(၂၃)လသားအရွယ်ကလေးရဲ့ ဖွံ့ဖြိုးတိုးတက်ခြင်း

by: seng yar
 1 comments  1 love

crayon တွေ၊ ရေဆေးတွေထားထားပြီး သင့်အနေနဲ့လည်း သူမြင်အောင် စာရေး၊ ပုံဆွဲတာတွေ လုပ်နေလိုက်ပါ။ ပြီးရင် သင်လုပ်သမျှ သူလိုက်လုပ်တာကို တွေ့ရမှာပါ

သင့်ကလေးက အခု ၂နှစ်တောင် ပြည့်တော့မယ်၊ အဲ့ဒီတော့ သူ့ရဲ့ နောက်ထပ် မှတ်ကျောက် မွေးနေ့ မရောက်ခင် နောက်ဆုံးရက်သတ္တပတ်တွေမှာ နေ့တိုင်း ပျော်ရွှင်နေအောင် လုပ်ဆောင်ပေးရတော့မယ်။ ဒီအသက်အရွယ်က နည်းနည်းလေး စိတ်အလိုမကျတာကို ပေါ်လွင်အောင်ပြတတ်နေတဲ့ အဆင့်ဖြစ်လို့ မိဘတွေအနေနဲ့ သူတို့လုပ်ပေးနေတာ တွေမှားနေပြီလားလို့ တွေးမိတတ်ကြပါတယ်။ ကလေးတွေအားလုံးက ခဏတာ စိတ်ကတောက်ကဆ ဖြစ်တတ်လာပြီး စိတ်အကန့်အသတ်တွေကို စမ်းသပ်လာကြပါပြီ။

သူတို့က စက္ကန့်ဝက်အတွင်း စိတ်မကြည်မလင်ဖြစ်တတ်ပြီး လွယ်လွယ်လေးနဲ့ စိတ်ပြန်ကြည်သွားနိုင်သလို ဒေါသတွေလည်း ဆက်ထွက်နေတတ်ပါတယ်။ သင့်ရဲ့ ၂၃လသားအရွယ် ကလေးရဲ့ စိတ်ခံစားချက်အတိုင်းတော့ သင်ကိုယ်တိုင် လိုက်မလုပ်ပါနဲ့။ သူတို့က သင့်ဆီလာပြီး သူတို့ ခံစားချက်တွေပုံမှန်အတိုင်းပြန်ဖြစ်ပြီး သူတို့ကမ္ဘာလေး ပုံမှန်ပြန်ဖြစ်အောင် အကူအညီတောင်းလာပါလိမ့်မယ်။ အဲ့ဒါကြောင့် သင်က စိတ်အေးအေးထားပြီး ထပ်ခါထပ်ခါ စိတ်လုံခြုံပေးပြီး ကူညီပေးတာက သူတို့ဘယ်လိုခံစားနေရပါစေ သူတို့အတွက် သင်ရှိနေပေးတယ်ဆိုတာ သူတို့သိသွားပါလိမ့်မယ်။

ရုပ်ပိုင်းဆိုင်ရာ တိုးတက်ဖွံ့ဖြိုးမှု

 သူရဲ့ ၂နှစ်ပြည့်မွေးနေ့ နီးကပ်လာတာနဲ့အမျှ ကိုယ်တိုင် အဝတ်အစားတွေ ချွတ်ပစ်ပြီး ပြန်ဝတ်တတ် လာနေပါပြီ။ (ဒါကိုလည်း အရင်လပေါင်းများစွာ သူကြိုးစားခဲ့ပြီးပါပြီ) ပွပွချောင်ချောင် တီရှပ်တွေ၊ ဂျာကင်တွေ နဲ့ ဇစ်ပါတဲ့ ညဝတ်အင်္ကျီတွေက သူမ ချွတ်လိုက်၊ ပြန်ဝတ်လိုက်လုပ်ဖို့ အလွယ်ကူဆုံးပါ။ အဝတ်အစားတွေနဲ့ အင်္ကျီဝတ်ပုံစားပုံ စိတ်ဝင်စားနေတာတွေက သူ့အတွက်တော့ အဝတ်ဝတ်တမ်းကစားနေတာပါပဲ။ သူ့အနားမှာ ဦးထုပ်တွေရယ်၊ မာဖလာ တွေရယ် ဆော့ဖို့ ထားထားလိုက်ပါ။ ပြီးရင် မျက်နှာသုတ်ပဝါ ပတ်ပြီးတော့လည်း ဆော့ကစားပါစေ။

တခြားဖွံ့ဖြိုးတိုးတက်တာအနေနဲ့ သင့်ကလေးက သူ့ခြေထောက်တွေပေါ် ယုံကြည်မှုအပြည့်ရှိပြီး သူမကိုယ်တိုင် ခါးကုန်းပြီးတော့ ကြမ်းပြင်ပေါ်က ပစ္စည်းတစ်ခုခုကို ကောက်ယူနိုင်နေပါပြီ။ အဲ့လိုလုပ်ဖို့ အရင်ကလို ကုန်းကွနေစရာ မလိုတော့ပါဘူး။ သူ ခြေဖျားထောက်ပြီးရပ်ဖို့ ကြိုးစားနေသလို တစ်နေရာကနေ တစ်နေရာ ကိုလည်း ခြေထောက် နှစ်ချောင်းပူးပြီး ခုန်ဆွခုန်ဆွ သွားနေပါလိမ့်မယ်။ ဒါပေမယ့် သတိတော့ထားပါ။ သူက သင့်အကူအညီမပါဘဲ လှေကားအတက်အဆင်းလုပ်ဖို့ စိတ်အားထက်သန်နေလို့ပါ။

စကားသင်ယူနိုင်စွမ်း

ကလေးငယ်က အရိုးရှင်းဆုံး စကားနဲ့ နှစ်ဆင့်အမိန့်ပေးတာတွေကို လိုက်နာနိုင်နေပါပြီ။ ဥပမာ-“ဒီမှာ လာထိုင်၊ အဲ့ဒါမှ ဖိနပ်ကြိုးချည်ပေးလို့ရမှာလေ။” သူပြောနေတဲ့စကားလုံးတွေမှာလည်း ပီပီသသ ပြောနိုင်တဲ့ စကားလုံးတွေ ပါလာပါမယ်။ (ပြီးတော့ တချို့နားလည်ရခက်တဲ့ စကားလုံးတွေ အများကြီးရောပဲ) သိပ်မကြာခင်မှာ သူ့အနေနဲ့ တခြားစကားလုံးတွေကိုပါ မြန်မြန်ထည့်ပြောတော့မှာမို့လို့ သင်တောင် နားထောင်လို့ လိုက်မမှီလောက် တော့ပါဘူး။ သင့်ကလေးက စာကြောင်းတိုတွေလည်း ပေါင်းပြီးပြောလာပါလိမ့်မယ်။ ဥပမာ- ”အအေးကုန်ပြီ”၊ “ဝုတ်ဝုတ်ပြေးသွားပြီ” တို့ပေါ့။ ပြီးတော့ ”နာမည် ဘယ်လိုခေါ်လဲ” တို့ ”ကြောင်လေးကဘယ်လိုအော်လဲ” တို့လို လွယ်တဲ့ မေးခွန်းတွေလည်း ဖြေတတ်နိုင်ပါပြီ။ ပြီးတော့ သူ ဗိုက်ဆာရင်ပဲဖြစ်ဖြစ်၊ ရေဆာရင်ပဲဖြစ်ဖြစ် စကားပြောလာမှာဖြစ်လို့ သူအရင်ကလို စိတ်အလိုမကျဖြစ်နေရင်တောင် ဘာဖြစ်နေတာလဲလို့ သင်တွေးပူနေစရာ မလိုတော့ပါဘူး။ (အနည်းဆုံး တော့ အချိန်တိုင်းမဟုတ်တော့ဘူးလေ) သူတို့အနေနဲ့ ဆန့်ကျင်ဘက်အဓိပ္ပါယ်တွေကိုလည်း နားလည်နေပါပြီ။ အကယ်​၍ ရုပ်ပုံပါတဲ့စာအုပ်ကြည့်နေရင်၊ ဆိုပါတော့…ခွေးကြီးကြီးနဲ့ ခွေးသေးသေးလေး၊ ကားကြီးနဲ့ ကားသေးတို့ကို ဘယ်ဟာက ဘာလဲလို့ မေးရင် သူသိနေပါပြီ။

လူမှုရေး-စိတ်ခံစားမှုဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှု

သင့်ကလေးက တခြားကလေးတွေနဲ့ ကစားဖို့ စိတ်ဝင်စားလာပြီး အထူးသဖြင့် တခြားကလေးငယ်တွေ လုပ်သမျှကို လိုက်လုပ်တတ်နေပါပြီ။ အကယ်၍ သင့်ကလေးမှာ မောင်နှမမွေးချင်း အကြီးတစ်ယောက် ရှိရင် အိမ်ထဲမှာ တစ်နေ့လုံး သူ့ အစ်ကို၊ ဒါမှမဟုတ် သူ့အစ်မနောက် တကောက်ကောက်လိုက်နေလို့ မအံ့သြသွားပါနဲ့။ သင့်ကလေးက တခြား မောင်နှမအကြီးတွေလုပ်သလို ဘက်စကတ်ဘောလုံးကို လိုက်ပုတ်နေမယ်၊ တခြားကလေးကြီးတွေနဲ့ နပန်းလုံးနေမယ်၊ စိန်ပြေးလိုက်တမ်းဆော့မယ်။ ပြီးရင် သူ့မောင်နှမအကြီးတွေ ဂရုစိုက်တာ ခံရဖို့အတွက် သင့်ကလေးက ကွတ်ကီးပေးတာ၊ သူပိုင်တဲ့ ပစ္စည်းပေးတာတွေ လုပ်ပါလိမ့်မယ်။ သူက သင်နဲ့ သူ့မွေးချင်းတွေ ကို ရယ်စရာမျက်နှာတွေလုပ်ပြပြီးတော့လည်း ဖျော်ဖြေပြပါဦးမယ်။

အကယ်၍ သင် နောက်ကလေးမွေးဖို့ မျှော်လင့်နေတာဆိုရင်လည်း မမွေးခင် သုံးလ၊ လေးလအလိုလောက်ကတည်းက သင့်ကလေးကို အဲ့ဒီအကြောင်းပြောပြထားဖို့ အကောင်းဆုံးပါပဲ။ အဲ့ဒီအချိန်မှာ သူ့အနေနဲ့ (သင့်ရဲ့ ပူထွက်လာတဲ့ ကိုယ်ဝန်ဗိုက်)ကို တွေ့နေရပြီး သင်ဘာပြောနေလဲဆိုတာ သိနေပါပြီ။ ပြီးတော့ သင် ဒီလိုပြောထားလို့လည်း မကြာခင် မွေးတော့မှာဆိုတော့ သူ့အနေနဲ့ မေ့မေ့ပျောက်ပျောက် ရှိနေမှာ မဟုတ်ပါဘူး။

ကလေးငယ်တွေမှာလည်း စိတ်ခံစားချက် ရှိနေပါတယ်။ ပြီးတော့ သူတို့ ခံစားနေရတာကိုဖော်ပြဖို့အတွက် စကားလုံးတွေလည်း စတင်အသုံးပြုနေပါပြီ။ သင့်ကလေးရဲ့ စိတ်ပိုင်းဆိုင်ရာစွမ်းရည် (EQ) အတွက်လည်း ကောင်းတာ ပဲဖြစ်ဖြစ်၊ ဆိုးတာပဲဖြစ်ဖြစ် သူခံစားနေရတာတွေကို ပေါ်လွင်စေမယ့် စကားလုံးတွေကို သင်ပေးပြီးတော့ ပြုစုပျိုးထောင် ပေးလိုက်ပါ။ ”မေမေတို့ ပန်းခြံကနေ ပြန်တော့မှာမို့လို့ သားသားဝမ်းနည်းနေပြီ” တို့၊ ”သား ကိုကိုက အရုပ်ကားပေး မဆော့လို့ သားသား စိတ်ဆိုးနေတာလား” စသည်ဖြင့်ပေါ့။ ပြီးတော့ သင့်ကလေးငယ်ကို ဝေခွဲမရဖြစ်နေတဲ့ စိတ်ခံစားချက် ရှိတာ ပုံမှန်ဖြစ်တယ်ဆိုတာ နားလည်အောင် ကူညီပေးလိုက်ပါဦး။ ဘယ်လိုမျိုးလဲဆိုတော့ သူ့ကိုယ်လက် လေ့ကျင့်ခန်း သင်တန်းအတွက် စိတ်​ဂနာမငြိမ်ဖြစ်ပြီး စိတ်လှုပ်ရှားနေတာမျိုးတွေပါ။

သင့်ကလေးက သူ့ကိုယ်သူ နာမည်နဲ့ (သို့မဟုတ်) ”သားသား”၊ ”မီးမီး” ဆိုပြီး ခေါ်တတ်နေပြီလား။ အဲ့ဒါဆိုရင်တော့ ဒီအချက်က သူ့အနေနဲ့ သူနဲ့သင်တို့က မတူတဲ့ လူတစ်ယောက်ဖြစ်တယ်ဆိုတာ နားလည်နေပြီဆိုတဲ့ အဓိပ္ပာယ်ပါ။ ဒီအခွင့်အရေးကို အသုံးချပြီးတော့ (သူ့ကိုယ်သူ ယုံကြည်တာရှိလာအောင်) ဒီလိုခွဲခြားနိုင်တာကို ချီးကျူးစကား ပြောပေးလိုက်ပါ။ ဒါပေမယ့် အရမ်းယေဘုယျဆန်တဲ့ ”သားက အရမ်းလိမ္မာတာပဲ” အစား အသေးစိတ်ကျတဲ့ ”သား ဒီ Tower ဆောက်ထားတာ အရမ်းကြိုက်တယ်” ဆိုတာမျိုးနဲ့ အားပေး ပေးပါ။

 Motor Skill

သင့်ကလေးငယ်က သူ့ရဲ့ ဦးနှောက်ဉာဏ်စွမ်းရည်ရယ်၊ Fine Motor Skillတွေရယ်ပေါင်းပြီး ၃ခုကနေ၆ခုပါတဲ့ အရုပ်ဆက်ကစားနည်း(Jigsaw Puzzle)တွေကို ပြီးအောင်ဆော့တတ်နေပါပြီ။ ပြီးရင် စက်ဝိုင်းပုံ တွေလည်း ဆွဲတတ်နေပါပြီ (အရမ်းကြီး ပုံလှနေဖို့တော့ မမျှော်လင့်ပါနဲ့ဦး) အဲ့ဒါအပြင် ဒေါင်လိုက်မျဉ်းတွေ၊ အလျားလိုက်မျဉ်းတွေရော ပါပဲ။ ပြီးတော့ သူ ၆တုံးထက်ပိုတဲ့ Block တုံးတွေနဲ့ Tower ဆောက်တတ်နေပြီလား၊ Pop bead လုံးလေးတွေစီတတ်နေပြီလား၊ သစ်သားပုတီးလုံးတွေကို ကြိုးမှာသီတတ်နေပြီလားဆိုတာ စောင့်ကြည့်နေလိုက်ပါ။

သင့်ကလေးငယ်ကို သဲတွေ၊ အစေ့အဆံတွေ လက်နဲ့ယူပြီး ကြဲပစ်တာ၊ ရေပက်တာတွေ၊ Play-doh အရုပ်ဂျုံ ညှစ်တာတွေ၊ အတူတူချက်ပြုတ်တတ်ရင် ပေါင်မုန့်ဖုတ်တဲ့ ဂျုံတစေးနယ်တာတွေ လုပ်ပေးပြီး သင့်ကလေးငယ်ရဲ့ လက်ချောင်းလေး တွေကို လှုပ်လှုပ်ရှားရှားလုပ်ဖို့ အခွင့်အရေးလုပ်ပေးလိုက်ပါ။ သူပုံဆွဲဖို့ crayon တွေ၊ ရေဆေးတွေထားထားပြီး သင့်အနေနဲ့လည်း သူမြင်အောင် စာရေး၊ ပုံဆွဲတာတွေ လုပ်နေလိုက်ပါ။ ပြီးရင် သင်လုပ်သမျှ သူလိုက်လုပ်တာကို တွေ့ရမှာပါ။

Kalay.com.mm မှ ရေးသားဖော်ပြနေသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များမှ Facebook Page များအတွက် ပြန်လည်ကူးယူခြင်း၊ ဆင်တူယိုးမှား ဖော်ပြခြင်းများ မပြုပါရန် လေးစားစွာ အသိပေးအပ်ပါသည်။
From Kalay with



Comments

0 comments
Latest video
Refer to more useful articles