အသက်(၁)နှစ်နဲ့ (၁၁)လမှာ ကလေး ဘယ်လောက်ထိ ဖွံ့ဖြိုးပြီးနေလဲ

by: Nang Htwe
 0 comments  0 love

မေမေတို့ ကိုယ့်ကလေးက တခြားကလေးနဲ့ယှဥ်လိုက်ရင် တော်တော်လေးနောက်ကျတယ်လို့ မေမေတို့ သတိထားမိရင်တော့ ဆရာဝန်နဲ့ ပြသဖို့ လိုပါတယ်

ကလေး အသက်နှစ်နှစ်ပြည့်ခါနီးမှာ အရုပ်လေးတွေကို ကောင်းကောင်းမွန်မွန် ကစားတတ်နေပါပြီ။ ဥပမာ မေမေတို့က အရုပ်ဖုန်းတစ်ခု ဝယ်ပေးထားရင် ကလေးက ဖုန်းဆိုတာ စကားပြောရတဲ့အရာ သိနေပြီဖြစ်လို့ ဖုန်းပြောသလိုမျိုး ကစားနေပါလိမ့်မယ်။ လက်ဖက်ရည်ခွက်ဆော့စရာ အရုပ်တွေဆိုရင်တော့ လက်ဖက်ရည်သောက်တဲ့ပုံစံမျိုးနဲ့ ဆော့နေမှာပါ။

အိပ်ပျော်အောင် ပြန်သိပ်ပေးပါ (Photo by SleepBaby)

လွတ်လွတ်လပ်လပ်နေချင်လာတဲ့ အရွယ်

မေမေတို့ကတော့ ကလေးကြီးလာတာကို သတိထားမိတဲ့အခါ လွန်ခဲ့တဲ့ နှစ်နှစ်ခန့် ဆေးရုံကနေ ခေါ်လာခဲ့တဲ့အချိန် ပြန်မြင်ယောင်နေမှာပါ။ အချိန်ကုန်တာမြန်သလို ကလေးကြီးမြန်တာကိုလည်း မေမေတို့ သတိထားမိချိန်ပါ။ လမ်းလျှောက်တာနဲ့ စကားပြောတာကို ပိုတိုးတက်ဖို့ သူကြိုးစားနေပါပြီ။ အထူးသဖြင့် မေမေတို့ရဲ့ စကားအသံကို တုပြီးပြောပါလိမ့်မယ်။ နောက်ပြီး သူတို့လေးတွေ လွတ်လွတ်လပ်လပ်နေချင်လာတယ်။အရင်တုန်းကလို ဖက်တာ၊ ချီတာတွေ သိပ်မကြိုက်တော့ဘူး။

ကိုယ်ရည်စစ်လာခြင်း

ကလေးက အရင်တုန်းကလို ဝဝကစ်ကစ် မဟုတ်တော့ပါဘူး။ ကိုယ်ရည်စစ်လာပါပြီ။ ဘာလို့လဲဆိုတော့ လမ်းလျှောက်နေပြီဖြစ်လို့ပါ။ စားပွဲပေါ်တက်တာ၊ လှေကားပေါ်တက်တာ မျိုး ခဏခဏ ပြုလုပ်ပါလိမ့်မယ်။ ကလေးပြုတ်ကျမှာစိုးရိမ်ရလို့ မေမေတို့ အမြဲလိုက်ကြည့်ဖို့ လိုပါတယ်။

ကလေးရဲ့ ခြေထောက်

ကလေးက သူ့ရဲ့ခြေထောက်ကို ယုံကြည်လာတယ်။ ဒါကြောင့် လမ်းခဏခဏလျှောက်မယ်၊ လှေကားပေါ်တက်တာမျိုး ပြုလုပ်မယ်၊ ပစ္စည်းတွေကို ကျော်ခွသွားမယ် ဒါတွေက ကလေးစူးစမ်းနေတာပါ။ ဒါကြောင့် ကြမ်းပြင်ပေါ်မှာ ကလေးကို ထိခိုက်စေမယ့်အရာတွေ မထားဖို့ အမြန်သိမ်းဆည်းဖို့ လိုပါတယ်။

မေမေတို့ရဲ့ စကားအသံကို တုပြီးပြောပါလိမ့်မယ် (Photo by Kath V. Photography)

သူငယ်ချင်း

ဒီအချိန်မှာ ကလေးရဲ့နောက်ထပ် ဖွံ့ဖြိုးမှုတစ်ခုက ရွယ်တူကလေးတွေနဲ့ အတူတူ ကစားတတ်လာတာပါ။ အတူတူကစားရတာကိုလည်း နှစ်သက်ပါတယ်။ အိမ်ကို ကလေးတစ်ယောက်ယောက်လာလည်ရင်ကို မေမေ့ကလေးက အရုပ်တွေ လာလာပေးတာ၊ အတူတူဆော့ဖို့ ခေါ်တာမျိုး ပြုလုပ်တတ်နေပါပြီ။

မေမေတို့ရဲ့ စိန်ခေါ်မှု

အသက်(၂)နှစ်ပြည့်ခါနီးအချိန်က မေမေတို့အတွက် စိန်ခေါ်မှု အမြင့်ဆုံးအချိန်ပါ။ မေမေတို့ ဘာပဲချက်ကျွေးကျွေး ကလေးက ငြင်းဆန်ပါမယ်။ ဂျီးများမယ်။ ငယ်ငယ်တုန်းကလောက်တော့ ညပိုင်းခဏခဏ မထပေမယ့် ညသန်းခေါင်လောက် နိုးနိုင်ပါတယ်။ အခန်းအလင်းရောင်ကြောင့် ကလေးပြန်အိပ်မရတာမျိုး ကြုံရနိုင်တယ်။ အိပ်ပျော်အောင် ပြန်သိပ်ပေးပါ။

မေးခွန်းများ

အခုချိန်က  ကလေးစူးစမ်းမှု အားကောင်းဆုံးအချိန်ဖြစ်လို့ မေးခွန်းတွေအများကြီးမေးပါလိမ့်မယ်။ သူတို့နားမလည်တဲ့အရာမှန်သမျှ မေမေဖေဖေတို့ကို ခဏခဏ လာမေးမှာပါ။ စိတ်ရှည်ရှည်နဲ့ ဖြေပေးပါနော်။ ကလေးရဲ့ မှတ်ဥာဏ်ကလည်း တိုးတက်လာတယ်။ တီဗီထဲက ဇာတ်ကောင်တွေကို ကလေးမှတ်မိနေပါပြီ။

မေမေတို့ရေ ကလေးတစ်ယောက်နဲ့ တစ်ယောက် ဖွံ့ဖြိုးတိုးတက်မှုခြင်းတော့ မတူပါဘူး။ ဒါပေမယ့်လည်း ကိုယ့်ကလေးက တခြားကလေးနဲ့ယှဥ်လိုက်ရင် တော်တော်လေးနောက်ကျတယ်လို့ မေမေတို့ သတိထားမိရင်တော့ ဆရာဝန်နဲ့ ပြသဖို့ လိုပါတယ်။

Kalay.com.mm မှ ရေးသားဖော်ပြနေသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များမှ Facebook Page များအတွက် ပြန်လည်ကူးယူခြင်း၊ ဆင်တူယိုးမှား ဖော်ပြခြင်းများ မပြုပါရန် လေးစားစွာ အသိပေးအပ်ပါသည်။
From Kalay with



Comments

0 comments
Latest video
Refer to more useful articles