မေမေတို့ရေ . . ကလေးတွေက မိဘတွေ သင်ပေးတာကို နားထောင်တာထက် မိဘတွေကို စောင့်ကြည့်ပြီး ပိုလေ့လာပါတယ်။ မိဘတွေအနေနဲ့ သားသမီးတွေကို သင်ပေးသင့်တဲ့ အလေ့အကျင့်တွေရှိရင်လည်း လိုက်နာဖို့ လိုအပ်ပါတယ်။ မေမေတို့ ပြောတဲ့အရာကို လိုက်လုပ်ဖို့ အရေးကြီးပါတယ်။ အဲ့လိုမှမဟုတ်ရင် မေမေတို့ကလေးတွေက အလေ့အကျင့်ကောင်းများကို အတုယူဖို့ ခက်နေပါလိမ့်မယ်။ ဒါကြောင့် ဘယ်လိုအလေ့အကျင့်လေးတွေ အပြုအမှုကောင်းလေးတွေ သင်ပေးရမလဲဆိုတာ ပြောပြပေးမယ်နော်။
ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအစာများကို စားခိုင်းပါ
ကျန်းမာရေးနဲ့ ညီညွတ်တဲ့ စားသောက်မှုရဲ့ အရေးပါပုံနဲ့ အမှိုက်အစားအစာတွေက ကျန်းမာရေးကို ဘယ်လိုထိခိုက်စေနိုင်သလဲဆိုတာ
ရှင်းပြပေးပါ။ အိမ်မှာလုပ်တဲ့ အစားအစာများကိုပဲ အဓိကထားပြီး စားတဲ့အကျင့် လုပ်ပေးပါ။
ထမင်းစားစားပွဲခုံပေါ်မှာ စားတတ်တဲ့ အလေ့အကျင့် လုပ်ပါ
ဒီအချက်ကတော့ ကလေးတွေအတွက် တော်တော်ကို အရေးကြီးပြီး ပြုလုပ်ပေးသင့်တဲ့ အချက်ပါ။ စားပွဲပေါ်မှာ သပ်သပ်ရပ်ရပ်နဲ့
ကောင်းမွန်စွာ ထိုင်စားစေတဲ့ အကျင့်လုပ်ပါ။ ကျောင်းတက်တဲ့အခါမှာ စားပွဲမှာ ကလေးကို စားစေမှာ ဖြစ်တဲ့အတွက်
ကျောင်းမတက်ခင် အိမ်မှာထဲက လူကြီးတွေနဲ့အတူတူ ထမင်းအတူစားစေပါ။
သွားကို တစ်နေ့နှစ်ကြိမ် တိုက်ခိုင်းပါ
ကလေးတွေအားလုံးလိုလိုကတော့ သွားတိုက်တာ ပျင်းကြမှာပါပဲ။ ဒါပေမဲ့လည်း သွားတိုက်တာကို ပျော်သွားအောင်၊ လုပ်ချင်လာအောင်
မေမေတို့က လေ့ကျင့်ပေးဖို့ လိုပါတယ်။ သူတို့နဲ့တူတူ လိုက်တိုက်တာ၊ တခါတလေ သွားတိုက်ဆေးချိုချိုလေးတွေ ပေးစားလိုက်တာ
စသဖြင့်နဲ့ သွားတိုက်ပြီးမှ ကလေးကစားချင်တာ ကစားလို့ရတာတွေနဲ့ သွားတိုက်တဲ့အကျင့် ဖြစ်အောင် လုပ်ပေးပါ။
အချိန်မှန် အိပ်စေပါ
ကလေးကို အချိန်မှန် အိပ်တတ်အောင် အိပ်ချိန်ကို သတ်သတ်မှတ်မှတ် ထားပေးဖို့ လိုပါတယ်။ ဒီလို လုပ်ပေးခြင်းက ကျောင်းတက်မယ့်
ကလေးတွေအတွက် အကောင်းဆုံးအလေ့အကျင့်ကောင်း တစ်ခုပါ။ မေမေတို့ကိုယ်တိုင်လည်း ကလေးနဲ့အတူ အိပ်ချိန်ပုံမှန် ဝင်ပါ။
အပြင်မှာ ပေးကစားပါ

တီဗွီတို့၊ ဖုန်းတို့ကိုပဲ အမြဲကြည့်နေခိုင်းမှာထပ်စာရင် ကလေးကို အပြင်မှာ တခြားကလေးတွေနဲ့အတူ ဆော့စေပါ။ ကိုယ်လက်လှုပ်ရှားမှု
များများ ကလေးကို ရှိစေပါနော်။
ကျေးဇူးပြုပြီး နဲ့ ကျေးဇူးတင်ပါတယ်လို့ ပြောခိုင်းပါ
ကလေးကို သင်ပေးရမယ့် နောက်တစ်ခုကတော့ ဘယ်တော့မဆို ကျေးဇူးပြုပြီး နဲ့ ကျေးဇူးတင်ပါတယ်လို့ ပြောတတ်အောင်
သင်ပေးထားဖို့ လိုပါတယ်။ ဒီစကားတွေဟာ ဘယ်နေရာမဆို လိုအပ်တဲ့ စကားလုံးတွေဖြစ်တယ်ဆိုတာ ကလေးသိဖို့ လိုပါတယ်။
မျှဝေခြင်းသည် ဂရုစိုက်ခြင်း
ဒီအချက်ကတော့ ကျောင်းတက်ရမယ့် ကလေးတွေအတွက် အရမ်းအရေးကြီးတဲ့အချက်ဖြစ်ပါတယ်။ ကျောင်းမှာတူတူ နေ့တိုင်းတွေ့ရမယ့်
သူငယ်ချင်းအချင်းချင်းကြားမှာ မျှဝေတတ်စေရန် မေမေတို့က သင်ကြားပေးဖို့ လိုပါတယ်။ တစ်ယောက်ထဲ မွေးထားတဲ့ ကလေးတွေအတွက်ဆို ပိုပြီး အရေးကြီးတဲ့အချက်ပါ။ မျှဝေခြင်းက ပျော်ရွှင်မှုကို နှစ်ဆတိုးစေပါတယ်။
Comments