ကလေးယူဖို့ ဆုံးချက်ချလိုက်တာက ဇနီးမောင်နှံတွေအတွက် စိတ်လှုပ်ရှားစရာတွေ ကောင်းပါတယ်။ စိတ်လှုပ်ရှားစရာတွေရဲ့ နောက်ဆက်တွဲဖြစ်တဲ့ စိတ်ဖိစီးမှုတွေနဲ့ စိတ်လောတာတွေက ကိုယ်ဝန်ယူဖို့ ကြိုးစားနေချိန်မှာ အနှောင့်အယှက်တွေ ဖြစ်လာစေနိုင်တာကိုတော့ သတိထားပေးဖို့ လိုပါတယ်။ ကိုယ်ဝန်ယူဖို့ ကြိုးစားတဲ့နည်းလမ်းတွေကတော့ တစ်ယောက်နဲ့တစ်ယောက် တူညီကြမှာမဟုတ်ပါဘူး။ မှန်ကန်တဲ့ နည်းလမ်းတွေကို အသုံးပြုပြီး ကြိုးစားမှသာ စိတ်ရှုပ်တာတွေနဲ့ စိတ်ပင်ပန်းတာတွေ ကင်းဝေးမှာပါ။ ကိုယ်ဝန်ရဖို့အတွက် အချိန်ကာလတစ်ခုလည်းလိုသလို အခွင့်အရေးကိုလည်း ဖမ်းဆုပ်နိုင်ဖို့ လိုပါတယ်။

ကလေးယူဖို့ ဆုံးချက်ချလိုက်တာက ဇနီးမောင်နှံတွေအတွက် စိတ်လှုပ်ရှားစရာတွေ ကောင်းပါတယ် (Photo by Babyment)
ကြိုးစားချိန်ဘယ်လောက်ကြာနိုင်လဲ
စုံတွဲတိုင်းတော့ မတူညီကြပါဘူး။ ပုံမှန်အားဖြင့် အနည်းဆုံး(၆)လကနေ အများဆုံး(၁)နှစ်အထိကြာနိုင်ပါတယ်။ အချိန်(၁)နှစ်အထက်လည်းကြာနိုင်သလို (၁)လပဲ ကြိုစားလိုက်ရတဲ့ စုံတွဲတွေလည်းရှိပါတယ်။ တစ်ယောက်နဲ့ တစ်ယောက်တူညီနိုင်မှာမဟုတ်တာကြောင့် အိမ်ထောင်ဖက်ကို ဖိအားတွေမပေးဖို့လိုပါတယ်။ ဖိအားပေးလိုက်တဲ့အခါမှာ စိတ်ဖိစီးမှုတွေနဲ့ စိတ်ညစ်တာတွေဖြစ်လာခဲ့ရင် အချိန်ပိုကြာသွားနိုင်ပါတယ်။

မမျိုးဥကြွေတဲ့နေ့ကိုလည်း သိနေဖို့လိုပါတယ် (Photo by Mother and Baby)
အခွင့်အရေးကို ဖမ်းဆုပ်ခြင်း
ကျန်းမာတဲ့သုတ်ပိုးတွေ အရေအတွက်များဖို့နဲ့ မမျိုးဥများများကြွေဖို့က အရေးကြီးပါတယ်။ ဒါ့ကြောင့် ကိုယ်ဝန်ယူဖို့ ကြိုးစားနေတဲ့ စုံတွဲတွေအနေနဲ့ ကျန်းမာရေးနဲ့ညီတဲ့ နေထိုင်မှုပုံစံတစ်ခုကို ဖန်တီးပေးရပါမယ်။ မမျိုးဥကြွေတဲ့နေ့ကိုလည်း သိနေဖို့လိုပါတယ်။ မမျိုးဥကြွေချိန်မှာ အိမ်ထောင်ဖက်နဲ့ အတူတူနေဖို့လိုပါတယ်။
ကျန်းမာရေးကောင်းနေဖို့လို
ကျန်းမာရေးနဲ့ ညီညွှတ်တဲ့ နေထိုင်မှုပုံစံကို ထိန်းသိမ်းထားတာက ကိုယ်ဝန်ရဖို့ ကြိုးစားတဲ့အခါမှာ အကူအညီတွေ ရရှိစေပါတယ်။ ကိုယ်ဝန်ဆောင်စဉ်မှာ လိုအပ်တဲ့ အာဟာရဓာတ်တွေနဲ့ ဗီတာမင်တွေကိုလည်း ကိုယ်ဝန်ယူဖို့ ကြိုးစားနေချိန်မှာကတည်းက ကြိုတင်သောက်သုံးထားသင့်ပါတယ်။ ကိုယ်ဝန်ယူဖို့ ကြိုစားနေချိန်မှာ မကြာခင်ရရှိလာတော့မယ် သန္ဓေသားလောင်းအတွက် ဖောလိတ်နဲ့ ဖောလစ်အက်စစ်ကို အခုချိန်ကတည်းက ကြိုတင်မှီဝဲထားဖို့ လိုပါတယ်။
ဟင်းနုနွယ်ရွက်၊ ပဲ၊ ကညွတ်၊ လိမ္မော်သီးနဲ့ မြေပဲ စတဲ့အာဟာရကြွယ်ဝတဲ့ အသီးအနှံတွေကို စားပေးဖို့ လိုပါတယ်။နေထိုင်မှု ပုံစံပြောင်းလဲတာကလည်း ကိုယ်ဝန်ရဖို့ ကြိုးစားနေသူတွေကို အခွင့်အရေးရစေပါတယ်။ ဒါ့ကြောင့် ကိုယ်ဝန်ယူဖို့ ကြိုးစားနေတဲ့စုံတွဲတွေအနေနဲ့ ကိုယ်အလေးချိန်လျော့ချပေးသင့်ပါတယ်။ ဇနီးမောင်နှံ(၂)ဦးစလုံး ဆေးလိပ်၊အရက်ကို လျော့ချပြီး လေ့ကျင့်ခန်းမှန်မှန်ပြုလုပ်ခြင်းဖြင့် အခွင့်အရေးတွေ တိုးလာစေပါတယ်။
ကိုယ်ဝန်ယူဖို့ ကြိုးစားနေတဲ့ စုံတွဲတွေအနေနဲ့ မှန်ကန်တဲ့ နည်းလမ်းတွေကို အသုံးပြုတာက ကိုယ်ဝန်ရရှိစေမယ့် အခွင့်အရေးတွေ တိုးလာစေနိုင်ကြောင်းကို Kalay ကနေ ပြောပြပေးလိုက်တယ်နော်။
Comments