(၁၆) လသားအရွယ် ကလေးငယ်တွေဟာ အရောင်တွေ ပုံသဏ္ဍာန်တွေနဲ့ နူးညံ့ ချောမွေ့တဲ့ မျက်နှာပြင်တွေကို အထူးသဖြင့် စိတ်ဝင်စားတတ်ပါတယ်။ ဒါ့ကြောင့် ကလေးအတွက် အရောင်ပါတဲ့ အရုပ်တွေကို ထပ်တိုးပေးခြင်းအားဖြင့် ကလေးငယ်အတွက် ပိုမို စူးစမ်းတာတွေကိုဖြစ်စေပြီး ကလေးကလည်း အကြိုက်တွေ့မှာပါ။ ၁၆လအရွယ်မှာ ကလေးငယ်က ကိုယ်ဆိုတဲ့ ကလေးသီချင်းတွေ ကာရံတွေကို ခုံမင်နှစ်သက်မယ့်အပြင် အတူတူလိုက်ဆိုဖို့ ကြိုးစားပါလိမ့်မယ်။ ကလေးရဲ့ အကြိုက်တွေကို ကိုယ်ကတဖြေးဖြေးနဲ့ ရင်းနှီးလာတာကို အလိုလို တွေ့ရှိလာပါလိမ့်မယ်။
လှုပ်ရှားနိုင်မှုစွမ်းရည်
လွန်ခဲ့တဲ့လတွေကတည်းက သူ့ ပတ်ဝန်းကျင်ကို စူးစမ်းရတာကို သဘောတွေ့တတ်ပြီး အရာဝတ္ထု တွေကို ကြုံရာ ကောက်ယူဆုပ်ကိုင်တာ၊ အဲ့ဒီ့ အရာဝတ္ထုတွေကို အနီးကပ်သေချာ စပ်စုတာ၊ သူ့ပါးစပ်ထဲ ထည့်ကြည့်တာ၊ ကြမ်းပြင်ပေါ်ကို ပစ်ချတာ မျိုးတွေ လုပ်တတ်ပါတယ်။ ပြီးတော့ ကလေးဟာ သူ့ရဲ့ ရုပ်ပိုင်းဆိုင်ရာ ဘာတွေအထိ လုပ်နိုင်တယ်ဆိုတာ စမ်းနေတာမျိုးတွေကို တွေ့ရမှာပါ။ သူဟာ သူ့ကိုယ်သူ လမ်းလျှောက်နိုင်တာကို သိတယ်။ ဒါ့ကြောင့် သူဟာ ဘလော့ဂ်တုံးတွေထည့်ထားတဲ့သေတ္တာလိုမျိုး လေးလံတဲ့ အရာဝတ္ထုတွေကို သယ်ဖို့ကြိုးစားတာ မျိုးတွေပါ။ သူဟာ ဆိုဖာခုံပေါ်ကို တွယ်တက်နိုင်တယ်လို့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်ချက်ရှိလာတဲ့အခါ မီးဖိုချောင်ထဲကို ခုံကိုတွန်းသယ်ပြီး ခုံပေါ်တက်ကာ မီးဖိုခုံအပေါ်မှာ ဘာတွေရှိလဲဆိုတာကို စူးစမ်းပါလိမ့်မယ်။ အိမ်ကို ကလေးလုံခြုံရေး (child proof) မလုပ်ရသေးဘူးဆိုရင် မလုပ်မနေလုပ်လိုက်ပါတော့။ မီးဖိုချောင်ဟာ ကလေးအတွက် အထူးသဖြင့် အန္တရာယ်ရှိတဲ့ နေရာတစ်ခုပါ။ မီးဖိုရဲ့ အနောက်ဖက်ကနေ ဟင်းအိုးလက်ကိုင်ကို မီးဖိုအတွင်းဘက်ကိုထားပြီး ကလေးလက်လှမ်းမမီအောင်ထားတဲ့ အလေ့အကျင့်လေးလုပ်ပေးပါ။ အန္တရာယ်ရှိတဲ့ သန့်ရှင်းရေးသုံး ထုတ်ကုန်တွေ၊ ဆေးဝါးတွေကို အပြင်မှာ အလွယ်တကူမထားပဲ သော့ပိတ်ပြီး ထိန်းထိန်း သိမ်းသိမ်းထားပါ။
ဘာသာစကား သင်ယူနိုင်မှု
ပြီးခဲ့တဲ့ ရက်သတ္တပတ်တွေ လတွေအတွင်း ကလေးဟာ သူ့ဘာသာ လွတ်လွတ်လပ်လပ် လုပ်ကိုင်တာတွေကို စမ်းသပ်နေကြောင်း မြင်တွေ့ပြီးဖြစ်ပါတယ်။ ကျွမ်းကျင်သူတွေရဲ့ အဆိုအရ ကလေးတစ်ယောက်ဟာ သူသိ သလောက်ကို ပြန်ပြောနိုင်နေပြီဆိုရင် သူဟာသူ့ဘာသာ ရပ်တည်နေနိုင်ပါပြီ။ ၁၆လသား ကလေးငယ်ဟာ စကား ၇ လုံး လောက်သော်လည်းကောင်း ပို၍သော်လည်းကောင်း ရှင်းရှင်းလင်းလင်းပြောတတ်နေပါပြီ။ ဒါပေမယ့် အများအားဖြင့်တော့ သူဟာ ကြိယာမပါတဲ့ စကားပြောတာတွေ၊ ညွှန်ပြတာတွေ၊ ခြေဟန်လက်ဟန်တွေနဲ့ သူဘာ လိုချင်တယ် သင့်ကို ဘာကြည့်စေချင်တယ်ဆိုတာတွေကို ပြောပြပါလိမ့်မယ်။
ကလေးငယ်ဟာ သူပြောနိုင်တဲ့ စကားတွေထက်ပိုပြီး စကားလုံးတွေကို နားလည်နိုင်နေပါပြီ။ (ကလေးငယ် အတွက် အခက်အခဲတစ်ခုကတော့ သူများရဲ့ ပြောစကားနားလည်ဖို့ ကြိုးစားတာမဟုတ်ပဲ သူတို့ရဲ့ နှုတ်ခမ်း၊ လျှာနဲ့ အသက်ရှူတာတွေကို ပေါင်းစပ်ပြီး သူတွေနားလည်အောင် ဘယ်လိုပြောရမလဲဆိုတာပါပဲ) တစ်ရက်မှာ မိသားစုမွေးထားတဲ့ ခွေးလေးကို ကားသော့တွေ ငါဘယ်မှာထားမိပါလိမ့်လို့ ပြောလိုက်မိတဲ့အခါ ကလေးက သော့ချိတ်ထားတဲ့နေရာကို ညွှန်ပြတာမျိုး ဒါမှမဟုတ် သ ဖိနပ်စင်က သူ့ဖိနပ်ကိုသွားယူခိုင်းတဲ့အခါ သူဟာ ခက်သုတ်သုတ်လျှောက်သွားပြီး မိနစ်အနည်းငယ်ကြာတဲ့အခါ ဖိနပ်တွေယူပြီး ပြန်လာတာကို အံ့သြဖွယ် ကြုံတွေ့နိုင်ပါတယ်။ ဒါဟာ စိတ်ကူးယဉ်ပြီး လျှောက်မြင်နေတာမျိုး မဟုတ်ပါဘူး။ ဘာပြောတယ်ဆိုတာကို သူတကယ်ကို သိနားလည်တာပါ။
အသိဉာဏ် ဖွံ့ဖြိုးတိုးတက်မှု
ဒီအချိန်မှာ သူ့အမေက ပုံမှန် ပုံပြင်တွေဖတ်ပြတာကို နှစ်ခြိုက်တတ်ပါလိမ့်မယ်။ ဒါ့အပြင် တစ်ခါတစ်ရံမှာ သူ့အမေ ပုံပြင် ဖတ်ပြဖို့မေ့တဲ့ အခါမျိုးမှာတောင် သတိပေးပါလိမ့်မယ်။ ပုံပြင်အကြောင်းအရာတွေကို တစ်ချိန်ထဲမှာ မှတ်မိဖို့ သူ့အတွက် မဖြစ်နိုင်ပါဘူး။ ဒါပေမယ့် အကြောင်းအရာသစ်တွေကို အထပ်ထပ်အခါခါပြောပြပေးပါ။ ကလေးကို ဘာလုပ်ရမယ် ဆိုတာမျိုး သင်ပေးချင်တယ်ဆိုရင် ရိုးရှင်းပါတယ်။ ဒီအချက်ကို လုပ်ဆောင်ဖို့ သတိရပါ မိခင်တို့။ သင်ပေးချင်တဲ့ အရာတွေကို ကလေးပတ်ဝန်းကျင်မှာ ထပ်ခါတလဲလဲ လုပ်ပြပြောပြဖို့ပါပဲ။ မိခင်တို့ သိမှတ်စရာ အချက်ကလေးတစ်ခုကတော့ပုံပြင်တစ်ခုကို အကြိမ်ပေါင်းများစွာ ဖတ်ပြ ပြောပြနေတဲ့ အတွက်ကြောင့် ကလေးကို မပျင်းသွားပါစေနဲ့။ ပုံပြောတဲ့ မိခင်က ဇာတ်ကောင်တွေကို ပြောင်းလဲပြောပြနိုင်ပါတယ်။ ဒီနေ့ကို မြေခွေး အကြောင်းပြောတဲ့အခါ။ နောက်နေ့ကျ အနီဝတ်ရုံခြုံတဲ့ ကောင်မလေးအကြောင်း ပြောင်းပြောပါ။ ကလေးဟာ ရင်ခုန် စိတ်လှုပ်ရှားစွာနဲ့ ပုံပြင်ကို နားထောင်ပါလိမ့်မယ်။
လူမှုရေး-စိတ်ခံစားမှုဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှု
အခုလို ငယ်ရွယ်တဲ့ အသက်အရွယ်မျိုးမှာတောင် ကလေးငယ်ဟာတစ်ခုခု မှန်တာကို လုပ်လိုက်ရင် သူ့ကို ပွေ့ဖက် တာ၊ ရယ်မောတာ၊ မြှောက်ပြောတာ စတဲ့ အကောင်းဆန်တဲ့ ဆုလာဘ်တွေ ရရှိတာကို သိနေပြီး သူဟာ တစ်ခုခု မကောင်းတာ၊မှားတာလို့ သူ့အပြုအမူတွေကို လူတွေက သဘောမကျတာ လျစ်လျူရှုတာတွေကိုလည်း သိရှိနေပါပြီ။ ( အံ့အားသင့်စေမယ့် အရာတွေကတော့ ကလေးငယ်ဟာ မတူညီတဲ့ လူတွေရဲ့ ကြိုက်တာတွေ မကြိုက်တာတွေကို မြန်မြန်ဆန်ဆန်နဲ့ သိတတ် နားလည်တာပါ။ ဥပမာ – သူက ကော်ဖီစားပွဲကို အရုပ်နဲ့ ရိုက်တာ ဒါမှမဟုတ် ခွေးရဲ့ အမြီးကိုဆွဲတာ၊ အကိုအမတွေ ရယ်သံရှည်တွေကြားတဲ့အခါ သင့်ဆီကနေ မျက်မှောင်ကြုတ်တဲ့ အမူအရာမျိုးတွေ ဖြစ်ပါတယ်။)
တွေ့ရမယ့်သူထံက အခြေခံ လူမှုရေး ဆက်ဆံပြုမူပုံမျိုးတွေကတော့ လက်ပြတာ၊ ပြုံးတာ၊ တူတူရေ ဝါး ဆော့တာနဲ့ တခြား ရိုးရှင်းတဲ့ ဟန်ပန်တွေပဲ ဖြစ်ကြပါတယ်။ ဒါတွေဟာ အတုယူရာကနေ တတ်မြောက်လာတဲ့ သူ့ရဲ့ ကိုယ်ပိုင် လူမှုဆက်ဆံရေး ဟန်တွေပါ။ ၁၆လအရွယ် ကလေးဟာ သူ့ကို လုပ်ပြသမျှတွေကို ပြန်လုပ်ပြတတ်နေပါပြီ။ သူ့ကို ပွေ့ဖက် နမ်းရှုံ့တာမျိုးတွေလုပ်တဲ့ အခါ သူကလည်း သင့်လိုပဲ ပြန်လုပ်ပါလိမ့်မယ်။
Comments