အသက်(၃)နှစ်အရွယ် သားသားမီးမီးလေးတွေ ဖွံ့ဖြိုးအောင် ပြုလုပ်ပေးရမယ့် အရာများ

by: Nang Htwe
 0 comments  0 love

သားသားမီးမီးလေးတွေ အသက်(၃)နှစ်ထဲကို ရောက်လာတဲ့အခါမှာ အသက်ရွယ်တူတဲ့ သူငယ်ချင်းတွေနဲ့ လိုက်ရောညီထွေအောင် နေထိုင်လာပြီး ဖြတ်ထိုးဥာဏ်ကို အသုံးပြုနိုင်လာပါတယ်။

အသက်(၃)နှစ်အရွယ်က ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာပါ အကောင်းဆုံးဖွံ့ဖြိုးတိုးတက်တဲ့ အရွယ်ဖြစ်ပါတယ်။ ဒီအချိန်မှာ မေမေဖေဖေတို့ရဲ့ အားပေးထောက်ခံမှုနဲ့ လမ်းညွှန်မှုတွေ မရှိမဖြစ်လိုအပ်လာပါတယ်။ သင်ကြားမှုစွမ်းရည် တိုးတက်ဖို့အတွက် မေမေဖေဖေတို့က သူတို့လေးတွေရဲ့ ဆရာ၊ဆရာမတွေနဲ့ မကြာခဏ ဆွေးနွေးပေးဖို့လိုပါတယ်။ ဒီလိုဆွေးနွေးမှုတွေကနေ သားသားမီးမီးလေးတွေရဲ့ လိုအပ်ချက်တွေကို သိရှိလာစေပါတယ်။

အသက်(၃)နှစ်အရွယ်က ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာပါ အကောင်းဆုံးဖွံ့ဖြိုးတိုးတက်တဲ့ အရွယ်ဖြစ်ပါတယ် (Photo by howtoadult)

ဖွံ့ဖြိုးမှု ရပ်တန့်တာတွေနဲ့ နှေးကွေးတာတွေ မရှိစေဖို့အတွက်

ကျန်းမာရေးကို အထူးဂရုစိုက်ရပါမယ်နော်။ သားသားမီးမီးလေးတွေကို ဆရာဝန်နဲ့ ပုံမှန်ပြပြီး ဖွံ့ဖြိုးတိုးတက်မှုကို ဆွေးနွေးပါ။ ဒီလို ဆွေးနွေးဖို့အတွက် ကလေးရဲ့ အလေးချိန်နဲ့ အရပ်ကို တိုင်းတာထားပါ။ တစ်လကို တစ်ကြိမ်လောက် လုပ်ပေးတာ ပိုကောင်းတယ်နော်။ တစ်နေ့ကို ကလေး ဘယ်နှနာရီလောက် အိပ်လဲ၊ ဘယ်လိုအစားအစာကြိုက်လဲ ဘယ်လောက်စားသလဲ။ ဒါလေးတွေ သိထားရမှာဖြစ်ပြီး ဆရာဝန်နဲ့တွေ့တဲ့အခါ ဖွံ့ဖြိုးမှု မှန်မမှန် သိနိုင်ဖို့ ပြောပြပေးပါ။

ကြွက်သားဖွံ့ဖြိုးမှုအတွက် လေ့ကျင့်ပေးသင့်တာလေးတွေက

သားသားမီးမီးလေးတွေ လှေကားထစ်လေး တက်နိုင်အောင် တစ်ထစ်ခြင်း လေ့ကျင့်ပေးရပါမယ်နော်။ နောက်တော့ ဘောလုံးလေးတွေ ဟိုဘက်၊ ဒီဘက်ပစ်တာလေးတွေလည်း လေ့ကျင့်ပေးဖို့ လိုပါသေးတယ်။ ဘီး (၃) ဘီး ပါတဲ့ စက်ဘီးလေးတွေလည်း စီးတတ်ဖို့ သင်ပေးကြည့်ပါဦး။  ဒါလေးတွေက ကြွက်သား သန်မာလာစေမယ့် နည်းလမ်းကောင်းလေးတွေပါ။

(၃) နှစ်အရွယ် သားသားမီးမီးလေးတွေမှာ ချစ်စရာအကောင်းဆုံးကတော့

စကားလေးတွေ မပီမသလေးပြောခြင်းပါပဲ။ ဒီအရွယ်မှာ သားသားမီးမီးလေးတွေဟာ စကားလုံးတွေက အရမ်း ပီပီသသ မပြောနိုင်သေးလောက်ပါဘူး။ ဒါပေမယ့် အလုံးရေ (၂၀၀) လောက်တော့ သူတို့ သိနေပါပြီ။ သူတို့ စကားလုံးများများ ပြောတတ်ဖို့ဆိုတာကတော့ သူတို့လေးတွေ ရှေ့မှာ စကားများများ ပြောပေးပါနော်။ (၃) နှစ်အရွယ် သားသားမီးမီးလေးတွေဆိုတာ အအိပ်၊ အစား၊ အဆော့မှန်ရင်ကို ဖွံ့ဖြိုးမှုက မှန်နေပါပြီ။ ဒီတော့ အအိပ်ကိုလည်း ဦးစားပေးရပါမယ်နော်။ အိပ်ချိန်ကတော့ နေ့လည်ခင်းတွေမှာလည်း သိပ်သင့်သလို အားလုံးပေါင်း အိပ်ချိန် နာရီ(၁၀) နာရီ ရှိသင့်ပါတယ်။

အသက်(၃)နှစ်သားသားမီးမီးလေးတွေရဲ့ ကျွမ်းကျင်မှုများ

  • ပြေးနိုင်ခြင်း
  • မြေပြင်ကနေ အမြင့်ကိုခုန်နိုင်ခြင်း
  • အရာဝတ္ထုတွေကို အဝေးသို့ ပစ်နိုင်ခြင်း
  • ဘောလုံးဆော့ကစားခြင်း
  • အတားအဆီးတွေကို ခုန်နိုင်ခြင်း
  • ကန်နိုင်ခြင်း
  • လှေကားအတက်အဆင်း ကောင်းကောင်းမွန်မွန်ပြုလုပ်လာနိုင်ခြင်း
  • ကလေးစီးစက်ဘီးကို ကျွမ်းကျင်စွာ စီးနိုင်ခြင်း
  • ထမင်းစားတဲ့အခါမှာ ဇွန်းကို ကျွမ်းကျင်စွာကိုင်နိုင်လာခြင်း
  • ခဲတံကိုအသုံးပြုပြီး စက်ဝိုင်းတွေကို ကျွမ်းကျင်စွာဆွဲနိုင်လာခြင်း
  • အင်္ကျီမှာပါတဲ့ဇစ်တွေကို အဖြုတ်အတပ်ပြုလုပ်နိုင်လာခြင်း
  • လက်ကိုအသုံးပြုပြီး အစားအစာတွေကို ကျွမ်းကျွမ်းကျင်ကျင်စားနိုင်လာခြင်း
  • စာရွက်သို့မဟုတ် စက္ကူအပေါ်မှာ ခဲတံကိုအသုံးပြုပြီး ကျွမ်းကျွမ်းကျင်ကျင်ရေးခြစ်နိုင်လာခြင်းနဲ့
  • ရေကိုမဖိတ်အောင် သောက်နိုင်ခြင်း စတဲ့အပြုအမူတွေကို ကျွမ်းကျွမ်းကျင်ကျင်ပြုလုပ်လာတာကို မေမေဖေဖေတို့တွေ့ရမှာပါ။

အသက်ရွယ်တူတဲ့ သူငယ်ချင်းတွေနဲ့ လိုက်ရောညီထွေအောင် နေထိုင်လာပါတယ် (Photo by laygojeen)

ဘာသာစကား ကျွမ်းကျင်မှုများ

  • ပတ်ဝန်းကျင်က နာမည်တွေကို မှတ်သားထားနိုင်ခြင်း
  • အထက်၊ အောက်၊ ဘေး၊ ရှေ့၊ နောက်တို့ကို ခွဲခြားတတ်လာခြင်း
  • စကားလုံးအတိုလေးတွေကို ပေါင်းစပ်ပြောလာခြင်း
  • နမ်စားအသုံးပြုတာ ကျွမ်းကျင်လာခြင်း (ငါ၊ သင်၊ နင်)
  • ရိုးရှင်းတဲ့ မေးခွန်းတွေကို နားလည်လာခြင်း
  • အမူအရာလေးတွေကို ပြုလုပ်တတ်လာခြင်း
  • ဖြတ်ထိုးဥာဏ်ကို အသုံးပြုလာခြင်း
  • မေမေဖေဖေတို့ရဲ့ နာမည်တွေကို မှတ်မိလာခြင်း
  • အရာဝတ္ထုတွေရဲ့ နာမည်တွေကို စိတ်ဝင်စားလာခြင်းနဲ့
  • အရောင်တွေကို ခွဲခြားနိုင်လာခြင်း စတဲ့ ဖွံ့ဖြိုးမှုတွေကို မေမေဖေဖေတို့တွေ့ရမှာပါ။

သားသားမီးမီးလေးတွေရဲ့ ဖွံ့ဖြိုးမှုတွေက မေမေဖေဖေတို့ရဲ့ ဂရုစိုက်စောင့်ရှောက်မှုတွေပေါ်မှာ အများကြီးမူတည်နေတာကြောင့် မှန်ကန်စွာလမ်းညွှန်ပေးဖို့ Kalay ကနေ တိုက်တွန်းလိုက်ပါတယ်။

From Kalay with


Comments

0 comments
Latest video