နှလုံးရောဂါရှိတဲ့ မေမေလောင်းတွေ ကိုယ်ဝန်ရနိုင်လား

by: Phyo Pyae Thu
 0 comments  6 love

နှလုံးရောဂါရှိတဲ့ မေမေလောင်းတွေလည်း ကိုယ်ဝန်ရရှိနိုင်ပါတယ်နော်။ ကျန်းမာရေးကိုတော့ အထူးဂရုစိုက်ဖို့ လိုပါတယ်။ ဒါဆိုရင် အဆင်ပြေမှာပါ။

မွေးရာပါ နှလုံးရောဂါ ရှိတဲ့ အမျိုးသမီးတွေလည်း မေမေလောင်း ဖြစ်နိုင်ပါတယ် (Photo by HerFamily)

နှလုံးရောဂါရှိရင် ကိုယ်ဝန်ရနိုင်လား

နှလုံးရောဂါရှိတဲ့ အမျိုးသမီးတွေမှာ ကိုယ်ဝန်ရနိုင်လား ဒါမှမဟုတ် မွေးဖွားရရော လွယ်ကူမှာလားဆိုတာက မေးစရာ မေးခွန်းတွေထဲက တစ်ခုပါပဲ။ မွေးရာပါ နှလုံးရောဂါ ရှိတဲ့ အမျိုးသမီးတွေလည်း မေမေလောင်း ဖြစ်နိုင်ပါတယ်။ ဆိုလိုတာကတော့ ပုံမှန် ကိုယ်ဝန်ဆောင်သည်တွေလိုပဲ ကိုယ်ဝန်ရရှိနိုင်ပါတယ်။ ဒါပေမယ့် ကျန်းမာရေးကိုတော့ အထူးဂရုစိုက်ရမှာ ဖြစ်ပြီး ဆောင်ရန် ရှောင်ရန်လေးတွေတော့ လိုက်နာဖို့ လိုပါတယ်နော်။

ဆရာဝန်နဲ့ ပြပါ

မေမေလောင်းတို့မှာ ကိုယ်ဝန် ရချင်တယ်၊ ကိုယ်ဝန် ယူချင်တယ်လို့ စိတ်ကူးရှိကတည်းက ဆရာဝန်နဲ့ အရင်ဆုံး ပြဖို့ လိုပါတယ်။ ကိုယ့်မှာ နှလုံးရောဂါ ရှိနေကြောင်းလည်း ဆရာဝန်ကို ပြောပြဖို့ လိုပါတယ်။ဆရာဝန်က ဘယ်နှစ်လ တစ်ကြိမ် ဆေးစစ်ချက် လုပ်ရမယ်ဆိုတာ ပြောပြမှာပါ။ ဒီအခါမှာ လိုက်နာဖို့ လိုပါတယ်နော်။

ကျန်းမာရေးကိုတော့ အထူးဂရုစိုက်ရမှာပါ (Photo by Dot app)

ဆေးတွေမေးပါ

မေမေလောင်းတို့မှာ ကိုယ်ဝန် မရခင်တည်းက နှလုံးရောဂါအတွက် သောက်နေရတဲ့ ဆေးတွေလည်း ရှိကောင်းရှိနိုင်ပါတယ်။ ကိုယ်ဝန်ရပြီဆိုရင် ဆရာဝန်က ကိုယ်ဝန်အတွက် သင့်တော်တဲ့ ဆေးတွေကိုပါ ပေးမှာပါ။ ဒါကြောင့် ကိုယ်သောက်ရတဲ့ ဆေးတွေလည်း ပြောပြပေးပါနော်။

နှလုံးရောဂါရှိသူရဲ့ အခက်အခဲ

ကိုယ်ဝန်ဆောင်ချိန်အတွင်းမှာ နှလုံးဟာ ပုံမှန်ထက် (၄၀%) ပိုပြီး အလုပ်လုပ်ရပြီး သွေးကြောတွေကတော့ သွေးတွေကို လက်ခံပေးဖို့အတွက် ကျယ်လာရပါတယ်။ ဒါကြောင့်မို့ သွေးပေါင်ချိန်ကျလာတယ်၊ သွေးလည်း ခဲနိုင်ပါတယ်။ ဒီဖြစ်စဉ်ကတော့ ကလေးမွေးတဲ့အခါ သွေးထွက်မလွန်စေဖို့ ကာကွယ်ပြီးသားတော့ ဖြစ်ပါတယ်။ ပုံမှန်နှလုံးဟာ ဒီလို အခြေအနေမှာ အဆင်ပြေနိုင်ပေမယ့် နှလုံးရောဂါရှိသူအဖို့ အခက်အခဲ ကြုံရနိုင်ပါတယ်။

ခွဲမွေးမလား၊ ရိုးရိုးမွေးမလား

နှလုံးရောဂါရှိလည်း ပုံမှန် သဘာဝအတိုင်းပဲ ကလေးမွေးနိုင်ပါတယ်။ လိုအပ်ရင်တော့ ခွဲစိတ်မှု ပြုလုပ်ရမှာပါ။ ဒါကလည်း ဆရာဝန် အကြံဉာဏ်ပေးမှာပါနော်။ နှလုံးရောဂါရှိတဲ့ မေမေလောင်းတွေ သိထားဖို့လိုတာကတော့ ကိုယ်ဝန်ပျက်ကျတာ၊ အလေးချိန်မပြည့်တာ၊ လမစေ့ဘဲ မွေးတာတွေ ဖြစ်လာနိုင်ပါတယ်။

ဒါတွေ မဖြစ်စေဖို့ ကြိုတင် ကာကွယ်လို့ရတဲ့ နည်းလမ်းတွေလည်း ရှိပါတယ်။ ကျန်းမာရေး ဆေးစစ်ချက်များ ပုံမှန်လုပ်ပါ၊ညွှန်ကြားတဲ့ ဆေးများအတိုင်း သောက်သုံးပါ၊ ကောင်းကောင်း အနားယူပါ၊ ကိုယ်အလေးချိန် ထိန်းသိမ်းပါ၊ စိတ်ကျန်းမာရေးကို ဂရုစိုက်ပါ၊ ဆေးလိပ်၊ အရက်ရှောင်ပါနော်။

Kalay.com.mm မှ ရေးသားဖော်ပြနေသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များမှ Facebook Page များအတွက် ပြန်လည်ကူးယူခြင်း၊ ဆင်တူယိုးမှား ဖော်ပြခြင်းများ မပြုပါရန် လေးစားစွာ အသိပေးအပ်ပါသည်။
From Kalay with



Comments

0 comments
Latest video
Refer to more useful articles