ကလေးတွေနဲ့အတူ လင်မယားချင်းချင်း သာယာပျော်ရွင်မှု ပြည့်စုံအောင် တည်ဆောက်ရတဲ့အခါ တကယ်ပဲ ခက်ခဲလှပါတယ်နော်။ ကလေးတွေရှေ့မှာ ရန်မအောင် ရှောင်ရဖို့အတွက် ပြောချင်တဲ့စကားတွေ မြိုသိပ်ထားရတာလဲ ရေရှည်အတွက် မကောင်းပါဘူး။ မြိုသိပ်ရတာတွေ များလာတဲ့အခါ စုပုံပြီး ပေါက်ကွဲသွားတဲ့အခါကျရင် အစွန်းစွန်ထိ ဖြစ်သွားတတ်ပါတယ်။ ဒါကြောင့် လင်မယားချင်းချင်း သာယာပျော်ရွင်မှုတွေ ပြည့်စုံပြီး တယောက်ကိုတယောက် စိတ်မပျက်ရစေဖို့အတွက် နည်းလမ်းတချို့ကို မျှဝေပေးချင်ပါတယ်။
တစ်ယောက်နဲ့တစ်ယောက် နားလည်မှု ထားပါ
နားလည်မှုထားပါဆိုတာ ပြောရတာသာ လွယ်တာနော်။ တကယ်တမ်း အရာရာ နားလည်ပေးဖို့ဆိုတာ အင်မတန်မှလဲ ခက်ပါတယ်။ ဒါပေမဲ့ ရအောင် ကြိုးစားရမှာပါ။ ဥပမာ- ယောကျာ်းက သူ့သူငယ်ချင်းတွေနဲ့ အပြင်သွားချင်တဲ့အခါ မိန်းမဖြစ်သူက နားလည်ပေးပြီး ကလေးတွေ ထိန်းပေးရမှာ ဖြစ်သလို မိန်းမဖြစ်သူက အလှပြင်ဆိုင် သွားချင်တဲ့အခါမျိုးမှာဆိုလဲ ယောကျာ်းလုပ်သူက အိမ်မှာနေ မိန်းမကိုယ်စား ကလေးထိန််းပေးရမှာ ဖြစ်ပါတယ်။ ဒါဟာ သူ့ဘက် ကိုယ့်ဘက် အပြန်အလှန် နားလည်ပေးတာပါ။ ဒါမှ တစ်ယောက်နဲ့တစ်ယောက် ပျော်ရွင်မှု ဖြစ်စေမှာ ဖြစ်ပါတယ်။
အလုပ်တွေကို ခွဲဝေလုပ်ပါ
အိမ်အလုပ်ပဲဖြစ်ဖြစ်၊ ကလေးအလုပ်ပဲဖြစ်ဖြစ် ဘာမဆို လင်နဲ့မယား ခွဲဝေလုပ်စေချင်ပါတယ်။ သူက ပိုက်ဆံရှာရလို့၊ ပင်ပန်းလို့၊ အပြင်သွားရမှာတို့ စတာတွေနဲ့ မလျှော်ပစ်ပါနဲ့။ ဥပမာ- မိန်းမက ကလေးထိန်းနေရင် ယောကျာ်းက အိမ်သန့်ရှင်းရေး လုပ်ပါ။ မိန်းမ ဟင်းချက်ရင် ယောကျာ်းက ပန်းကန်ဆေးပါ။ မိန်းမက အဝတ်လျှော်ရင် ယောကျာ်းက အဝတ်လှန်း စသဖြင့် ဘာလေးပဲ ဖြစ်ဖြစ် တစ်ယောက်တစ်ဝက် ခွဲဝေလုပ်တတ်တဲ့ အလေ့အထမျိုးထားပါ။
အားတဲ့အချိန်လေးတွေ အတူတူ အပြင်သွားပါ
ကလေးတွေပါခေါ်ပြီး မိသားစုလိုက် အတူတူ အားတဲ့အချိန်လေးတွေမှာ မုန့်သွားစားတာတို့၊ ထမင်းတူတူ စားတာတို့၊ ကစားကွင်းလိုက်ပို့ပေးတာတို့ စသဖြင့် မိသားစုလိုက် တူတူအချိန်ကုန်ဆုံးစေတာလည်း မိသားစုချစ်ခြင်းကို ပိုမိုခိုင်မာစေပါတယ်။
ကိုယ်ပိုင်နေရာလေးထားပါ
ကိုယ်ပိုင်နေရာလေးဆိုတာ တော်တန်ရုံအတွက် သူ့မိသားစုကိစ္စ၊ သူ့အမျိုးဘက်က ကိစ္စ စတာတွေကို သူ့ဘာသူပဲ ဆုံးဖြတ်ပါစေ။ ဒီနေရာမှာ လင်မယားနှစ်ယောက်လုံးအတွက် ပြောတာပါ။ ဝင်ရောက်စွက်ဖက်တာ၊ ဝင်ရောက်ပြောဆိုတာမျိုးတွေ မလုပ်ပါနဲ့။ အကောင်းအဆိုးကို မဝေဖန်ပါနဲ့။ ဒါမှ ရေရှည်မှာ နှစ်ဘက်လုံးအတွက် အရှုပ်အရှင်းကင်းတာတွေ ဖြစ်လာစေမှာပါ။
Comments