ကလေးတွေဟာ သူတို့ဘာသာ အချိန်အနည်းငယ် တစ်ယောက်တည်း နေတတ်ပြီး အရုပ်တွေကို ပုံပန်းသဏ္ဍာန်တွေ အရောင်တွေအလိုက် အစီအရီလုပ်တတ်နေပါပြီ။ သူဟာ အရုပ်တွေနဲ့ တခြားအရာဝတ္ထုတွေကို ဘယ်လိုဆင်တူတယ် ဘယ်လိုကွဲပြားတယ်ဆိုတာ စတင် သိနေပါပြီ။ သူဟာ သူကစားနေတဲ့အချိန်မှာ ဒီလိုအတွေးတွေ ဝင်လာတာနဲ့ သူ့ကို ဘယ်သူကမှ နှောင့်ယှက်တာကို မကြိုက်တော့ပါဘူး။ ဒါ့ကြောင့် သူဟာ သူ့ကစားစရာတွေကို သူတပါးနဲ့ မျှဝေချင်စိတ် ရှိလိမ့်မှာ မဟုတ်ပါဘူး။
လှုပ်ရှားနိုင်မှုစွမ်းရည်
၁၇လသားအရွယ် ကလေးတွေရဲ့ ၉၀ ရာခိုင်နှုန်းကျော်လောက်ဟာ အတော်လေးကို လမ်းလျှောက်တတ်နေကြပြီး သူတို့ဖာသာ လမ်းလျှောက်သွားလာနိုင်တယ်၊ ကြမ်းပြင်ပေါ်က အရာတွေကို ကောက်ယူနိုင်တယ်၊ ဒါမှမဟုတ် ကိုယ်ခန္ဓာကို ကိုင်းညွှတ်ပြီး အဲ့အရာနဲ့ တစ်မိနစ်ကျော်လောက် ဆော့ကစားနေနိုင်တာ ပြီးတော့ ချက်ချင်း ပြန် မတ်တပ် ရပ်လိုက်ပြီး လမ်းဆက်လျှောက်သွားနိုင်ကြပါပြီ။ လွန်ခဲ့တဲ့ ရက်သတ္တပတ် (ဒါမှမဟုတ်လအနည်းငယ်) ခန့်ကပေါ့ သင့်ကလေးဟာ သင့်လက် ဒါမှမဟုတ် အိမ်ထောင်ပရိဘောဂ ပစ္စည်း တစ်ခုခုကို ကိုင်ပြီး အားမပြုထားပဲ လမ်းမလျှောက် နိုင်သေးပါဘူး။ ဒါ့ကြောင့် ကလေးရဲ့ လျင်မြန်သွက်လက်တာဟာ အံ့မခန်းပဲ။ ဒီလကတော့ ပြန်လည် ထိန်းညှိတာနဲ့ ကျွမ်းကျင်တာတွေ ပေါင်းစပ်တဲ့ ကာလပဲ ဖြစ်ပါတယ်။
အမြင့်ကို တွယ်တက်တာဟာ သူ့အတွက် အရမ်းကို ရင်ခုန်စိတ်လှုပ်ရှားစရာ တစ်ခုအဖြစ် ဆက်ရှိနေမှာပါ။ အချီမခံပဲ သူ့ဖာသာ လှေကားပေါ်တက်ခွင့်ပြုဖို့ တောင်းဆိုပါလိမ့်မယ်။ ဒါပေမယ့် သူ့လက်ကို ကိုင်ထားပေးဖို့တော့လိုပါတယ်။ သူဟာ ထိုင်ခုံ ဒါမှမဟုတ် သူ့ရင်ဘတ်လောက် အမြင့်ရှိတဲ့ ပရိဘောဂပစ္စည်းတွေအပေါ်ကို တက်ဖို့လည်း ကြိုးစားပါလိမ့်မယ်။ သူ အပေါ်ရောက်ပြီဆိုတာနဲ့ အရှေ့ဘက်ကို မျက်နှာပြန်လှည့်ထိုင်ဖို့ သူ့ကိုယ်သူ ပြန်လှည့်ပါလိမ့်မယ်။ (ကလေးဟာ သူ့ကိုယ်ခန္ဓာရဲ့ လုပ်နိုင်စွမ်းတွေကို ပုံမှန် စမ်းသပ်နေတဲ့ အတွက် သူဟာ အိမ် တစ်အိမ်လုံးကို မြန်မြန်ဆန်ဆန်ပဲ သွားလာနိုင်နေပါပြီ။ ဒါ့ကြောင့် သူ အိမ်အနှံ့ကို လိုက်စူးစမ်းနေတဲ့ အချိန်မှာ အန္တရာယ်မဖြစ်ရအောင် လှေကားတွေကို တံခါးဘောင်ခတ်တာ၊ ရေချိုးခန်းတံခါးတွေနဲ့ အိမ်ရဲ့ တချို့ အစိတ်အပိုင်း တွေကို child proof door latch တွေ တပ်ဆင်တာမျိုးတွေ လုပ်ပါ။) ကိုယ်ခန္ဓာရဲ့ လုပ်နိုင်စွမ်းတွေကို အသုံးချပြီး ပုခက်ကို ကျော်တက်ပြီး အပြင်ကို ထွက်တာမျိုး လုပ်တာမျိုးတွေ ဖြစ်တတ်ပါတယ်။ လုံခြုံမှုရှိစေဖို့အတွက် ပုခက်အတွင်းမှာရှိတဲ့ မွေ့ယာရဲ့ အမြင့်ကို အနိမ့်ဆုံးမှာ ထားပါ။ ဒီလိုလုပ်ထားတာတောင်မှ သင့်ကလေးက ပုခက် အပြင်ကို ကျော်တက်နေတုန်းဆိုရင် သင့်ဟာ ကလေးကို ပုခက်ထဲမှာ မသိပ်တော့ပဲ အိပ်ယာနဲ့ ပြောင်းသိပ်သင့်ပါတယ်။ ဒါမှသာ ကလေးဟာ အိမ်ယာအပြင်ကို ထွက်တဲ့အခါ ပုခက်လောက် မမြင့်တော့မှာ ဖြစ်ပါတယ်။
စကားသင်ယူနိုင်စွမ်း
မိဘဘဝရဲ့ ပျော်စရာအကောင်းဆုံးအတွေ့အကြုံတွေထဲက တစ်ခုကတော့ သင့်ကလေး စကားစ ပြောတတ်လာတာကို တွေ့မြင်ရတာပဲဖြစ်ပါတယ်။ ကလေးတချို့ဟာ တစ်ခါတစ်ရံမှာ နားလည်နိုင်တဲ့ စကားလုံးတွေကို ရောထွေးပြီး အဓိပ္ပါယ်မဲ့ လျှောက်ပြောတတ်ပါတယ်။ တချို့ကလေးတွေကတော့ တစ်လုံးကို ကြည်ကြည်လင်လင် ပီပီသသပြောနိုင်ပြီဆိုမှ နောက်တစ်လုံးကို ထပ်ပြောနိုင်ဖို့ ဝေါဟာရတွေကို ဖြေးဖြေးချင်း တည်ဆောက်ပြီး ကြိုးစားပါတယ်။ တချို့ကလည်း စကားလုံးတစ်လုံးထဲကို ရက်သတ္တပေါင်းများစွာ ပြောပြီး နောက် ရုတ်တရက် မပြောတော့တာ မျိုးလည်းရှိပါတယ်။ အဲ့တာဟာ တကယ်တော့ ပုံမှန် ဖြစ်လေ့ဖြစ်ထရှိပါတယ်။
အရာဝတ္ထုတွေကို နာမည်တပ်ပေးတာဟာ သင့်ကလေး စကားလုံးတွေကို သင်ယူဖို့အတွက် အထောက်အကူပေးရုံသာမက ခံစားတာတွေကို နာမည်တပ်ပေးနိုင်ပါတယ်။ ဥပမာ “လူသွားလမ်းက အရမ်းပူတယ်”၊ ဒါမှမဟုတ် အရာဝတ္တုတွေ ကိုလည်း နာမည်တပ်နိုင်ပါတယ် ဥပမာ “လေယာဉ်ပျံကြီး ကိုတွေ့လား?” ဆိုတာမျိုးတွေပေါ့။ သင့်ကလေးငယ်ကို လက်တွန်း လှည်းထဲ ထည့် တွန်းပြီး သွားနေချိန် ဒါမှမဟုတ်သူ့ကို ကျောပိုးပြီး သွားနေချိန်မျိုးတွေမှာ သင်မြင်သမျှ အရာဝတ္ထုတွေကို လက်ညှိုးထိုးပြီး ပြောပြပေးပါ။ သင်ဟာ တစ်ခုပြီးတစ်ခု ထပ်ထပ်ပြီး ပြောနေစရာမလိုပါဘူး။ သူ့ပတ်ဝန်းကျင်မှာ ဘာတွေရှိသလဲဆိုတာကို သူသတိထားမိရင်ရပါပြီ။ ကလေးစကားတွေလိုက်တုပြောမယ့်အစား သာမန်စကားလေးတွေ ပြောပေးပါ။ မကြာခင်မှာပဲ သင့်အကူအညီမပါပဲ သူ့ဖာသာ သူရင်းနှီးနေတဲ့ ပစ္စည်းတွေကို ပြောပြနိုင်လာပါလိမ့်မယ်။
အသိဉာဏ် ဖွံဖြိုးတိုးတက်မှု
အကယ်၍ ကျွန်တော်တို့ဟာ စိတ်ခံစားမှုတွေအတိုင်း လိုက်လုပ်ကိုင်နေကြမယ်ဆိုရင် ကမ္ဘာကြီးဟာ ဘယ်လိုတွေ ဖြစ်နေမလဲ။ အရွယ်ရောက်ပြီးသူတွေကရော ကိုယ့်ကိုကိုယ် ထိန်းချုပ်နိုင်စွမ်းမရှိကြရင်ရော? ၁၇လသားအရွယ် ကလေးတွေကို စောင့်ကြည့်လေ့လာလိုက်ပါ။ အချိန်တခဏအတွင်းမှာပဲ သင်အတွေးအခေါ်တွေ ရလာပါလိမ့်မယ်။ ကလေးတွေဟာ ကိုယ့်ကိုကိုယ် ထိန်းချုပ်နိုင်စွမ်းတွေနဲ့ မွေးဖွားလာတာ မဟုတ်ပါဘူး။ ဒါ့ကြောင့် သင့်ကလေးဟာ ဗိုက်ဆာတယ်ဆိုတာနဲ့ ချက်ချင်းကို စားချင်ပါတယ်။ သူ့ သူငယ်ချင်းကစားနေတဲ့ အရုပ်ကို လိုချင်ရင်လည်း ချက်ချင်းကို လိုချင်ပါတယ်။ အော်ဟစ်ငိုယိုလိုက်တာနဲ့ အစားအစာတွေ ချက်ချင်း အနားကိုရောက်မလာတတ်မှန်း သူနားမလည်ပါဘူး (ဒါပေမယ့် မွေးခါစမှာတော့ ဒီလိုအော်ဟစ်ငိုယိုလာတာက အလုပ်ဖြစ်ခဲ့ပါတယ်)။ ဒါမှမဟုတ် သူများတွေကစားနေတဲ့ အရုပ်ကို အင်နဲ့အားနဲ့ သွားလုတာဟာလည်း သူ့ကစားဖော်ကို ဒေါသထွက်စေတယ်ဆိုတာကိုလည်း နားမလည်ပါဘူး။ ၁၇လ အရွယ်မှာ ကလေးဟာ ဘလော့ဂ်တုံး ငါးတုံးလောက်ကို အပေါ်အောက်ဆင့်တဲ့နေရာမှာ ကျွမ်းကျင်ချင်ပါတယ်။ ဒါမှမဟုတ် သူဟာသူ့ဖိနပ်ကို သူ့ဖာသာစီးတာ၊ သူ့အမရဲ့ စက်ဘီးကို တက်စီးတာ၊ ဒါမှမဟုတ်ခက်ရင်းနဲ့ စားတာမျိုးတွေကို လုပ်ချင်ပါတယ်။ သူမလုပ်နိုင်ဘူးဆိုရင် သူဟာ စိတ်အလိုမကျတွေ ဖြစ်တတ်ပါတယ်။ သင့်ကလေးဟာ အရမ်း ဗိုက်ဆာ တာ၊ အရမ်းပင်ပန်းတာမျိုးတွေ ဖြစ်တဲ့အခါ ထိန်းချုပ်မရတဲ့ ဒေါသတွေ ဖြစ်တတ်ပါတယ်။ တစ်ခါတလေမှာ ထိန်းချုပ်မရတဲ့ ဒေါသတွေဆိုတာ သင့်ဆီကနေ ကြင်နာတဲ့ ထွေးပွေ့တာတွေ၊ ဂရုစိုက်တာတွေကို အရမ်းလိုအပ်လို့ပဲဖြစ်ပါတယ်။ အဲ့တာတွေဟာ သူ့ရဲ့ စိတ်ခံစားမှု မုန်တိုင်းတွေကို အဝေးကိုလွင့်စင်သွားစေပါတယ်။
ထိန်းချုပ်မရတဲ့ ဒေါသတွေဟာ မိဘတွေအတွက်တော့ အတော်ဆိုးပါတယ်။ သင့်ကလေး အသည်းအသန်ငိုနေတာကို ကြားနေရတာ ဒါမှမဟုတ် သင့်ကလေးက သင့်ကို ဒေါသတွေထွက်နေတာမျိုးတွေဟာ သည်းမခံနိုင်စရာ ဖြစ်တတ်ပါတယ်။ ဒါပေမယ့် ထိန်းချုပ်မရတဲ့ ဒေါသဆိုတာ နို့စို့ကလေးငယ် ဖွံ့ဖြိုးကြီးထွားမှုရဲ့ သာမန် အစိတ်အပိုင်း တစ်ခုသာ ဖြစ်ပါတယ်။
လူမှုရေး-စိတ်ခံစားမှုဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှု
သင့်ကလေးရဲ့ အကြိုက်တွေ မကြိုက်တာတွေရဲ့ တွန်းအားတွေကို သင်အံ့သြနေမိပါလိမ့်မယ်။ ၁၇ လအရွယ်မှာတောင် ကလေးတွေဟာ ဘာလုပ်ချင်တယ်၊ ဘာမလုပ်ချင်ဘူး၊ ဘာစားချင်တယ်၊ ဘာဝတ်ချင်တယ်ဆိုတာကို ရှင်းရှင်းလင်းလင်း ကျယ်ကျယ်လောင်လောင် ပြနိုင်နေပါပြီ။ တချို့ကလေးတွေကတော့ နောက်ပုံစံတစ်မျိုးနဲ့ သင့်ကို အံ့သြစေပါလိမ့်မယ်။ သူတို့ စိတ်တိုင်းမကျဖြစ်တဲ့အခါ ရိုက်ပုတ် တတ်ပါတယ်။ သူတို့ ရိုက်ပုတ်တဲ့ အဓိက ပစ်မှတ်ကတော့ သင်ပါ။ ဒါဟာ သင်မျှော်မှန်းထားတာနဲ့ ကွဲပြားနေတတ် ပါတယ်။ ဒါပေမယ့် ဒီလို ရိုက်ပုတ်တာမျိုးတွေဟာ သင့်အပေါ်ထားတဲ့ သူ့ယုံကြည်မှုရဲ့ ပြယုဒ်တစ်ခုပါပဲ။ ၁၇ လသား အရွယ်ကလေးတစ်ယောက်ဟာ သင်ကသူဘယ်လောက် စိတ်ပျက် ဒေါသထွက်သလဲဆိုတာကို ပြနိုင်တဲ့ လုံခြုံမှုပေးနိုင်တဲ့ လူတစ်ယောက်ဆိုတာကို နားလည်ပါတယ်။
၁၇လအရွယ်ကလေးအများစုဟာ လူစိမ်းတွေကို ကြောက်ရွံ့တတ်တာလျော့နည်းလာပါတယ်။ မုန့်ဆိုင်မှာ အနားက ဖြတ်သွားတဲ့ လူတိုင်းကို hello လို့ ပြောကောင်းပြောနိုင်ပါလိမ့်မယ် ဒါမှမဟုတ် သင်ဟာ သင့်ကလေးကို ခေါ်ပြီး တေးဂီတ သင်တန်း ဒါမှမဟုတ်အားကစားသင်တန်းကို သွားတဲ့အခါ သူက သင်တန်းဆရာအနားကို သွားနေတာမျိုးတွေပေါ့။ သူဟာ တခြားလူတွေနဲ့ ထူးကဲတဲ့ ဆက်ဆံတာတွေ စတင်နေပေမယ့် အမေနဲ့အဖေကတော့ သူ့ဘဝမှာ အရေးပါဆုံး လူတွေအဖြစ် ရှိနေဆဲပါ။ သူဟာ တခြားမိသားစုဝင်တွေ၊ ကလေးအထူးကုတွေ၊ အိမ်နီးနားချင်းတွေနဲ့တောင် လှုပ်ရှားမှု တွေလုပ်ဆောင်ရင်း ဆက်ဆံနေပါလိမ့်ဦးမယ်။ သင့်ဟာ သင့်ကလေးနဲ့အတူ သူ့အဖိုးတွေ အဖွားတွေဆီကို အလည်သွား တဲ့အခါ သူဟာသူ့အဖိုးကို ခြံထဲကိုခေါ်သွားပြီး အရင်တစ်ခေါက်လာလည်တုန်းက ပြထားတဲ့ နှင်းဆီပန်းတွေကို သွား စူးစမ်းနေပါလိမ့်ဦးမယ်။
Comments