ကိုယ်ဝန်ရှိမရှိ အတိအကျ သိရဖို့ ဘယ်အချိန်မှာ ဆီးစစ်တံနဲ့ စစ်မလဲ

by: Phyo Pyae Thu
 0 comments  135 love

ကိုယ်ဝန်ရှိမရှိသိရဖို့အတွက် ဆီးစစ်တံနဲ့ဆီးစစ်တဲ့နည်းနဲ့ စစ်ကြည့်လို့ရပါတယ်။ ဆီးစစ်တဲ့အခါမှာ ဘယ်အချိန်မှာ စစ်ရင် တိကျတဲ့ရလာဒ်ရမလဲဆိုတာတော့ သိတဲ့သူ နည်းပါတယ်။

စစ်ရမယ့် အချိန်ကို အတိအကျ သိပါစေ (Photo by  Baby Advisor)

အလွယ်တကူစစ်မယ်

မေမေလောင်းဖြစ်ချင်တဲ့သူတို့ရေ ကိုယ်ဝန် ရှိမရှိ အတိအကျ သိရဖို့အတွက် ဆီးစစ်တံနဲ့ အိမ်မှာပဲ လွယ်လွယ်ကူကူ ဆီးစစ်တဲ့နည်းနဲ့ စစ်ကြည့်လို့ ရတယ်ဆိုတာကတော့ သိထားပြီးသား ဖြစ်မှာပါ။ ဆီးစစ်တဲ့အခါမှာ ဘယ်အချိန်မှာ စစ်ရင် တိကျတဲ့ရလာဒ်ရမလဲဆိုတာတော့ သိတဲ့သူ နည်းပါတယ်။ အများအားဖြင့်တော့ ဆီးစစ်တဲ့ပစ္စည်းနဲ့ စစ်တာဟာ မှန်ကန်ပါတယ်။

ကိုယ်ဝန်ရှိ၊ မရှိ

ပုံမှန်အားဖြင့်တော့ ရာသီမလာရင် ဆီးစစ်တံနဲ့ ကိုယ်ဝန် ရှိမရှိ စစ်ကြည့်ကြပါတယ်။ အများစုမှာ တိတိကျကျ အဖြေထွက်ပေမယ့် တချို့တွေကတော့ ကိုယ်ဝန်ရှိကြောင်း ပြပြီး တကယ်မရှိတာနဲ့ မရှိကြောင်းပြပြီး ရှိတာ တွေလည်း ဖြစ်တတ်ပါတယ်။ ဒါကြောင့် ရာသီမပေါ်တာ (၁) ပတ်အကြာမှာ မနက်စောနိုင်သမျှ စောစော စစ်ပါ။ ဒါက တိကျမှုကို ပေးစွမ်းနိုင်တဲ့ အကောင်းဆုံး အချိန်ပါ။

ချို့ယွင်းချက်

တချို့ ဆီးစစ်တံမှာ ကိုယ်ဝန်ရှိကြောင်းပြပြီး ကိုယ်ဝန် မရှိဘူးဆိုတာက သွေးဆုံးခြင်း၊ သန္ဓေသားက နေရာမှားပြီး တည်ရှိနေခြင်းနဲ့ မျိုးဥအိမ်တွေမှာ ချို့ယွင်းခြင်းတွေ ရှိနေတာကြောင့်ပါ။ ဒီအပြင် မျိုးအောင်ပြီးတဲ့ မျိုးဥဟာ သားအိမ်နံရံမှာ မကပ်တွယ်နိုင်ဘဲ ပျက်စီးသွားခြင်း၊ HCG ဟော်မုန်းပါတဲ့ မျိုးအောင်ဆေးတွေ သောက်ပြီး ခဏအကြာမှာ ကိုယ်ဝန်စစ်ဆေးမိမယ်ဆိုရင် ကိုယ်ဝန် ရှိကြောင်း လက္ခဏာ ပြပြီး တကယ်မရှိတာ ဖြစ်နိုင်ပါတယ်။ HCG ဟော်မုန်းဆိုတာဟာ မျိုးအောင်ြပီးတဲ့ ဥဟာ သားအိမ်နံရံမှာ တွယ်ကပ်ပြီးတော့ အချင်းကနေ ထွက်လာတဲ့ ဟော်မုန်းတစ်မျိုးပါနော်။

 

အချင်းကနေ ထွက်လာတဲ့ ဟော်မုန်းတစ်မျိုးပါနော် (Photo by Pinterest)

စောစစ်မိခြင်း

ကိုယ်ဝန်တကယ်ရှိနေပြီး မရှိဘူး ပြတာကတော့ ရာသီမပေါ်ခင် စောစောစီးစီး စစ်မိတာကြောင့် ဖြစ်နိုင်ပါတယ်။ ကိုယ်ဝန်ရှိချိန်မှ ထွက်တဲ့ HCG ဟော်မုန်းထွက်တဲ့ အချိန်ထက် စောပြီး စစ်မိတာကြောင့် ကိုယ်ဝန်မရှိဘူးဆိုတဲ့ အဖြေထွက်တာပါ။ ရာသီသွေးပျောက်ပြီး ၁ ပတ်ခန့်အကြာမှာ HCG ဟော်မုန်းကို ဆီးထဲတွင် စစ်ဆေးနိုင်ပါသည်။

ဆရာဝန်နဲ့ပြပါ

ကိုယ်ဝန်ရှိတယ်လို့ ဖော်ပြနေပြီး မသေချာဘူးဆိုရင်တော့ ဆရာဝန်နဲ့ ပြသင့်ပါတယ်နော်။ သွေးစစ်တာတွေနဲ့ အသံလှိုင်းဓါတ်မှန်ရိုက်တာတွေကတော့ ကိုယ်ဝန်ရှိကြောင်း လုံးဝ သိနိုင်တဲ့ အချက်တွေပါ။ အကယ်လို့များ ကိုယ်ဝန်မရှိဘူး ပြနေရင်လည်း သေချာချင်ရင်တော့ နောက်တစ်ပတ် အကြာမှာ ပြန်စစ်ပါနော်။ နောက်အပတ်မှာ ပြန်စစ်ရင်တောင် ကိုယ်ဝန်လည်း မရှိဘဲ ရာသီလည်း မလာဘူးဆိုရင်တော့ သေချာပေါက် ဆရာဝန်ပြပါနော်။

Kalay.com.mm မှ ရေးသားဖော်ပြနေသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များမှ Facebook Page များအတွက် ပြန်လည်ကူးယူခြင်း၊ ဆင်တူယိုးမှား ဖော်ပြခြင်းများ မပြုပါရန် လေးစားစွာ အသိပေးအပ်ပါသည်။
From Kalay with



Comments

0 comments
Latest video
Refer to more useful articles