားသားမီးမီးလေးတွေကို ရောဂါတွေ ကင်းစေဖို့ နောက်ထပ် အကူအညီပေးနိုင်တဲ့ ဗီတာမင် တစ်မျိုး ရှိပါသေးတယ်။ အဲဒါကတော့ ဗီတာမင် A ပါ။ ဗီတာမင် A ဟာ သားသားမီးမီးလေးတွေမှာ အမြင်အာရုံနဲ့ ကျန်းမာရေးကို ကောင်းမွန်စေတဲ့ ဆဲလ်တွေကို ထိန်းသိမ်းပေးပါတယ်။

ဗီတာမင် A ပြည့်ဝနေတယ်ဆိုရင် မျက်စိရေဓါတ်ခမ်းခြင်းနဲ့ အသားအရည် ခြောက်တာတွေ မရှိနိုင်ပါဘူးနော်။ ဒါဆိုရင် သားသားမီးမီးလေးတွေမှာ အရေပြား ပြသနာတွေ ကင်းဝေးမှာပါ။

Kalay.com.mm မှ ရေးသားဖော်ပြနေသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များမှ Facebook Page များအတွက် ပြန်လည်ကူးယူခြင်း၊ ဆင်တူယိုးမှား ဖော်ပြခြင်းများ မပြုပါရန် လေးစားစွာ အသိပေးအပ်ပါသည်။
From Kalay with



Comments

0 comments
Latest video
Refer to more useful articles