မေမေတို့ရေ သားသားမီးမီးလေး အသက်(၆) လအရွယ် ရောက်လာပြီဆိုရင်တော့ ဖြည့်စွက်စာ စတင်ကျွေးလို့ ရနေပါပြီနော်။ ဗီတာမင်ဓါတ်တွေလည်း ပိုပြီးတော့ လိုအပ်လာပါပြီ။ ဘာလို့လဲဆိုတော့ (၆) လနောက်ပိုင်းမှာ ခန္ဓာကိုယ် လှုပ်ရှားမှုဖြစ်တဲ့ ဖွံ့ဖြိုးတိုးတက်မှုတွေ ပိုလာမှာ ဖြစ်တာကြောင့်ပါ။ (၆) လအရွယ်ကလေးတစ်ယောက်မှာ ဘယ်လိုဗီတာမင်တွေ လိုအပ်သလဲ၊ ဘယ်လိုအစားအစာတွေကနေ ရယူမလဲဆိုတာ ဖော်ပြလိုက်ပါတယ်နော်။
ကယ်လ်စီယမ်
(၆) လအရွယ်မှာ သားသားမီးမီးလေးတွေဟာ ကယ်လ်စီယမ်ဓါတ် အပြည့်အဝ လိုအပ်ပါတယ်။ ဘာလို့လဲဆိုတော့ ကလေးက ပိုပိုပြီး လှုပ်ရှားရတော့မှာ ဖြစ်လို့ပါ။ ကြွက်သားတွေနဲ့ အရိုးတွေ သန်မာဖို့ လိုပါတယ်။ (၈) လအရွယ်လောက်ဆိုရင် သွားလေးတွေလည်း စပေါက်တော့မှာ ဖြစ်တာကြောင့် အရိုးအဆစ် သန်မာစေတဲ့ ကယ်လ်စီယမ်တွေ လိုပါတယ်။
ဗီတာမင်ဒီ
ဗီတာမင်ဒီကတော့ ကလေးမှာ အမြဲလိုအပ်တဲ့ ဗီတာမင်တစ်မျိုးပါ။ ဗီတာမင်ဒီကို အစားအစာကနေ ရရှိနိုင်သလို နေရောင်ခြည်နုနုလေးကနေလည်း ရရှိနိုင်ပါတယ်။ ဗီတာမင်ဒီဓါတ် ချို့တဲ့တာတွေ ဖြစ်မယ်ဆိုရင် ရနိုင်တဲ့ ရောဂါတွေကိုလည်း ကာကွယ်ပြီးသား ဖြစ်မှာပါ။ ဒါ့အပြင် ဗီတာမင်ဒီက အစားအစာတွေကနေ ရရှိတဲ့ ကယ်လ်စီယမ်တွေကို ပိုမိုစုပ်ယူနိုင်ဖို့ အထောက်အကူပြုပါတယ်။
သံဓါတ်
မေမေတို့ရေ (၆)လအရွယ် သားသားမီးမီးလေးတစ်ယောက်ရဲ့ ဦးနှောက်ဖွံ့ဖြိုးမှုအတွက် သံဓါတ် မဖြစ်မနေ လိုအပ်ပါတယ်။ ဦးနှောက်ရဲ့ လုပ်ငန်းဆောင်တာတွေ ကောင်းမွန်စွာ လည်ပတ်ဖို့အတွက်နဲ့ ဦးနှောက်ဆီကို သတင်းအချက်အလက်တွေ မြန်ဆန်စွာ ပေးပို့နိုင်ဖို့ သံဓါတ်ကို လိုအပ်ပါတယ်။ သံဓါတ်ကို အနီရောင် အသား၊ ကြက်သား၊ ကြက်ဥ၊ ပဲအမျိုးမျိုးနဲ့ အစိမ်းရောင် အသီးအရွက်တွေကနေ ရရှိနိုင်ပါတယ်။ ဖြည့်စွက်စာထဲမှာ ထည့်ကျွေးပေးနော်။
ဗီတာမင် အေ
သားသားမီးမီးလေးတွေ ဗီတာမင် အေ လိုအပ်ပါတယ်။ မေမေတို့ရဲ့ နို့ချိုမှာ ဗီတာမင်အေ ပါဝင်ပါတယ်။ ဗီတာမင် အေဟာ သားသားမီးမီးလေးတွေရဲ့ အမြင်အာရုံအတွက် အထူး အရေးကြီးပါတယ်။
Comments