ကလေးရဲ့ ၂နှစ်ပြည့် မွေးနေ့ ကတော့ ဒီလရဲ့ နောက်ထပ် မှတ်ကျောက်တစ်ခုပါပဲ။ သူတို့က လက်ဆောင်တွေ၊ ကိတ်မုန့်တွေအတွက်ဆိုရင် အဲ့ဒီမွေးနေ့ဆို ဘာလဲလို့ တချို့အရာတွေကို နားလည်နေပါပြီ။ ဒါပေမယ့် ဒီအဆင့်က သူတို့ရဲ့ အမှီအခိုကင်းချင်စိတ်နဲ့ စွမ်းရည်အမျိုးမျိုးတိုးတက်လာတာတွေရဲ့ အမှတ်အသားတစ်ခုလည်း ဖြစ်ပါတယ်။ သူတို့ရည်ရွယ် တာနဲ့ သူတို့လုပ်နိုင်တာတွေက အမြဲတမ်း တထပ်တည်း ကျချင်မှကျမှာမို့လို့ သူတို့လိုချင်တာ မရတဲ့အခါ ဖြစ်လာနိုင်တဲ့ စိတ်အလိုမကျတာတွေအတွက် ကြိုတင်ပြင်ဆင်ထားကြပါ။
ရုပ်ပိုင်းဆိုင်ရာ တိုးတက်ဖွံ့ဖြိုးမှု
ကလေးတွေက သူတို့ရဲ့ ရုပ်ပိုင်းဆိုင်ရာစွမ်းရည်တွေအပေါ် ယုံကြည်မှုအပြည့်ရှိကြပါတယ်။ ဒါပေမယ့်လည်း သူတို့ရဲ့ ရုပ်ပိုင်းဆိုင်ရာ အပြုအမူတွေမှာ ဘယ်အချိန်ရပ်ရမယ်၊ ဘယ်လိုအကန့်အသတ်တွေရှိတယ်လို့ မထိန်းချုပ်နိုင်သေးပါဘူး။ အဲ့ဒီ့အတွက် မိဘတွေက အနီးကပ်စောင့်ကြည့်နေရမှာဖြစ်ပြီး အနာတရမဖြစ်အောင် တားသင့်တဲ့ limit ရောက်ရင် တားရမှာပါ။ သူတို့တွေဟာ သင်ယူဖို့အဆင်သင့်မဖြစ်သေးရင်တောင် ခုန်ပေါက်တာ၊ ဘောလုံးကန်တာ၊ လှေကားတက် တာ စတဲ့ လှုပ်ရှားတာတွေ ဘယ်လိုလုပ်ရမလဲဆိုတာတော့ လေ့လာနေပါပြီ။ အဲ့ဒါအပြင် သူတို့တွေက အဝတ်အစား ဘယ်လို ဝတ်မလဲ၊ ချွတ်မလဲကိုပါ သင်ယူနိုင်နေပါပြီ။ ၂နှစ်သားအရွယ် ကလေး တော်တော်များများက အဲ့ဒီ့လိုအပြုအမူတွေကို ၃နှစ်မရောက်ခင်မှာတင် သင်ယူနေပါပြီ။
လှုပ်ရှားနိုင်မှုစွမ်းရည်
ခြေထောက်နှစ်ဖက်လုံးနဲ့ လမ်းလျှောက်မယ်၊ ပြေးလွှားမယ်၊ ခုန်ပေါက်ဖို့ စလေ့လာနေမယ်။လမ်းလျှောက်ရင်း အရုပ်တွေ ဆွဲသွားမယ်။ မဟုတ်ရင် သယ်သွားမယ်။ဘောလုံးပစ်မယ်၊ ကန်မယ်၊ ပြီးရင် လက်နှစ်ဖက်နဲ့ ပြန်ဖမ်းဖို့ကြိုးစားမယ်။ ခြေဖျားထောက်ပြီး သွားမယ်၊ ခြေထောက်တစ်ဖက်တည်းရပ်ပြီး ဟန်ချက်ထိန်းမယ်။ ပရိဘောဂတွေ၊ ကလေးကစားကွင်း က အရုပ်တွေအပေါ် တက်မယ်။ လှေကားပေါ်တက်မယ်၊ လက်ရန်းတွေကို ကိုင်မယ်၊ ခြေလှမ်းပုံစံအမျိုးမျိုးနဲ့ သွားမယ်။ သင့်ကလေးရဲ့ လှုပ်ရှားနိုင်မှုစွမ်းရည် တည်ဆောက်နေတာကို အထောက်အကူဖြစ်စေမယ့် ပျော်စရာနည်းလမ်းတွေကို သင်ယူထားကြပါ။
လှုပ်ရှားနိုင်မှုစွမ်းရည်
ကိုယ်တိုင် သွားတိုက်မယ်၊ ကိုယ်တိုင် ခေါင်းဖြီးမယ်။ ဘောင်းဘီ လျှောချမယ်၊ ဆွဲတင်မယ်။ ရေပိုက်ခေါင်းတွေကို ဖွင့်ပြီး လက်ဆေးမယ်။ Block အတုံးလေးတွေ အနည်းဆုံး ၄ခုနဲ့ အရုပ်မျှော်စင်ဆောက်မယ်။ လက်ဖြောင့်တီးတာ လေ့လာနေပြီး ဇစ်ဖွင့်တာတွေပါ လေ့လာနေပြီ (သင် ဇစ် စတင် အသုံးပြုနေရင်) ဇွန်း၊ ခရင်းတွေ နဲ့ ရောင်စုံ crayon ချောင်းတွေကို ကိုင်တာ လက်မမြဲသေးပေမယ့်လည်း လက်သီးဆုပ် အစား လက်ချောင်းလေးတွေနဲ့ ကိုင်တတ်လာမယ်။ (ကလေးငယ်တွေ စာစရေးလာနိုင်ရင် ကူညီဖို့ နည်းလမ်းတွေ ရယူပါ)
စကားသင်ယူနိုင်စွမ်း
သင့်ရဲ့ ၂နှစ်အရွယ်ကလေးငယ်က တဖြည်းဖြည်းနဲ့ စကားတွေများလာတာကို တွေ့ရမှာပါ။ သူက စကားလမ်းကြောင်း ဆက်ရှည်လာအောင် မေးခွန်းတွေမေးတော့မှာဖြစ်ပြီး လွယ်ကူတဲ့မေးခွန်းတွေကိုလည်း ဖြေရတာ နှစ်သက်လာမှာပါ။ သူ့ကိုယ်သူ လူတစ်ယောက်အဖြစ် သိနေတော့မှာ ဖြစ်ပြီး သူကြိုက်တာ၊ မကြိုက်တာတွေကိုလည်း အခွင့်အရေးရတိုင်း သင့်ကို ပြောနေတော့မှာပါ။ ပြီးရင် နေ့တိုင်း စကားလုံးအသစ်တွေလည်း ထပ်တိုးပြောနေတော့မှာပါ။ ပုံမှန်ဆိုရင် ၂နှစ်အရွယ်လေးတွေက စကားလုံးဝေါဟာရပေါင်း (၅၀) သိနေမှာဖြစ်ပြီးတော့ တချို့ဆိုရင် ဒီထက် ပိုရင်ပိုမှာပါ။ သင့်ကလေးငယ်က သူပုံမှန်မြင်နေကျအရာတွေကိုလည်း နာမည်ခေါ်တတ်နေပါပြီ။ ဘယ်လိုအရာတွေလည်း ဆိုတော့ အိမ်ထဲက ပစ္စည်းတွေ (အိပ်ရာ၊ တံခါး၊ ထိုင်ခုံ)၊ တိရစ္ဆာန်တွေ (ခွေး၊ ကြောင်၊ ငှက်၊ ငါး) နဲ့ မျက်မှန်းတန်းမိ နေတဲ့သူတွေကိုပါ။ ပြီးရင် သူ့အနေနဲ့ တချို့ စားစရာ၊ သောက်စရာတွေ (ပန်းသီးဖျော်ရည်၊ မုန့်ကြွပ်၊ ငှက်ပျောသီး) ကို မေးလာပါလိမ့်မယ်။ ”နို့ကုန်ပြီ” တို့လိုမျိုး တချို့မရှိတော့တဲ့အရာတွေကိုလည်း ဒီအရွယ်မှာ နားလည်နေပါပြီ။ သူ့အနေနဲ့ ”ထပ်တိုးတာ” ဆိုတာကိုလည်း သိနေပြီး ”ကွက်ကီးထပ်ပေးပါ” ဆိုပြီး တောင်းလာပါလိမ့်မယ်။
အသက်၂နှစ်မှာ ကလေးငယ်တွေအနေနဲ့ တချို့သော နေရာတွေကို သိနေပါပြီ။ ကလေးက ”အပေါ်”၊ “အပြင်” တို့လိုဝေါဟာရတွေ သုံးနေပြီ ဆိုရင်တော့ ဒါဟာ သူဒီလိုမျိုးတွေ စနားလည်နေပြီဆိုတဲ့ လက္ခဏာကောင်းတွေပါပဲ။ ပြီးတော့ သူပုံဆွဲတဲ့အခါ V ပုံတွေ၊ စက်ဝိုင်းတွေ၊ ဒေါင်လိုက် အလျားလိုက်မျဉ်းကြောင်းတွေကို သိပ်မလှသေးပေမယ့်လည်း ဆွဲတတ်နေပါပြီ။ ပြီးတော့ သူ အရာဝတ္ထုတွေကို စူးစမ်းတတ်တဲ့ အာရုံလေးက ရှိနေသေးပေမယ့် သင့်အနေနဲ့ အရင်ကထက် ပိုတိုးတက်လာတဲ့ ဖော်ပြချက်တွေ၊ နှိုင်းယှဉ်ချက်တွေကို တွေ့ရမှာပါ။ ဘယ်လိုမျိုးတွေလဲဆိုတော့ သူအကြိုက်ဆုံးစောင်ထည်လေးလို ကြောင်လေးက ”ပျော့ပျော့စိစိလေး”ဆိုတာမျိုးပေါ့။ တချို့ကလေးငယ်တွေက ဒီအရွယ်မှာတင် အရောင်တွေသိနေပြီး ၅ အထိ၊ ဒါမှမဟုတ်၁၀ အထိ ရေတွက်တတ်နေပါပြီ။
ကစားနည်းတစ်မျိုးအနေနဲ့ရော၊ စကားစအနေနဲ့ရော သင့်ကလေးငယ်ရဲ့ ရှေးဟောင်းနှောင်းဖြစ်တွေပါတဲ့ စာအုပ်တစ်အုပ် လုပ်ထားလိုက်ပါ။ သင်လိုအပ်တာတွေက ဓာတ်ပုံစာအုပ်အသေးတစ်အုပ်ရယ်၊ သူ့ရဲ့ အိမ်တွင်းအိမ်ပြင် လုပ်နေတာတွေပါတဲ့ ဓာတ်ပုံတွေပဲဖြစ်ပါတယ်။ ပြီးရင် အဲ့ဒီစာအုပ်ကို အတူတူကြည့်ပြီးတော့ ဓာတ်ပုံတွေအကြောင်း ပြောကြပါ။ ”သားဒီမှာ ပန်းခြံထဲ လျှောစီးနေတာလေ”တို့၊ ”သား ဒီမှာ ဝုတ်ဝုတ်လေးနဲ့ မြက်ခင်းတွေပေါ် လှိမ့်နေတယ်” တို့ပေါ့။ ပြီးရင် သူ့ကို “ဒီပုံထဲမှာ ဘာလုပ်နေတာလဲ” လို့မေးခွန်းတွေမေးပါ။ အဲ့ဒီအခါ သူ့အနေနဲ့ မေးခွန်းတွေဖြေရတာ ကြိုက်နေမှာပါ။ ပြီးရင် သင့်အနေနဲ့လည်း သင့်ကလေးငယ်ရဲ့ ဘဝမှတ်တမ်းထဲက အရေးပါတဲ့အချိန်တွေကို တခါတည်း မှတ်တမ်းတင်ထားပြီး ဖြစ်နေမှာပါ။
American Academy of Pediatrics ကတော့ ဘာသာစကားနဲ့ အရေးအဖတ်စွမ်းရည်တွေက ကလေးတော်တော် များများရဲ့ အသက်၂နှစ်ပြည့်ပြီးကတည်းက ရှိနေပါပြီလို့ ဆိုထားပါတယ်။ သင့်၂နှစ်အရွယ်ကလေးငယ်အနေနဲ့ အောက်မှာ ဖော်ပြထားတာတွေကို လုပ်နေနိုင်ပါပြီ။
- သင်ပြောတဲ့ အရာဝတ္ထုတွေကို ညွှန်ပြတတ်လာတာ
- ရင်းနှီးတဲ့လူတွေ၊ ပစ္စည်းတွေ၊ ခန္ဓာကိုယ်အစိတ်အပိုင်းတွေကို နာမည်သိလာတာ
- စာပိုဒ်အတိုတွေနဲ့ စကားလုံး ၂လုံး ကနေ ၄လုံးပါတဲ့ စာကြောင်းတွေပြောလာတာ
- လွယ်ကူတဲ့ အမိန့်စကားတွေ နားထောင်လာတာ
- သူကြားသမျှ စကားလုံးတွေ လိုက်ပြောနိုင်တာ
- သင် စောင်တွေအောက် ဖွက်ထားတဲ့ ပစ္စည်းတွေကို လိုက်ရှာနိုင်တာ
- ပစ္စည်းတွေကို အရောင်တွေ၊ ပုံပန်းသဏ္ဍာန်တွေအလိုက် စီတတ်လာတာ
- Make-Believe ကစားနည်း ဆော့တတ်လာတာ
သင့်ကလေးငယ်က ဒီလိုမျိုးတွေ မလုပ်သေးဘူးဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။
လူမှုရေး-စိတ်ခံစားမှုဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှု
သူ၂နှစ်ပြည့်ပြီးကတည်းက သင့်ကလေးငယ်က သူကစားနေကျနေရာလေးကို တခြားကလေးတွေနဲ့ အတူတူ ကစားချင် နေပေမယ့် တကယ်တမ်း သူဆော့နေတဲ့ ကစားစရာတွေကို အတူတူဆော့ကြဖို့တော့ မမျှော်လင့်ပါနဲ့ဦး။ (ဥပမာ- အရုပ်ကားလမ်းကြောင်းပေါ် ကားတွေတွန်းတာ၊ မဟုတ်ရင် Block Tower အတူတူဆောက်တာတွေပါ။) တချို့ ၂နှစ်သား ကလေးငယ်တွေက အတူတူဆော့ရတာကြိုက်ပေမယ့်လည်း တကယ်တမ်းတော့ ဘေးချင်းကပ်ဆော့နေတာမျိုးပဲ အများဆုံး တွေ့ရမှာပါ။ ဒီအရွယ်ကလေးတွေက တခြားသူတွေဘယ်လို ဆော့နေလဲဆိုတာ လိုက်ကြည့်နေတတ်ပြီး လိုက်အတုယူနေကြတာပါ။ ဒီလို၂နှစ်အရွယ် ကလေးငယ်တွေက သူတို့ဘာလိုချင်လဲဆိုတာ ရှင်းရှင်းလင်းလင်း သိလာကြပြီး တစ်ခါတလေတော့ တခြားသူတွေဘာလိုချင်ဆိုတာပါ စဉ်းစားလာတတ်ကြပါပြီ။
ကလေးငယ်တွေမှာ မတူညီတဲ့ ဖွံ့ဖြိုးနှုန်းတွေ ရှိတတ်ကြပါတယ်။ ဒါပေမယ့် America Academy of Pediatric ကတော့ ကလေးအများစုဟာ သူတို့၂နှစ်ပြည့်ပြီးကတည်းကစပြီး လူမှုဆက်ဆံရေး မှတ်ကျောက်တွေ ရှိလာကြပြီလို့ဆိုကြပါတယ်။ အောက်မှာဖော်ပြထားတဲ့ အပြုအမူတွေက ၂နှစ်အရွယ် ကလေးငယ်တွေမှာ မြင်တွေ့နေကြပါပဲ။
- လူကြီးတွေနဲ့ တခြားကလေးငယ်တွေရဲ့ အပြုအမူတွေကို လိုက် အတုယူတာ
- သူ့ကိုယ်သူ တခြားသူတွေနဲ့ မတူတဲ့ လူတစ်ယောက်အဖြစ်သိလာတာ
- တခြားကလေးတွေနဲ့ ဆော့ဖို့ စိတ်အားထက်သန်လာတာ
- တခြားသူတွေအပေါ် မှီခိုတာနည်းလာတာ
- ဂျစ်ကန်ကန် အပြုအမူတွေ လုပ်လာတာ
- အုပ်ထိန်းသူနဲ့ ခွဲရတဲ့အခါ စိတ်အားငယ်တာ နည်းလာတာ
သင့်ကလေးငယ်က ဒီအချက်တွေ မလုပ်နေဘူးဆိုရင် ကလေးဆရာဝန်နဲ့ ဆွေးနွေးပြီး အကြံဉာဏ် တောင်းယူပါ။
Comments