(၁၅) လအရွယ်ကလေးရဲ့ ဖွံ့ဖြိုးတိုးတက်ခြင်း

by: Khin Nyein Lwin
 1 comments  48 love

ကလေးရဲ့အစာစားလိုစိတ် လျော့ကျလာရင် မအံ့သြပါနဲ့။ ခွက်ကိုအသုံးပြုပြီး သောက်တတ်နိုင်ပြီး ဇွန်းကိုလည်း အသုံးပြုနိုင်ပေမယ့် လက်နဲ့စားရတာကိုပဲ ပိုသဘောကျပါလိမ့်မယ်။

၁၅ လအရွယ် ကလေးငယ် အများစုဟာ လမ်းလျှောက်နိုင်ကြပါပြီ။ ကလေးငယ်ဟာ သူ့ခြေထောက်အပေါ်မှာ ယုံကြည်တာမရှိရင်တောင်မှ သူဟာ တစ်နည်းမဟုတ် တစ်နည်းနဲ့ ရွေ့လျားသွားလာဖို့ စိတ်ထားထက်သန်နေပါပြီ။ သူဟာ သူ့ရဲ့ အသစ်တတ်မြောက်လာတဲ့ အရည်အသွေးတွေကို စမ်းသပ်ဖို့ နည်းလမ်းပေါင်းစုံနဲ့ လုပ်ဆောင်ပါလိမ့်မယ်။

 လှုပ်ရှားနိုင်မှုစွမ်းရည်

 ကိုယ့်ဘာသာ မတ်တပ်ရပ်နိုင်ရုံသာမက ကောင်းကောင်းမွန်မွန်သွားလာနိုင်နေပါပြီ။  ကြောက်ရွံ့တာမရှိပဲ တွယ်တက်တာ၊ ခုန်လွှားတာတွေကို စိတ်ပါဝင်စားတတ်နေပါပြီ။ ဒါကြောင့်  ကလေးကို အန္တရာယ်မဖြစ်အောင် သူတစ်ယောက်တည်းကို ခဏလေးတောင် တစ်ယောက်တည်း မဖြစ်စေပဲ အမြဲတစေ အာရုံစိုက်ရပါမယ်။ ဒီအရွယ် ကလေးတွေဟာ ဘယ်မှာ ကစားရမယ် မကစားရဘူးဆိုတာကို မသိနားမလည်သေးပါဘူး။ သူတို့ လုံခြုံရေးအတွက် အကောင်းဆုံးနည်းလမ်းကတော့ လှေကားကို ဘားတန်းတွေကာရံထားတာ၊ သံထည်လို ချွန်မြတဲ့ ပစ္စည်းတွေကို အဝတ်ပတ်ထားပေးတာစတာတွေပဲ ဖြစ်ပါတယ်။

သော့တွေ၊ ခဲတံ၊ နှုတ်ခမ်းနီတွေ၊ လက်ပတ်နာရီ စတဲ့ ပိုက်ဆံအိတ်ထဲမှာ ရှိတဲ့ ပစ္စည်းတွေဟာ ကလေးရဲ့ စိတ်ဝင်စားစရာတွေပါ။ ကလေးတွေက ထိုအရာတွေကို ကြည့်ချင်ရုံသာမက အဲ့ဒါတွေကို အသုံးပြုနေတဲ့ပုံကို ကြည့်ပြီး သူကလည်း ကိုယ်လုပ်သလို လိုက်လုပ်ချင်လို့ပဲဖြစ်ပါတယ်။ ပြဿနာကတော့ ကလေးက နှုတ်ခမ်းနီတောင့်ကို ယူဆော့တာမျိုး ကိုယ်ကသဘောကျမှာ မဟုတ်ပါဘူး။  စိန်ခေါ်တာတစ်ရပ်ကတော့ ကိုယ်လုပ်သလို သူလိုက်လုပ်ချင်နေတဲ့ သူ့ဆန္ဒတွေကို အန္တရာယ်ကင်းကင်းနဲ့ သူစိတ်ကျေနပ်သွားအောင် ဘယ်လိုလုပ်မလဲဆိုတာပါပဲ။ သူ့အတွက် သီးသန့် ပလက်စတစ်သော့တွဲပေးထားတာမျိုး စဉ်းစားကြည့်ပါ။ ပိုက်ဆံအိတ်အဟောင်းထဲ ဆံပင်ဘရှက်စ်တွေ ဘီးတွေ ထည့်ပေးပြီးလည်း သူ့ကို ပေးနိုင်ပါတယ်။ ကလေးငယ်ရဲ့ လက်တွေ တစ်မိနစ်၊ နှစ်မိနစ်အထက်လောက် မအားအောင် လုပ်လို့ရတဲ့ နည်းလမ်းပေါင်း များစွာရှိပါတယ်။ ဥပမာ အဝတ်လျှော်တာလိုမျိုး အဖုံးပါတဲ့ ပလတ်စတစ်သေတ္တာထဲ တစ်ရှုး ဒါမှမဟုတ် အိမ်သာသုံးစက္ကူအခွေတွေ၊ ကွေကာအုပ်ဘူးခွံစတဲ့ ပစ္စည်းတိုပစ္စည်းစတွေ ဖြည့်ထားပါ။ ကလေးငယ်က သေတ္တာထဲ လက်နှိုက်ပြီး ထည့်ထားတဲ့ ပစ္စည်းတွေဟာ ရည်ရွယ်ချက်ရှိသလိုမျိုးထင်ပြီး သူတို့ကို ဘယ်လိုသုံးရမလဲဆိုတာ ကြိုးစားထုတ်ဖော် နေပါလိမ့်မယ်။

 စကားသင်ယူနိုင်စွမ်း

ကလေးတွေရဲ့ ၇၅ ရာခိုင်နှုန်းဟာ “မေမေ”၊ “ဖေဖေ” အပြင် အများအားဖြင့် နာမ် စကားလုံးတွေ (ဥပမာ “ကွတ်ကီး”၊ “ဘောလုံး”၊ “ခွေး” နဲ့ “မန်မန်” စကားလုံးတွေအပြင် ကလေးတွေ့ရဲ့အကြိုက်ဆုံးစကားလုံး “ဟင့်အင်း” ဆိုတာတွေ)ဟာ ကလေးတွေ အစောဆုံးပြောတတ်ကြတဲ့ ပုံမှန်စကားလုံးတွေပါပဲ။ ၁၅လသားအရွယ် စံကလေး တစ်ယောက်ဟာ ရိုးရှင်းတဲ့ အမိန့်စကားတွေ (ဥပမာ “ဖိနပ်တွေယူလာခဲ့” ဒါမှမဟုတ် “စာအုပ်ကို ချလိုက်”) ကို လိုက်နာ တတ်နေပါပြီ။ သူဟာ တချို့သော စကားစုတွေ (ဥပမာ “မဟုတ်ဘူး”၊ “ဒီကိုလာ”၊ “ငါ့ကိုပြ”၊ “ကြည့်စမ်း”) ကိုလည်း နားလည်တတ်နေပါပြီ။ ကလေးက စကားသင်ဖို့ အချိန်ကြာနေတယ်ဆိုရင် သူနဲ့အတူတူ အချိန်အတော်ကြာ စာဖတ်ပါ။ ပုံပါတဲ့ ရုပ်ပြစာအုပ်တွေကို ကြည့်ပြီး သူရင်းနှီးတဲ့ အရာဝတ္ထုတွေကို လက်ထောက်ပြတာဟာ သူ့ မှတ်ဉာဏ်ထဲမှာ အချက်အလက် တွေကို မှတ်ထားပြီး အနာဂတ်မှာပြန်သုံးနိုင်ဖို့အတွက် အကူအညီပေးပါလိမ့်မယ်။ ကလေးစကားပြောသလို အတုလုပ်ပြော တာမျိုးတွေဟာ ကလေးအတွက် ရှုပ်ထွေးတာတွေ ဖြစ်နိုင်တဲ့အတွက် ရှောင်ကြဉ်ရပါမယ်။ ကလေးငယ်က “doggy(ဒေါ်ဂီ)” လို့ပြောရမယ့်အစား “goggy(ဂေါ်ဂီ)” လို့ပြောလာခဲ့ရင်  သူပြောသလိုလိုက်တု ပြောမယ့်အစား “ဟုတ်တယ်။ အဲ့တာ ဒေါ်ဂီ” လို့ အသံထွက်အမှန်အတိုင်းပြောသင့်ပါတယ်။

အသိဉာဏ် ဖွံ့ဖြိုးတိုးတက်မှု

ဦးနှောက်ရဲ့ အကောင်းမွန်ဆုံးဖွံ့ဖြိုးတိုးတက်မှု အကျိုးကြောင့် ၁၅လသားအရွယ် ကလေးတစ်ယောက်ရဲ့ တွေးခေါ် နိုင်စွမ်းဟာလည်း ပိုမိုကောင်းမွန်လာပါတယ်။ မတူညီတဲ့ အသွင်တွေ ပုံစံတွေကို ခွဲခြားတတ်လာရုံသာမက အမေက မေးတဲ့အခါ ဘာလဲဆိုတာကိုပါ ပြလာနိုင်တတ်ပါတယ်။ ကလေးရဲ့ တွေးခေါ်နိုင်စွမ်းတိုးတက်လာအောင် သင်ဟာ ကလေးအတွက် ရောင်စုံစာအုပ်လေးတွေ ဝယ်ပေးသင့်ပါတယ်။ ကလေးကို လက်ကိုင်ပုဝါတစ်ထည်ပေးထားပြီး သူက ဘယ်အရောင်ကိုကြိုက်လဲ သူ့အမေက ဘယ်အရောင်ကိုကြိုက်လဲ ဆိုတာတွေကို မေးပါ။ ကလေးရဲ့ ကာကွယ်ဆေးထိုးချိန် အချိန်ဇယားအရ ဒီလကုန်ရင် အမေတွေအတွက် ဝက်သက်၊ ပါးချိတ်ယောင်၊ ဂျိုက်သိုး၊နဲ့ ဟစ်ရောဂါ ကာကွယ်ဆေး လေးကြိမ်မြောက် ထိုးဖို့အချိန်ကျပါပြီ။ 

လူမှုရေး-စိတ်ခံစားမှုဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှု

၁၅လ အရွယ်ကလေးတွေဟာ အမေရဲ့အကူအညီမပါပဲ သူတို့သာသာ တစ်အိမ်လုံးပတ်ပြီး လမ်းလျှောက်နေရတာကို သဘောကျတတ်ပါတယ်။ သူ့အရုပ်နောက်ကို တစ်ကောက်ကောက်လျှောက်လိုက်နေပြီး ပျော်ရွှင်နေရတာ သဘောကျ တတ်ပါတယ်။ ကလေးကို ဂရုစိုက်တယ်ဆိုပြီး ကလေးရဲ့ ပျော်ရွှင်မှုကို မထိခိုက်ပါစေနဲ့ မေမေတို့ရေ။ ကလေးအသက် ၂ နှစ်ပြည့်တဲ့ အချိန်ကစလို့ အမေတွေ အများဆုံးပြောကြတဲ့ စကားတွေကတော့ “မလုပ်နဲ့” ပဲ ဖြစ်ပါတယ်။ စိတ်ပိုင်းဖြတ်တဲ့ သဘောထားအရ သူဟာ သူ့ကိုခိုင်းတဲ့ အတိုင်းလုပ်ဖို့ တစ်ခါတစ်ရံမှာ ငြင်းဆိုပါလိမ့်မယ်။ ဒါဟာ ခေါင်းမာတာမျိုးမဟုတ်ပါဘူး။ ဒီအချိန်ဟာ သူရဲ့ ဆုံးဖြတ်ချက်ချတာကို သင်ယူရမယ့်အချိန်ပါပဲ။ ဒါ့ကြောင့် စည်းကမ်းတွေ အရမ်းတင်းကြပ်တာမျိုးရှောင်ကြဉ်ရပါလိမ့်မယ်၊ မဟုတ်ရင် သူဟာ လမ်းလွဲသွားပါလိမ့်မယ်။ အဲ့လိုမျိုး လုပ်မယ့်အစား အမေဟာ သူ့ကို စည်းမျဉ်းတွေ စည်းကမ်းတွေ အကြောင်းကို အေးအေးဆေးဆေး ညှင်ညှင်သာသာ ပြောပြပြီး သူတို့ကို လိုက်နာဖို့ အားပေးပါ။ ဟုတ်ပါတယ် ကလေးတွေအတွက်လည်း စည်းမျဉ်းစည်းကမ်းဆိုတာမျိုး ရှိသင့် တယ်လေ။

မိခင်တို့ သိမှတ်စရာများ

ကလေးကို အစာကျွေးခြင်း

၁၅လသား အရွယ်ကလေးတွေဟာ အစားအစာအမျိုးအစား အများကြီးစားနေကြပြီး အရသာတွေကိုလည်း သိနေကြပါပြီ။ တစ်ရက်အတွင်း သုံးနပ်နဲ့ အာဟာရရှိတဲ့ သရေစာ နှစ်ကြိမ် ဒါမှမဟုတ် သုံးကြိမ် ကျွေးပါ။ ကလေးကြီးထွားနှုန်းဟာ အသက်၂နှစ်အရွယ်မှာ နှေးတဲ့အတွက် ကလေးရဲ့ အစာစားလိုစိတ် လျော့ကျလာရင် မအံ့သြပါနဲ့။ သင့်ကလေးက ခွက်ကိုအသုံးပြုပြီး သောက်တတ်နိုင်ပြီး ဇွန်းကိုလည်း အသုံးပြုနိုင်ပေမယ့် လက်နဲ့ စားရတာ ကိုပဲ ပိုသဘောကျပါလိမ့်မယ်။

အညစ်အကြေးစွန့်တာ

သင့်ကလေးကို  အစားအစာအသစ်ကျွေးတာနဲ့ နို့တိုက်တဲ့ အပေါ်မူတည်ပြီး သင့်ကလေးရဲ့ သေးခံအဝတ်ရဲ့ ပုံပန်းသဏ္ဍာန်နဲ့ လဲပေးရတဲ့ ကြိမ်နှုန်းဟာ တစ်နေ့နဲ့တစ်နေ့ မတူပြောင်းလဲ ပါလိမ့်မည်။ သင့်ကလေး ဝမ်းပျက်ဝမ်းလျှောဖြစ်တာ ဒါမှမဟုတ် ဝမ်းချုပ်တာမျိုးဖြစ်တာနဲ့ ဆရာဝန်ကို သွားပြပါ။

အိပ်စက်တာ

အိပ်စက်တာပုံစံ အမျိုးမျိုးရှိသည့်အနက် ကလေးငယ်တွေဟာ နေ့ခင်းနေ့လည် ခဏအိပ်ချိန်အပါအဝင် တစ်နေ့ကို ၁၂ နာရီကနေ ၁၄ နာရီအထိ အိပ်စက်ဖို့လိုအပ်ပါတယ်။

Kalay.com.mm မှ ရေးသားဖော်ပြနေသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များမှ Facebook Page များအတွက် ပြန်လည်ကူးယူခြင်း၊ ဆင်တူယိုးမှား ဖော်ပြခြင်းများ မပြုပါရန် လေးစားစွာ အသိပေးအပ်ပါသည်။
From Kalay with



Comments

0 comments
Latest video
Refer to more useful articles