(၁၈) လအရွယ်ကလေးရဲ့ ဖွံဖြိုးတိုးတက်ခြင်း

by: Khin Nyein Lwin
 0 comments  88 love

ကလေးဟာ တခြားလူတွေနဲ့ တွေ့ကြုံဆက်ဆံရတာတွေလာတဲ့အခါ မကြာခင်အချိန်အတွင်းမှာပဲ သူ့ရဲ့ လူမှုဆက်ဆံရေး ကျွမ်းကျင် တာတွေဟာလည်း တိုးတက်လာပါလိမ့်မယ်

မျက်စိတစ်မှိတ်အတွင်းမှာပင် (၁၈) လဆိုတဲ့ အချိန်မှာ ကလေးငယ်ဟာ မှတ်ကျောက်တစ်ခုကို ရောက်ရှိပါလိမ့်မယ်။ (၁၈) လအရွယ်ဝန်းကျင်မှာ ကလေးဆီကနေ ဘာများမြင်ရမလဲဆိုတာ လမ်းညွှန်ထားပါတယ်။ ၁၈လအရွယ်ကလေးဟာ ဒီအသက်ပိုင်းမှာ တစ်နေ့ပြီးတစ်နေ့ မတူတဲ့ အပြုအမူတွေနဲ့ သင့်ကို အံ့သြအောင် သူတို့လုပ်မှာ ဖြစ်ပြီး စိတ်ဝင်စားမှုမရှိတဲ့အရာကိုတောင်မှ သူဟာ တက်ကြွနေမှာဖြစ်ပါတယ်။ ဒီအရွယ်မှာ သင့်ရဲ့ချစ်စဖွယ် ကလေးငယ်ဟာ လမ်းလျှောက်တာတွေ စကားပြောတာတွေ လုပ်နိုင်ပေမယ့် သူတို့ဟာ ငယ်ရွယ်ပြီး ထိခိုက်လွယ်သေးတဲ့ အပြင် ဆက်လက်ရမယ့် အရေးကြီးတဲ့ ဖွံ့ဖြိုးကြီးထွားမှု အဆင့်တွေအများကြီး ရှိနေပါသေးတယ်။ ဒီအသက်အရွယ်ဟာ မိဘတွေအတွက် ရင်ခုန်စရာကောင်းတဲ့အချိန်ပါ။ ဘာကြောင့်လဲဆိုတော့ သူတို့ကလေးရဲ့ တိုးတက်မှု အသစ်တိုင်း အတွက် ပျော်ရွှင်နေရလို့ပါပဲ။

စကားသင်ယူတတ်မြောက်နိုင်စွမ်း

အသက်တစ်နှစ်ခွဲအရွယ်မှာ ကလေးအများစုဟာ စကားလုံး ဒါဇင်လောက် (ဒါမှမဟုတ် ဒါဇင်ထက်ပိုပြီးလည်း) ကို ပီပီသသ ပြောနိုင်နေကြပါပြီ။ “မေမေ”၊ “ဖေဖေ” အပြင် သူတို့အကြိုက်ဆုံး စကားလုံးတွေ ကတော့ “ဘိုင့်ဘိုင်”၊ “ချိုချို”၊ “ကား”၊ “အို”၊ “သားသား” စတဲ့ စကားတွေပါ။ ၁၈လအရွယ် ကလေး အတော်များများဟာ စကားလုံး နှစ်လုံးကို ပေါင်းစပ်ပြီး ရိုးရှင်းတဲ့ စာကြောင်းတွေ (တွယ်ဆက်ပေးတဲ့ ကြိယာတွေနဲ့ စကားစပ်စာလုံးတွေ မပါတဲ့ စာကြောင်းတွေ) တည်ဆောက်တတ်နေပါပြီ။ “ကုန်ပြီ”၊ “ဘောလုံးပေး”၊ ဒါမှမဟုတ် “ချီ” စတဲ့ စကားတွေကို ပြောကောင်း ပြောတတ်နေပါပြီ။

ကလေးဟာ သူကြားဖူးနားဝဖြစ်နေတဲ့ လူကြီးတွေရဲ့ စကားသံတွေကို အတုယူပြီး အဓိပ္ပါယ်မဲ့ လျှောက်ပြောနေတုန်းပါပဲ။ အဲ့လိုလုပ်တဲ့ အကြိမ်အရေအတွက်တွေများလာတာနဲ့အမျှ သူပြောတဲ့ စကားတွေကြားမှာ တချို့စကားလုံးတွေကို ပီပီသသ ရှင်းရှင်းလင်းလင်း ကြားရပါလိမ့်မယ်။ (တကယ်လို့ အခုအချိန်မှာ ကလေးက အနည်းဆုံး စကားလုံး ၂ လုံးတောင် မပြောနိုင်သေးဘူးဆိုရင် ကလေးအထူးကုဆရာဝန်ဆီ သွားတဲ့အခါ အဲ့ဒီအကြောင်း ပြောပြပေးပါ။ ကလေးအထူးကုက ကလေးရဲ့ အကြားအာရုံကို စမ်းသပ်တာ ဒါမှမဟုတ် ရောဂါဗေဒပညာရှင်အား ရောဂါရှာဖွေပေးရန် ဆေးစာပေးပါလိမ့်မယ်)

 စကားပြောတဲ့ လေသံ အနိမ့်အမြင့်အတက်အကျတွေကိုလည်း မြန်မြန်ဆန်ဆန် သဘောပေါက်နားလည်နေပါပြီ။ သူပြောနိုင်တဲ့ ဝေါဟာရတွေဟာ အကန့်အသတ်ရှိသေးတဲ့အတွက် သူဟာ စကားလုံးရိုးရိုး လေးတွေကို ပေါင်းစပ်တာ၊ အသံအတက်အကျတွေ နဲ့ ခြေဟန်လက်ဟန်တွေကို သုံးပြီး သူဆိုလိုတဲ့ အရာကို ပြောပြနိုင် ပါတယ်။ သူသိတဲ့ စကားလုံး နည်းနည်းလေးတွေကို သုံးပြီး သင့်ကိုသူ ဘယ်လောက်များများပြောနိုင်သလဲဆိုတာ သင် အံ့သြရပါလိမ့်မယ်။ သူဟာ “ကွတ်ကီး” လို့ပြောတဲ့အခါ သူကြိုက်တဲ့ အစားအစာဖြစ်ကြောင်း ပြောတာတင်မဟုတ်ပါဘူး။ သူပြောတဲ့ လေသံအနိမ့်အမြင့်အပေါ်မူတည်ပြီး သူတကယ်ပြောတာက “အခု ကွတ်ကီးစားချင်တယ်”လို့ အဓိပ္ပါယ်ရမှန်း သင်သိပါလိမ့်မယ်။  သူတို့ကိုယ်သူတို့ သူတို့ နာမည်နဲ့ ရည်ညွှန်းအသုံးပြုပါလိမ့်မယ်။ အဲ့ဒါဟာ ကလေး (အမြဲ သုံးနေကျဖြစ်တဲ့ သားသားဟာ၊ မီးမီးဟာ အပြင်) နာမ်စားတွေကို စတင်သုံးတတ်လာတဲ့အထိ လအနည်းငယ် ကြာမြင့်ပါလိမ့်မယ်။

ခန္ဓာကိုယ်ဖွံ့ဖြိုးတိုးတက်မှု

မြောက်များစွာသော ကျွမ်းကျင် ပညာရှင်တွေက ၁၈လသားကလေးတွေဟာ အိမ်သာထိုင်တဲ့ အလေ့အကျင့် စတင်ဖို့ အရမ်းကို ငယ်ရွယ်ပါသေးတယ်လို့ ပြောကြပေမယ့် အဖိုးအဖွားတွေကတော့ မင်းတို့ကို ၁ နှစ်သားကတည်းက အိမ်သာ ထိုင်သင်ပေးခဲ့တာလို့ ပြောကြပါတယ်။ ကလေးပေါ်မှာသာ အားလုံး မူတည်ပါတယ်။ တချို့ကလေးတွေဟာ အခုအချိန်မှာ ဒီလုပ်ငန်းစဉ်ကိုစတင်ဖို့ အသင့်ဖြစ်နေပါပြီ။ ဒါပေမယ့် သင်ဟာ ဒီပြောင်းလဲတာကြီးကို စတင်ဖို့ မကြိုးစားခင် သင့်ကလေးဟာ အသင့်ဖြစ်တဲ့ လက္ခဏာတွေရှိမရှိ ရှာဖွေပါ။ ကလေးငယ် တွေရဲ့ အပေါ့အလေးသွားချင်စိတ်ကြောင့် အိမ်သာသွားချင်လာပြီး အိမ်သာမရောက်မချင်း ထိန်းထားနိုင်တဲ့ အာရုံထိန်းချုပ်မှုကလည်း တိုးတက်လာပါတယ်။ ပြီးတော့ အရာအားလုံး (အလေးနဲ့အပေါ့အပါအဝင်) က သူ့နေရာနဲ့သူ သွားရတယ် ဆိုတဲ့အသိရယ်၊ စနစ်တကျ လုပ်ကိုင်ချင်တဲ့ စိတ်ဆန္ဒရယ်က အသက် ၂ နှစ်အရွယ်မှာ စတင်ဖြစ်ပေါ်လာပါတယ်။ (ဒါပေမယ့် တချို့ကလေးတွေကတော့ အိမ်သာအလေ့အကျင့်သင်ပေးတာကို ဒီနောက်ပိုင်းမှ စလုပ်ဖြစ်ကြတာပါ။)

ကလေးငယ်ဟာ အရာရာတိုင်းရဲ့ အနောက်မှာ၊ အောက်မှာ၊ အထဲမှာ ဘာရှိလဲဆိုတာ သိချင်ပါတယ်။ လွန်ခဲ့တဲ့ လတွေတုန်းကနဲ့မတူပဲ သူဟာ ဘီဒို၊ ကြောင်အိမ်တွေကို အလွတ်ဖြစ်အောင် လုပ်တာမဟုတ်ပဲ အခုတော့ သူဟာ ကြောင်အိမ်အခန်းတွေကို ရှင်းထုတ်ပြီးချိန်မှာ ထုတ်ပြီးတဲ့ ပစ္စည်းတွေကို ပြန်ထည့်ပြီး ဘယ်လိုပြန်ဖြစ်နေလဲဆိုတာကို (မူလ ပုံစံမျိုးနဲ့ မတူတာတာင်မှ) ကြည့်ပါလိမ့်မယ်။

အခုအချိန်ကစပြီး လှုပ်ရှားနိုင်မှုစွမ်းရည် တိုးတက်လာတာဟာ အထွတ်အထိပ် ရောက်လာပါပြီ။ အဲ့ဒါဟာ ဘာကြောင့်လဲ ဆိုတော့ ၁၈လသားအရွယ် စံပြကလေးတစ်ယောက်ဟာ ရွေ့လျားသွားလာဖို့လိုအပ်တဲ့ လှုပ်ရှားမှုတွေ အများကြီး လုပ်ဖို့အတွက် အချိန်ကြာကြာ ထိုင်မနေချင်တော့ပါဘူး။ သူကို စိတ်ပါဝင်စားစေမယ့် အရာအနည်းငယ်တော့ ရှိနေ ပါလိမ့်မယ်။ ရောင်စုံခဲတံတွေနဲ့ ခြစ်နေတာ ဒါမှမဟုတ် လက်တွေနဲ့ ပုံဆွဲခြယ်သတာ၊ ဘလောက်တုံးတွေကို စီတာ၊ တံခါးလက်ကိုင်ဘုတွေ ကြောင်အိမ်လက်ကိုင်ဘုတွေကို လှည့်တာ၊ တယ်လီဖုန်းတွေ တီဗွီတွေ ရေဒီယိုတွေရဲ့ ခလုတ်တွေကို နှိပ်တာ စတာတွေပဲဖြစ်ပါတယ်။

လူမှုရေး – စိတ်ခံစားမှု ဖွံ့ဖြိုးတိုးတက်ခြင်း

အခုအချိန်မှာ ကလေးဟာ လမ်းလျှောက်စကားပြောနေပြီး  ဒီလိုအသက်အရွယ်မှာ သူ့ကို တခြားလူတွေနဲ့ ခိုင်မြဲတဲ့ ဆက်ဆံရေးမှာ စိတ်ဝင်စားတတ်လာစေဖို့ မျှော်မှန်းနိုင်ပါတယ်။ သူဟာ သက်တူရွယ်တူတွေနဲ့ ဆက်ဆံလေ့ရှိပြီး သူ့စိတ်ထဲမှာ သူတို့ကို ကစားဖော်တွေလို့ တွေးတာထက် စပ်စုစရာတွေလို့ မှတ်ယူထားပါတယ်။ တကယ်လို့ ကလေးက သူ့ကစားဖော်တွေကို တွန်းတာ၊ ပုတ်တာ၊ ဒါမှမဟုတ် ရိုက်ပုတ်ခဲ့ရင် ကလေးဟာ လူပေါင်းမဆန့်မှာကို မစိုးရိမ်ပါနဲ့။ စိတ်ရှည်ရှည်ထားပြီး သူ့ကို အခြေအနေအမျိုးမျိုးမှာ လူတွေနဲ့ ထိတွေ့ဆက်ဆံပေးပါ။ ကလေးဟာ တခြားလူတွေနဲ့ တွေ့ကြုံဆက်ဆံရတာတွေလာတဲ့အခါ မကြာခင်အချိန်အတွင်းမှာပဲ သူ့ရဲ့ လူမှုဆက်ဆံရေး ကျွမ်းကျင် တာတွေဟာလည်း တိုးတက်လာပါလိမ့်မယ်။

 ၁၈လအရွယ်ကလေးငယ်ရဲ့ အပြုအမူများ

တချို့ရက်တွေမှာ အသေးငယ်ဆုံး ကိစ္စလေးတွေကတောင် ကလေးငယ်ကို ဒေါသပေါက်ကွဲထွက်စေနိုင်ပါတယ်။ ကလေးငယ်ကို မနက်ခင်း နို့တိုက်တဲ့အခါ ခွက်မှားထည့်ပေးရင် သူဟာသင့်ကို ပြန်ပေါက်ပါလိမ့်မယ်။ ဒါမှမဟုတ် ကလေးဟာ မိုးရေထဲ ဖိနပ်မစီးပဲ သွားချင်တဲ့အခါ  ဖိနပ်စီးခိုင်းရင် သူ့ခေါင်းကြီး ပေါက်ကွဲတော့ မတတ် ပြန်အော်ပါလိမ့်မယ်။ တစ်ခါတလေမှာ ဒီလိုဖြစ်စေတဲ့ အကြောင်းအရာတွေဟာ သာမာန်အချက်တွေထက် ထင်ရှားပါတယ်။ သူဟာပင်ပန်းနေတာ ဒါမှမဟုတ်ဒေါသထွက်နေတာမျိုးပါ။ ဒါမှမဟုတ် သူလုပ်မယ်လို့ ဆုံးဖြတ်ထားတဲ့ ကိစ္စတစ်ခုကို ပြီးမြောက်အောင် မလုပ်နိုင်လို့ စိတ်ရှုပ်ထွေးနေတာပါ။ ဘယ်လို ကိစ္စမျိုး လည်းဆိုတော့ အဝိုင်းပုံ ကစားစရာ အတုံးလေးကို လေးထောင့်အပေါက်ထဲ ထည့်တာမျိုးတွေပေါ့။

Kalay.com.mm မှ ရေးသားဖော်ပြနေသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များမှ Facebook Page များအတွက် ပြန်လည်ကူးယူခြင်း၊ ဆင်တူယိုးမှား ဖော်ပြခြင်းများ မပြုပါရန် လေးစားစွာ အသိပေးအပ်ပါသည်။
From Kalay with



Comments

0 comments
Latest video
Refer to more useful articles