ကလေးလေး မထွားလို့ မေမေစိတ်ညစ်နေပြီလား

by: Nang Htwe
 4 comments  0 love

အာဟာရဆိုင်ရာ အထူးကု ဆရာမကြီး ဒေါက်တာဝင်းဝင်းမြင့် ကနေ ပြန်လည်ဆွေးနွေးပြောပြထားတာဖြစ်ပါတယ်။

ကလေးငယ်တွေမှာ အသက်အရွယ်အလိုက် ရှိသင့်ရှိထိုက်တဲ့ ကိုယ်အလေးချိန်ထက် နည်းနေတယ်ဆိုရင် အစားအသောက်ကို စနစ်တကျ ကျွေးဖို့လိုအပ်နေပါပြီ။ အာဟာရက ကလေးငယ်ရဲ့ ဥာဏ်ရည်ဖွံ့ဖြိုးမှုနဲ့ ကြီးထွားမှုကို ဆက်စပ်နေပါတယ်။ “ကျန်းမာပျော်ရွှင် ကလေးတို့ကမ္ဘာတခွင်” ဆိုတဲ့ ခေါင်းစဉ် နဲ့ မေမေတို့ရဲ့ ရင်သွေးလေးတွေ အာဟာရနဲ့ ပတ်သက်လို့ လိုအပ်မှုတွေ ၊ နည်းစနစ်မကျတာတွေ အပြင် တခြားသိရှိလိုတာတွေကို မေးမြန်းထားတဲ့ အစီအစဉ်လေးပါ။ ဒီတပတ်မှာတော့ ကလေးဥာဏ်ရည်နဲ့စားတဲ့ အစာအာဟာရဆက်စပ်မှုအကြောင်းကို အခြေခံပြီး မေမေတွေက မေးထားတဲ့ မေးခွန်းတွေကို အာဟာရဆိုင်ရာ အထူးကု ဆရာမကြီး ဒေါက်တာဝင်းဝင်းမြင့် ကနေ ပြန်လည်ဆွေးနွေးပြောပြထားတာဖြစ်ပါတယ်။

အာဟာရဆိုင်ရာ အထူးကု ဆရာမကြီး ဒေါက်တာဝင်းဝင်းမြင့် နဲ့ မေမေများ (Photo by Kalay.com.mm)

ကလေးတို့ဥာဏ်ရည်နဲ့ အာဟာရ ဆက်စပ်နေပုံ

ကလေးတို့ဥာဏ်ရည်က အာဟာရနဲ့ ဆက်စပ်နေပုံကို အာဟာရဆိုင်ရာ အထူးကုဆရာမကြီး ဒေါက်တာဝင်းဝင်းမြင့်က အခုလို ပြောပြထားပါတယ်။

အာဟာရကောင်းကောင်းသာ မကျွေးခဲ့ဘူးဆိုရင် ဥာဏ်ရည်ကလည်း သိပ်မထက်မြက်နိုင်ဘူး။ အခုခေတ်မှာဆိုရင် ဦးနှောက်ဖွံ့ဖြိုးရေးကို သွားတာပေါ့နော်။ ကလေးလေးက ကြီးထွားလာမယ်။ ကြီးထွားလာတာက သာမန်ကြီးထွားလာတာမဟုတ်ဘဲနဲ့ ကလေးလေးရဲ့ ဥာဏ်ရည်ကို ပိုပိုပြီးကောင်းမွန်လာအောင် ရည်ရွယ်တဲ့ အတွက်ကြောင့် အာဟာရပြည့်ဝရေးနဲ့ ဒီမေမေတွေနဲ့ သေချာစွာကျွေးမွေးစောင့်ရှောက်ခြင်းက အရေးကြီးတယ်လို့ ပြောချင်ပါတယ်။

ကလေးလေးတွေကို တစ်ရက် အသား(၁၀)သားကျွေးရမယ် (Photo by Today Show)

မေမေတွေနဲ့ အာဟာရဆိုင်ရာ အထူးကု ဆရာမကြီး ဒေါက်တာဝင်းဝင်းမြင့် တို့ရဲ့ အမေးအဖြေများ

အမေး : သားလေးက (၄)နှစ်ဆိုပေမယ့် ပေါင်ချိန်က (၂၉) ပေါင်ပဲရှိလို့ အစားကို အာဟာရပြည့်အောင် ဘယ်လိုကျွေးသင့်ပါသလဲ။ သားလေးက အာဟာရပြည့်တဲ့ဟာတွေဆိုရင် သိပ်မစားဘူး။ ဒါကြောင့် တခြားအာဟာရပြည့်တဲ့ ဘာအစားအစာတွေကို ကျွေးသင့်ပါသလဲ။

အဖြေ : ကလေးလေးတွေက အသက်(၄)နှစ်ဆိုရင် ဝိတ်က ပေါင်(၃၀) အထက် ဖြစ်ရတော့မယ်။ (၂)နှစ်နဲ့ (၃)နှစ်ကြားမှာတောင် ဝိတ်က (၂၈)နဲ့ (၃၂)ကြားဆိုတော့ (၄)နှစ်ဆိုတော့ ပေါင်(၄၀)လောက် လိုချင်တယ်။ ဒါပေမယ့်လည်း တချို့ကလေးတွေက မပြည့်ဘူးပေါ့။ ကလေးတွေကို အဓိကကျွေချင်တာက အသားဓါတ်ပေါ့နော်။ အသားဓါတ်က သိပ်ပြီးတော့ အရေးကြီးပါတယ်။ ဘာလို့လဲဆိုတော့ ကလေးတွေရဲ့ ခန္ဓာကိုယ် ထွာကျိုင်းဖို့အတွက်ရယ်၊ အရပ်မြင့်ဖို့အတွက် အသားလေးတွေကိုတော့ အဓိကထား ကျွေးစေချင်ပါတယ်။ ကလေးလေးက အသားကြိုက်တယ်ဆိုရင်တော့ တစ်ပန်းသာသွားပြီ။ ကလေးလေးတွေကို တစ်ရက် အသား(၁၀)သားကျွေးရမယ်။ မနက်စာ၊ နေ့လည်စာနဲ့ ညနေစာ ကျွေးတယ်ဆိုရင် (၃)ကျပ်သားစီ ခွဲကျွေးလို့ရတယ်။ ဒါမှမဟုတ် မနက်ပိုင်းမှာ မုန့်ဟင်းခါးတို့ ပဲပြုတ်တို့နဲ့ ထမင်းစားလိုက်တယ်ဆိုရင် နေ့လည်မှာ (၅)ကျပ်သားနဲ့ ညနေမှာ (၅)ကျပ်သား ကျွေးလို့ရတယ်။ အရွက်တွေလည်းစားတယ်ဆိုရင် ကျန်းမာရေးအတွက် ကောင်းတယ်။ ဒါပေမယ့် အသားဓါတ်လည်း လိုမယ်။ ဒါက ကလေးငယ်ရဲ့ ခန္ဓာကိုယ် ထွားကျိုင်းဖို့အတွက်ပါ။ နောက်တစ်ခုကျတော့ အစာအိမ်၊ အူလမ်းကြောင်းမှာ ကောင်းတဲ့ ပိုးတွေ ရှိဖို့လည်း အရေးကြီးတယ်။ ဒါကြောင့်မို့ ဒိန်ချဉ်ကိုလည်း ကျွေးဖို့ အရေးကြီးတယ်။ အဓိက (၄)မျိုးပေါ့နော်။

(၁) အသားငါး (၁၀)ကျပ်သား စားမယ်။

(၂) ကြက်ဥ (၂)လုံးစားမယ်။

(၃) နို့ (၅၀၀)cc သောက်မယ်။ ဒိန်ချဉ်လေးတစ်ခွက်သောက်မယ်။

(၄) အသီးအနှံနဲ့ ဟင်းသီးဟင်းရွက်တွေ မျှမျှတတစားသွားမယ်ဆိုရင် ကလေးငယ်က ပြန်ပြီးပြည့်လာနိုင်ပါတယ်။

နောက်အပတ်မှာလည်း Kalay ကနေ  အာဟာရဆိုင်ရာ အထူးကုဆရာမကြီး ဒေါက်တာဝင်းဝင်းမြင့်နဲ့ မေမေတို့ရဲ့ အမေးအဖြေတွေကို ဆက်ပြီး ဖော်ပြပေးဦးမယ်နော်။

 

Kalay.com.mm မှ ရေးသားဖော်ပြနေသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များမှ Facebook Page များအတွက် ပြန်လည်ကူးယူခြင်း၊ ဆင်တူယိုးမှား ဖော်ပြခြင်းများ မပြုပါရန် လေးစားစွာ အသိပေးအပ်ပါသည်။
From Kalay with

Tag: doctorfor mominterview


Comments

0 comments
Latest video
Refer to more useful articles
x