သားသားမီးမီးတွေ ကြီးထွားဖွံ့ဖြိုးချိန်မှာ အရေးကြီးတဲ့ အာဟာရ

by: Nang Htwe
 0 comments  0 love

အာဟာရ ပြည့်ပြည့်ဝဝ ရလာလေလေ သားသားမီးမီးလေးတွေရဲ့ အရပ်ရှည်နှုန်းနဲ့ ထွားကျိုင်းတာက ပိုမြန်လာလေလေပါ။ နောက်ပြီး ခဏခဏ နေမကောင်းတာတွေ နည်းသွားပါတယ်

အာဟာရမပြည့်ဝတာက သားသားမီးမီးလေးတွေရဲ့ ကျန်းမာရေးနဲ့ ကြီးထွားဖွံ့ဖြိုးမှုကို သိသိသာသာနိမ့်ကျသွားစေပါတယ်။ သားသားမီးမီးလေးတွေရဲ့ အစောပိုင်းကာလ ဖွံ့ဖြိုးဆဲအချိန် မှားယွင်းတဲ့ အစားအသောက်အလေ့အထတွေက လိုအပ်တဲ့ အာဟာရမရရှိတော့ဘဲ အဖက်ဖက်နှောင့်နှေးသွားစေပါတယ်။

ဟင်းသီးဟင်းရွက်၊ အသီးအနှံ၊ အသားငါးနဲ့ နို့နဲ့ နို့ထွက်ပစ္စည်းတွေကို မျှမျှတတကျွေးသင့်ပါတယ် (Photo by Fredericksburg Today)

မေမေဖေဖေတို့ နားလည်ထားသင့်တဲ့ အာဟာရအကြောင်း

သားသားမီးမီးလေးတွေရဲ့ ဖွံ့ဖြိုးဆဲအစောပိုင်းကာလတွေမှာ အုပ်ထိန်းသူ မေမေဖေဖေတို့အနေနဲ့ အာဟာရရဲ့ အကြီးပုံကို နားလည်ထားမှသာ သူတို့လေးတွေရဲ့ ကြီးထွားဖွံ့ဖြိုးမှုကို အထောက်အကူရမှာပါ။ အလွယ်စာတွေနဲ့ အမြန်စာတွေမှာပါဝင်တဲ့ ကာဗိုဟိုက်ဒရိုက်နဲ့ ဆိုဒါတွေက တန်ဖိုးအလွန်နည်းတဲ့ အာဟာရတွေဖြစ်တာကြောင့် ဒီလို အစောပိုင်းဖွံ့ဖြိုးဆဲကာလတွေမှာ သားသားမီးမီးလေးတွေကို မကျွေးသင့်ပါဘူး။ ဟင်းသီးဟင်းရွက်၊ အသီးအနှံ၊ အသားငါးနဲ့ နို့နဲ့ နို့ထွက်ပစ္စည်းတွေကို မျှမျှတတကျွေးသင့်ပါတယ်။

ကြီးထွားဖွံ့ဖြိုးဆဲအချိန်မှာ အလွန်အရေးကြီးတဲ့ နို့နဲ့ နို့ထွက်ပစ္စည်းများ

နို့မှာ ကယ်ဆီယမ်ကြွယ်ဝစွာပါဝင်တာကြောင့် အရိုးနဲ့သွားတွေအတွက် အလွန်အရေးပါပါတယ်။ နို့မှာပါတဲ့ ကယ်ဆီယမ်ဓါတ်ကို ခန္ဓာကိုယ်က အလျင်အမြန်စုပ်ယူပါတယ်။ နို့မှာ ခန္ဓာကိုယ်အတွက် အထောက်အကူပြုတဲ့ ပရိုတိန်းတွေပါဝင်တဲ့အပြင် စွမ်းအင်နဲ့ ကြီးထွားဖွံ့ဖြိုးမှုကို အထောက်အကူပြုပါတယ်။ နို့မှာ ဗီတာမင်အုပ်စုတော်တော်များများပါပါတယ်။ အထူးသဖြင့် ဗီတာမင် A နဲ့ ဗီတာမင် B အုပ်စု အဓိက ပါဝင်ပါတယ်။

သားသားမီးမီးလေးတွေ နို့နဲ့ နို့ထွက်ပစ္စည်း တစ်ရက်တာလိုချက်ကတော့ တစ်ခွက်ခွဲဖြစ်ပါတယ်။ တစ်ခွက်ခွဲက ဘာနဲ့ တူညီလဲဆိုတော့

  • နို့တစ်ဖန်ခွက် (၂၅၀)မီလီ
  • ဒိန်ချဉ် (၂၀၀)ဂရမ်
  • ချိစ့် (၂)စိတ် (၄၀) ဂရမ်

အခုပြောပြထားတာကတော့ တစ်နေ့တာလိုအပ်တဲ့ နို့နဲ့ နို့ထွက်ပစ္စည်း ပမာဏ ဖြစ်ပါတယ်။ နို့နဲ့ နို့ထွက်ပစ္စည်းနဲ့ ပတ်သက်ပြီး သားသားမီးမီးလေးတွေအတွက် တစ်ရက် (၅၀၀)မီလီလီတာထက် မပိုသင့်ပါဘူး။ ဘာကြောင့်လဲဆိုတော့ (၅၀၀)မီလီမီတာ ကျော်တဲ့အခါ ဗိုက်ပြည့်သွားမှာဖြစ်ပြီး တခြားအစားအသောက်တွေ မစားချင်တော့တာမျိုး ကြုံရနိုင်လို့ပါ။

သားသားမီးမီးလေးတွေကို နို့တိုက်တဲ့အခါ နို့ဗူးအစား ခွက်နဲ့ တိုက်တာ ပိုပြီး ထိရောက်မှုအားကောင်းပါတယ်။ ဒါကြောင့် ခွက်နဲ့ တိုက်ဖို့ ကြိုးစားပေးသင့်ပါတယ်။ နို့ကို ခွက်နဲ့တိုက်တာက သွားပျက်စီးတာတွေကို ကာကွယ်ပေးပါတယ်။

အာဟာရပြည့်ဝတာကြောင့် ကျောင်းပျော်လာပါတယ် (Photo by Stand for Children)

အစောပိုင်းဖွံ့ဖြိုးဆဲကာလနဲ့ အာဟာရမျှတမှု

သားသားမီးမီးလေးတွေရဲ့ အသက်အရွယ်အလိုက် ဖွံ့ဖြိုးတိုးတက်မှုက (၂)နှစ်ကနေ (၅)နှစ်အတွင်းမှာ အရပ် (၆)လက်မကနေ (၉)လက်မအထိ ကိုယ်အလေးချိန် (၁၂)ပေါင်ကနေ (၁၅)ပေါင်အထိ ရှိရပါမယ်။ အာဟာရပြည့်ပြည့်ဝဝရရှိမှာသာ ဦးနှောက်ကလည်း ကောင်းမွန်စွာ ဖွံ့ဖြိုးမှာပါ။

အသိဥာဏ် ဖွံ့ဖြိုးတိုးတက်မှု – ဦးနှောက် ဖွံ့ဖြိုးတိုးတက်မှုမှာပါဝင်တဲ့ ဘာသာစကား၊ ဆက်စပ်တွေးခေါ်နိုင်စွမ်း၊ မှတ်သားနိုင်စွမ်းနဲ့ ဖြတ်ထိုးဥာဏ် တို့ပါဝင်ပါတယ်။

ရုပ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှု – ရုပ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုမှာ အရပ်နဲ့ ကိုယ်အလေးချိန် ပါဝင်ပါတယ်။

စိတ်ပိုင်းဆိုင်ရာနဲ့ လူမှုဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်မှု – အကျင့်စရိုက်နဲ့ လူမှုဆက်ဆံရေး တိုးတက်လာခြင်းဖြစ်ပါတယ်။

ကောင်းမွန်ပြီး ပြီးပြည့်စုံတဲ့ အာဟာရ

ကောင်းမွန်ပြီး ပြီးပြည့်စုံတဲ့ အာဟာရတွေကို မေမေဖေဖေတို့က ရွေးချယ်ကျွေးမယ်ဆိုရင်

  •  ကျောင်းမှာ စာလိုက်နိုင်ပြီး စာတော်တဲ့ သားသားမီးမီးလေးတွေ ဖြစ်လာပါမယ်။
  •  အရပ်ရှည်လာမယ်။
  •  စကားထစ်တာတွေနဲ့ သင်ယူနိုင်စွမ်းနောက်ကျတာ ကင်းဝေးသွားပါမယ်။

အာဟာရ ပြည့်ပြည့်ဝဝ ရလာလေလေ သားသားမီးမီးလေးတွေရဲ့ အရပ်ရှည်နှုန်းနဲ့ ထွားကျိုင်းတာက ပိုမြန်လာလေလေပါ။ နောက်ပြီး ခဏခဏ နေမကောင်းတာတွေ နည်းသွားပါတယ်။ အာဟာရမျှတတာကြောင့် စိတ်ပိုင်းဆိုင်ရာရော လူမှုဆက်ဆံရေးမှာပါ တိုးတက်လာနေပါတယ်။ ကျောင်းမှာ သူငယ်ချင်းတွေနဲ့ ပေါများတာ၊ ခင်ခင်မင်မင်ပေါင်းသင်းဆက်ဆံတတ်တာတွေက အာဟာရနဲ့ ဆက်နွယ်နေပါတယ်။

အာဟာရမပြည့်ဝခြင်းရဲ့ လက္ခဏာများ

  • ပိန်လွန်းခြင်း၊ ဝလွန်းခြင်း
  • ဝမ်းအလွန်ချုပ်ခြင်း
  • ဖြူဖက်ဖြူရော်ဖြစ်နေခြင်း
  • သွားပေါက်တာ နောက်ကျခြင်းနဲ့
  • ခန္ဓာကိုယ် မဖွံ့ဖြိုးခြင်း (မထွားခြင်း) တို့က အာဟာရမပြည့်ဝခြင်းရဲ့ လက္ခဏာတွေပါ။

အာဟာရနိမ့်ပါးခြင်းရဲ့ နောက်ဆက်တွဲဆိုးကျိုးများ

လိုအပ်တဲ့ အာဟာရတွေကို သားသားမီးမီးလေးတွေ အလုံအလောက်မရခဲ့ဘူးဆိုရင်

(၁) သံဓါတ်နဲ့ အိုင်အိုဒင်းချို့တဲ့တာကြောင့် ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာနဲ့ လူမှုဆက်ဆံရေး နှောင့်နှေးလာပါတယ်။

(၂) အဝလွန်လာပါတယ်။

(၃) ရောဂါထူလာတဲ့အပြင် မကြာခဏ နေမကာင်းဖြစ်လာပါတယ်။

(၄) စာမလိုက်နိုင်တာမျိုး ဖြစ်လာပါတယ်။

(၅) ကျောင်းသွားရမှာ မုန်းလာပါတယ်။ ကျောင်းမသွားချင်တာမျိုး ဖြစ်လာပါတယ်။

(၆) ကျောင်းမှာပြုလုပ်တဲ့ လှုပ်ရှားမှုတွေမှာ (ဥပမာ ကျောင်းအားကစားပွဲ) ပါဝင်နိုင်ခြင်းမရှိတော့တာမျိုးဖြစ်လာပါတယ်။

 

 

 

 

 

 

Kalay.com.mm မှ ရေးသားဖော်ပြနေသော ဆောင်းပါးများကို စီးပွားဖြစ်လုပ်ကိုင်နေသော မည်သည့် Website နှင့် Social Media များမှ Facebook Page များအတွက် ပြန်လည်ကူးယူခြင်း၊ ဆင်တူယိုးမှား ဖော်ပြခြင်းများ မပြုပါရန် လေးစားစွာ အသိပေးအပ်ပါသည်။
From Kalay with


Comments

0 comments
Latest video
Refer to more useful articles
x