မေမေ့သားသားမီးမီးတွေ အရပ်ရှည်ပြီး ခန္ဓာကိုယ်ကြီးထွားလာအောင်

by: Nang Htwe
 0 comments  2 love

အာဟာရလိုအပ်မှု ရှိနေတာလား၊ အားကစားနဲ့ ပြေးလွှားဆော့ကစားခြင်းနည်းတာလား စတဲ့ ဖြစ်နိုင်ချေတွေကို ရှာဖွေရပါမယ်

သားသားမီးမီးတွေ အရွယ်ရောက်လာတာနဲ့အမျှ အရပ်ရှည်လာပါတယ်။ အသက်အရွယ်လိုက်ပြီး ရှိသင့်ရှိထိုက်တဲ့ ကိုယ်အလေးချိန်နဲ့ အရပ်အမောင်း ပိုင်ဆိုင်ထားရပါမယ်။ တခါတလေမှာ သားသားမီးမီးတွေ အရပ်ရှည်မလာတာနဲ့ မထွားတာမျိုး မေမေတို့ ကြုံရပါတယ်။ ဒီလိုပြဿနာ ကြုံရပြီဆိုရင်တော့ မေမေတို့ အဖြေရှာရပါမယ်။ မကြာခဏ နေမကောင်းဖြစ်တာကြောင့်လား၊ အာဟာရလိုအပ်မှု ရှိနေတာလား၊ အားကစားနဲ့ ပြေးလွှားဆော့ကစားခြင်းနည်းတာလား စတဲ့ ဖြစ်နိုင်ချေတွေကို ရှာဖွေရပါမယ်။

သားသားမီးမီးတွေ အရွယ်ရောက်လာတဲ့အမျှ အရပ်ရှည်လာပါတယ် (Photo by Maginside)

နာတာရှည်ကူးစက်ရောဂါခံစားနေရတဲ့ သားသားမီးမီးတွေကလွဲပြီး နေကောင်းပြီး ကျန်းမာတဲ့ သားသားမီးမီးတွေ ကြီးထွားမှုနည်းတာ ဒါမှမဟုတ် အရပ်မရှည် ဘူးဆိုရင်  အာဟာရ၊ အိပ်စက်ချိန်နဲ့ ပြေးလွှားလှုပ်ရှားဆော့ကစားခြင်း စတဲ့အရာတစ်ခုခု လိုအပ်ချက်ရှိနေလို့ပါ။ သားသားမီးမီးတွေ ကြီးထွားဖွံ့ဖြိုးဖို့ အာဟာရ၊ အိပ်စက်ချိန်နဲ့ ပြေးလွှားဆော့ကစားချိန် အထူးလိုအပ်ပါတယ်။

အိပ်စက်ချိန်

သားသားမီးမီးတွေက လူကြီးတွေထက် အိပ်ချိန် ပိုလိုအပ်ပါတယ်။ ကြီးထွားဖွံ့ဖြိုးမှုမှာ အိပ်ချိန်ကလည်း အရေးကြီးတဲ့နေရာကနေ ပါဝင်နေပါတယ်။ အိပ်စက်ခြင်းဖြင့် ကြီးထွားစေတဲ့ ဟော်မုန်းတွေကို ထုတ်လုပ်ပေးပါတယ်။ (၃) နှစ်ကနေ (၅) နှစ်အတွင်း သားသားမီးမီးတွေဟာဆိုရင် တစ်ရက် ညအိပ်ချိန်စုစုပေါင်း (၁၁)နာရီကနေ (၁၃)နာရီအထိ လိုအပ်ပါတယ်။ (၅) နှစ်အထက် သားသားမီးမီးတွေကတော့ အိပ်ချိန် (၁၀)နာရီနဲ့ (၁၁)နာရီကြား လိုအပ်ပါတယ်။ ဒါကြောင့် သားသားမီးမီးတွေအတွက် အိပ်စက်ခြင်းက အလွန်အရေးကြီးပါတယ်။ မေမေ့သားသားမီးမီးလေးတွေ ကြီးထွားဖွံ့ဖြိုးမှု နှေးနေတယ်ဆိုရင် အိပ်ချိန်ပြည့်မပြည့် သတိထားစောင့်ကြည့်ပေးပါ။

ပြေးလွှားဆော့ကစားခြင်း ဒါမှမဟုတ် အားကစား

ပြေးလွှားဆော့ကစားတာနဲ့ အားကစားပြုလုပ်တာက သားသားမီးမီးတွေအတွက် အလွန်အရေးကြီးပါတယ်။ ငယ်စဉ်ကတည်းက အားကစားတစ်ခုခုကို မှန်မှန်ပြုလုပ်လာခဲ့တဲ့ သားသားမီးမီးတွေဟာဆိုရင် အရွယ်ရောက်လာတဲ့အခါ သက်တူရွယ်တူတွေထက် အရပ်ပိုရှည်တာကို တွေ့ရပါတယ်။ ဒါကြောင့် သားသားမီးမီးတွေ အရပ်ပုတာမျိုးမဖြစ်ရလေအောင် တစ်နေကုန်တီဗီနဲ့ ဖုန်းပြတာမျိုး ကန့်သတ်လိုက်ပြီး ပြေးလွှားဆော့ကစားခိုင်းပါ။ ငယ်စဉ်ကတည်းက သူတို့တွေ ဝါသနာပါတဲ့ အားကစားတစ်မျိုးမျိုးကို စွဲစွဲမြဲမြဲ ပြုလုပ်ခိုင်းပါ။

သားသားမီးမီးတွေ အရပ်ရှည်ပြီး ကြီးထွားဖွံ့ဖြိုးဖို့ အစားအသောက်က အဓိက အလွန်အရေးကြီးပါတယ် (Photo by freepik.com)

အစားအသောက်

သားသားမီးမီးတွေ အရပ်ရှည်ပြီး ကြီးထွားဖွံ့ဖြိုးဖို့ အစားအသောက်က အဓိက အလွန်အရေးကြီးပါတယ်။ ဗီတာမင်နဲ့ သတ္ထုဓါတ်တွေ စုံစုံလင်လင် ရနေဖို့ လိုအပ်ပါတယ်။ ပရိုတိန်းနဲ့ ကယ်ဆီယမ်တို့ လုံလုံလောက်လောက်ရနေရပါမယ်။ ကြက်သား၊ အမဲသား၊ ဆိတ်သား၊ ဝက်သား၊ ငါး ၊ ပဲအမျိုးမျိုး စတဲ့ ပရိုတိန်းကြွယ်ဝတဲ့ အစားအစာတွေကို နေ့စဉ်ကျွေးပါ။ ဟင်းသီးဟင်းရွက်နဲ့ အသီးအနှံတွေကိုလည်း နေ့တိုင်းကျွေးဖို့ မမေ့ပါနဲ့။

နို့နဲ့ နို့ထွက်ပစ္စည်း

သားသားမီးမီးတွေ အရပ်ရှည်ပြီး ဖွံ့ဖြိုးဖို့အတွက် နို့နဲ့ နို့ထွက်ပစ္စည်းတွေကို နေ့တိုင်းကျွေးဖို့ လိုအပ်ပါတယ်။ နို့မှာ ကယ်ဆီယမ်ဓါတ် မြင့်မားစွာပါဝင်ပါတယ်။ အရိုးတွေကြီးထွားဖို့ သွားတွေခိုင်မာဖို့ လုံးဝအက္ခရာပါ။ ဟင်းသီးဟင်းရွက်တွေကနေလည်း ကယ်ဆီယမ်ဓါတ်ရနိုင်ပါတယ်။ ဒါပေမယ့် နို့ကရတဲ့ ကယ်ဆီယမ်ဓါတ်က ခန္ဓာကိုယ်အတွက် အကောင်းဆုံးပါပဲ။ နို့မှာ ပရိုတိန်းဓါတ်ကြွယ်ဝစွာပါဝင်တာကြောင့် သားသားမီးမီးတွေ အရပ်ရှည်ဖို့နဲ့ ကြီးထွားဖွံ့ဖြိုးဖို့ လိုအပ်တဲ့ စွမ်းအင်နဲ့ အဆီကိုပေးပါတယ်။

နို့မှာ ဗီတာမင် A နဲ့ B အုပ်စုတို့လည်းပါဝင်ပါတယ်။ အသက်(၂) နှစ်ကနေ (၃) နှစ်အတွင်း သားသားမီးမီးတွေက တစ်ရက်လျှင် ကယ်ဆီယမ်ဓါတ် (၅၀၀)မီလီဂရမ်လိုအပ်ပြီး အသက်(၄) နှစ်နဲ့ (၅) နှစ်မှာတော့ (၇၀၀)မီလီဂရမ် လိုအပ်ပါတယ်။ လိုအပ်တဲ့ ကယ်ဆီယမ်ဓါတ်ကို နွားနို့အပြင် ဒိန်ချဉ်နဲ့ ချိစ့်တို့ကနေလည်း ရယူနိုင်ပါတယ်။ ကယ်ဆီယမ်ဓါတ် လုံလုံလောက်လောက်ရရှိမှသာ အရပ်ရှည်ပြီး ကျန်းမာသန်စွမ်းတဲ့ သားသားမီးမီးတွေ ဖြစ်လာမှာပါ။

 

 

 

 

Kalay.com.mm မှ ရေးသားဖော်ပြနေသော ဆောင်းပါးများကို စီးပွားဖြစ်လုပ်ကိုင်နေသော မည်သည့် Website နှင့် Social Media များမှ Facebook Page များအတွက် ပြန်လည်ကူးယူခြင်း၊ ဆင်တူယိုးမှား ဖော်ပြခြင်းများ မပြုပါရန် လေးစားစွာ အသိပေးအပ်ပါသည်။
From Kalay with


Comments

0 comments
Latest video
Refer to more useful articles
x