အပြန်အလှန်ဆက်သွယ်ရေး အဆင့်သစ် တစ်ခုလုံးအတွက် အသင့်ပြင်ထားလိုက်ပါ။ သင့်ကလေးငယ်ရဲ့ ညွှန်ပြတာ၊ ငြင်းဆိုတာတွေရဲ့ ဆန်းကြယ်တာတွေကို ရှာဖွေတွေ့ရှိတာဟာ သင်နဲ့ သင့်ကလေး နှစ်ဘက် အပြန်အလှန် ဆက်သွယ်တာ ရဲ့ အစပဲဖြစ်ပါတယ်။ ၁၃လ မတိုင်ခင်မှာတော့ ကလေးဟာ လိုက်လိုက်လျောလျော ရွှင်ရွှင်ပြပြ ကလေးလေး တစ်ယောက် ဖြစ်ခဲ့ပြီး သင်ဟာသူ့ရဲ့ လိုအပ်ချက် ဆန္ဒတွေကို ခန့်မှန်းပြီး လုပ်ဆောင်ပေးခဲ့ရပါတယ်။ အခုတော့ ၁၃ လ အရွယ်ကို ရောက်လာတဲ့အခါ သင့်ရဲ့ ကလေးငယ်က သူ့ရဲ့ လိုအပ်ချက်တွေ ဟုတ်/မဟုတ် သူ့အလိုဆန္ဒတွေ ပြည့်/မပြည့် သူကိုယ်တိုင် စိတ်ပါဝင်စားလာတတ်ပြီလေ။
ခန္ဓာကိုယ် ဖွံ့ဖြိုးတိုးတက်မှု
လမ်းလျှောက်စမ်းတဲ့ အသက်အပိုင်းအခြားတွေဟာ တခြားအရာတွေနဲ့ နှိုင်းယှဉ်ရင် လှုပ်ရှားနိုင်တဲ့စွမ်းရည်အပိုင်းမှာ ကျယ်ပြောပါတယ်။ ၂လ နဲ့ ၃လကြား နို့စို့အရွယ်ကလေးတွေ အားလုံးလိုလိုဟာ သူတို့ရဲ့ ခေါင်းကို သူတို့သယ်နိုင်နေပါပြီ။ ဒါပေမယ့် ကလေးက ၉ လသားအရွယ်မှာ စောပြီး လမ်းလျှောက်စမ်းတာဖြစ်ဖြစ်၊ ၁၈လ သားအရွယ်မှ နောက်ကျပြီး လမ်းလျှောက်တာ ဖြစ်ဖြစ် နှစ်ခုစလုံးဟာ ပုံမှန်ပါပဲ။ ဒီအပတ်ထဲမှာ သင့်ကလေးက လေးဘက်ထောက်သွားလို့ပဲဖြစ်ဖြစ်၊ လမ်းလျှောက်လို့ပဲ ဖြစ်ဖြစ် စပြီးရွေ့လျား သွားလာ နေပြီဆိုရင် မအံ့သြကြပါနဲ့တော့။ ဒါဟာ အချီအပွေ့ကို မခံချင်တော့လို့ပဲ ဖြစ်ပါ တယ်။ သင့်ကလေးက လွတ်လပ်မှုရဲ့ အရသာကို ခံစားလိုက်ရတာနဲ့ သူ့ကိုချီဖို့ပွေ့ဖို့ ခက်ခဲသွားပါလိမ့်မယ်။ (သူဟာ ကုန်စုံဆိုင်လိုမျိုး ဈေးဝယ်စင်တာလိုမျိုး စတဲ့အပြင်တစ်နေရာရာကို သွားဖို့ကြိုးစားနေတာပါ)။ ကလေးက လမ်းလျှောက် စမ်းလို့ လဲကျတဲ့ အခါမျိုးမှာ သင်က ဒေါသမထွက်မိအောင် ထိန်းပါ။
လဲကျတဲ့အချိန်မှာ သူတကယ် ထိခိုက်နာကျင် သွားတာမဟုတ်ရင် သူ့ဆီအပြေးအလွှားသွားပြီး ထူတာကူတာမျိုးတွေ မလုပ်မိပါစေနဲ့။ လဲကျတယ်ဆိုတာ လမ်းလျှောက် သင်တာရဲ့ ရှောင်လွှဲမရတဲ့ တစ်စိတ်တစ်ပိုင်းပါ။ မညီမညာတဲ့ မျက်နှာပြင်တွေအပြင် တွန့်ခေါက်နေတဲ့ ကော်ဇောတွေ၊ သဲတွေဖြည့်ထားတဲ့ ကစားတဲ့နေရာတို့လို နူးညံ့တဲ့ မျက်နှာပြင်တွေပေါ်မှာ လမ်းလျှောက်သွားလာ တာတွေဟာ တစ်ခါတလေမှာ ကလေးကိုလဲကျတာတွေ ဖြစ်စေပေမယ့် တကယ်တမ်းမှာတော့ အဲ့ဒါဟာ အရမ်းကိုကောင်းမွန်တဲ့ လေ့ကျင့်မှုတစ်ခုပါ။ စိတ်ရှည်ရှည်ထားပြီးသာ သင့်ကလေးရဲ့ ကိုယ့်အားကိုယ်ကိုးနိုင်မှုကို စမ်းသပ်နိုင်ဖို့အတွက် အန္တရာယ် ကင်းတဲ့နေရာတွေကို သူ့အတွက်ဖန်တီးပေးပါ။ လမ်းလျှောက်ရင်း အခက်ကြုံတာမျိုး ဟန်ဆောင်ပြတဲ့အခါ သင့်ကလေးငယ်က အရမ်းကို သဘောကျပါလိမ့်မယ်။ သူမြင်နိုင်တဲ့ နေရာမျိုးမှာ သင်က လမ်းလျှောက်နေတုန်း “ဝူး” လို့ အသံပြုရင်း လဲကျတော့မလိုဟန်လုပ်ပြီး သူ့ကိုရယ်မောစေတဲ့ ဟာသလို အလေ့အကျင့်လေး လုပ်ပေးပါ။ ဒီလိုမျိုး လူကြီးတစ်ယောက်ရဲ့အခက်အခဲရှိနေတဲ့ပုံလိုမျိုး သူတို့ကို ရယ်မောစရာဖြစ်အောင် ရည်ရွယ်ချက်ရှိရှိနဲ့ လုပ်ပေးတာဟာ ကလေးငယ်တွေအတွက် ကိုယ့်ကိုယ်ကို ယုံကြည်မှုကို ဖြစ်စေပါတယ်။ အဲ့လိုလုပ်ပြတာဟာ သင့်ကလေးငယ်အတွက် ရယ်ရွှင်စရာဖြစ်နေသမျှ ဆက်လုပ်နေပါ။ သင့်ကလေးငယ်ဟာ ဆထက်တပိုး တိုးတိုးပြီး ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိရှိနဲ့ လမ်းလျှောက်နိုင်တဲ့လူ ဖြစ်လာပါလိမ့်မယ်။
လုံခြုံရေးဂိတ် အဟန့်အတားတစ်ခုကို လှေကားနားမှာ သင်မလုပ်ထားမိဘူးဆိုရင် အခုသေချာအောင် ခြေတစ်လှမ်း နှစ်လှမ်းစာ တပ်ဆင်လိုက်ပါတော့။ တခြားများစွာသော အားသုံးပြီးဖွင့်လို့ရတဲ့ တံခါးတွေထက်စာရင် ကွန်ပျူတာစနစ်နဲ့ ဖွင့်ရတဲ့တံခါးတွေဟာ ကလေးတွေ အလွယ်တကူ မဖွင့်နိုင်တဲ့အတွက် ကွန်ပျူတာစနစ်နဲ့ ဖွင့်ရတဲ့တံခါးတွေဟာ အကောင်းဆုံး ရွေးခြယ်မှုတစ်ရပ်ပါ။
ဆက်သွယ်ခြင်း
နို့စို့ကလေး အများစုဟာ စကား သုံး လေးလုံး ပါဝင်တဲ့ ဝေါဟာရတွေကို ပြောတတ်နေပါပြီ။ သင့်ကလေးငယ်ဟာ “မာမား” ဒါမှမဟုတ် “ပါပါး”၊ ကျေးဇူးတင်ပါတယ်လို့ အဓိပ္ပါယ်ရတဲ့ “တာ့တာ”၊ ပုလင်း ဒါမှမဟုတ်ဘောလုံးအတွက် “ဘာ” ပြီးတော့ “ဘိုင့်ဘိုင်” ဆိုတဲ့ စကားတွေကို ပြောကောင်းပြောနိုင်နေပါပြီ။ ဒါပေမယ့် သူဟာ အဲ့လိုမပြောနိုင်သေးဘူးဆိုရင်လည်း စိတ်မပျက်ပါနဲ့။ ကျွမ်းကျင်ပညာရှင်တွေ ပြောသလိုဆိုရင် သူဟာဘာသာစကားကို သိချင်နေတဲ့ “passive” အပိုင်းမှာ ရှိနေဆဲကြောင့်သာ ဖြစ်ပါတယ်။ ဆိုလိုတာကတော့ သူဟာ သူ့အနီးနား ပတ်ဝန်းကျင် မှာရှိတဲ့စကားလုံးတွေ ပြောစကားတွေကို စုယူ မှတ်သားနေပြီး ရရှိလာတဲ့ အချက်အလက်တွေကို နောက်အနာဂတ်မှာ ပြန်အသုံးပြုဖို့အတွက် အစီအစဉ်လုပ်နေတာပဲဖြစ်ပါတယ်။ သူဟာစကားလုံးတစ်လုံးတစ်လေ သေသေချာချာမပြောသေးဘူးဆိုရင်တောင်မှ သူဟာ သူ့လိုအပ်ချက်တွေကို ခြေဟန်လက်ဟန် (သူ့ကို ချီစေလိုတာကြောင့် သူ့လက်ကို ဆန့်တန်း ပေးတာမျိုး)၊ အသံတွေနဲ့ ကိုယ်ဟန် အနေအထားတွေ (သူ မလိုချင်တဲ့အရာမျိုးဆို သူ့ခေါင်းကို တခြားဖက်ကို လှည့်လိုက် တာမျိုး) စတာတွေနဲ့ အဆက်အသွယ်ပြုလုပ်နိုင်နေပါပြီ။
လှုပ်ရှားနိုင်မှုစွမ်းရည်
ကလေးငယ်ဟာ တဖြေးဖြေးနဲ့ သူ့လက်တွေကို အသုံးပြုတတ်လာပါပြီ။ ဒီအရွယ် ကလေး အများစုဟာ “အရာဝတ္ထုတွေကို ထည့်တာ ထုတ်တာ” လုပ်ရတာတွေကို သဘောကျတတ်ကြပါတယ်။ ဘလော့ဂ်တုံးတွေ လိုမျိုး အရာတွေကို ထည့်စရာ ကျယ်ကျယ်ထဲ ထည့်တာ ပြီးတော့ သွန်ထုတ်တာ မျိုးတွေပေါ့။ သူ ဘလော့ဂ်တုံး နှစ်တုံး သုံးတုံးနဲ့ တာဝါ ငယ်ငယ်လေးတွေဆောက်ပြီး ပျော်ပျော်ပဲ တိုက်ချပစ်တာမျိုးတွေကို သင်သတိထားမိကောင်း ထားမိမှာပါ။ အစာစားချိန်မှာ ‘အို’ ပုံသဏ္ဍာန် ကွေကာအုပ်တွေ ဒါမှမဟုတ်မာခရိုနီ အဖတ်လေးတွေလို စားစရာ အငယ်လေးတွေကို သူက လက်တစ်ခုလုံးနဲ့ ကောက်ယူတဲ့အစား သူ့လက်မနဲ့လက်ညှိုးလေးနဲ့ ကောက်ယူတာ (ဒါကို “pincer grasp” ကဏန်းညှပ် လို့ခေါ်ပါတယ်) ကိုကြည့်ပါ။ သူဟာ ဇွန်းကိုအသုံးပြုတာကိုလည်း စိတ်ဝင်စားဟန် ပြကောင်းပြနိုင်ပါတယ်။ ဇွန်းနဲ့ သူ့ကို စားစရာခွံ့တဲ့အခါ ဇွန်းကို ကြုံတောင့်ကြုံခဲ ကိုက်တာ ကြုံနိုင်ပါတယ်။
လူမှုရေး-စိတ်ခံစားမှုဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှု
သင့်ရဲ့ ကိုယ်ပိုင် ကမ္ဘာတစ်ခုလုံးက သင့်ကလေးငယ်ကို လည်ပတ်နေတယ်လို့ သင်ခံစားမိပါသလား။ သင့်ကလေးသည် လည်း သင့်လိုပဲ ခံစားရပါတယ်။ တကယ်တော့ သူ့ရဲ့ ၂ နှစ်မြောက်ကာလရဲ့  အများစုအတွက် သင့်ရဲ့ နို့စို့ကလေးငယ်ဟာ သူကိုယ်တိုင် လေ့လာသင်ယူနေပါလိမ့်မယ်။ ကစားစရာတွေ၊ မုန့်တွေနဲ့ အထူးသဖြင့် သင့်ရဲ့ဂရုစိုက်မှုတွေကို ခွဲဝေတာ တို့ဟာ အင်မတန် ခက်ခဲနိုင်တယ်။ တခြားကလေးတစ်ယောက်နဲ့ သူအတူတူ ကစားတာကို စောင့်ကြည့်ပါ။ သူဟာ တခြားကလေးနဲ့ အဆက်အသွယ်လုပ်ရမှာကို သိပ်စိတ်မဝင်စားတာကို သင်သတိထားမိပါလိမ့်မယ်။ ဘဝမှာ သင်ဟာ အရေးပါဆုံးလူတစ်ယောက်ဖြစ်နေတုန်း ဖြစ်ပြီး သူဟာ သင့်ရဲ့ ဂရုစိုက်မှုတွေကို လိုချင်နေတုန်းပါပဲ။ ဒါပေမယ့် သူ့ရဲ့ တိုးပွားလာတဲ့ လွတ်လပ်မှုတွေနဲ့ ကိုယ့်ကိုကိုယ် ယုံကြည်မှုတွေကို စတင်မြင်နိုင်လာပါလိမ့်မယ်။ သူဟာ သင့်ကိုမြင်နေသမျှ သူ့ဘာသာ မိသားစု အခန်းထဲမှာ တစ်ယောက်တည်း ကျေနပ်နေပြီး သင်ဟာ မိနစ်အတော်ကြာ ညစာပြင်တာမျိုးလုပ်နေချိန်မှာတော့ သူ့ကို ပြန်လာပြီး ထွေးပွေ့ထားအောင် အနှောင့်အယှက်ပေးပါလိမ့်မယ်။ ပြီးရင်တော့ သူ့ဘာသာသူ ပြန်ငြိမ်သွားပါလိမ့်မယ်။ ကလေးတွေဟာ သူတို့မှာ စွမ်းအားတွေရှိကြောင်း သိရှိလာပြီး ဘယ်လိုအသုံးချရမယ်ဆိုတာ သင်ယူနေကြပါလိမ့်မယ်။ သင့်ကလေးငယ်ဟာ သူ့ကို စာဖတ်ပြဖို့၊ တွန်းပေးဖို့၊ ပုခက်လွှဲပေးဖို့ တောင်းဆိုတတ်ပါလိမ့်မယ်။ သူဟာ စကားမပြောသည့်တိုင် သင့်ကို ဆွဲတာ၊ ညွှန်ပြတာတွေနဲ့ သူတို့ဘာလိုချင်တယ်ဆိုတာကို ရှင်းရှင်းလင်းလင်း သိအောင် လုပ်ပြနိုင်ပါတယ်။
Comments