အိမ်ထောင်ရေးပြဿနာတွေကို အွန်လိုင်းပေါ် ဘာကြောင့် မတင်သင့်တာလဲ

by: Nang Htwe
 0 comments  0 love

ဆိုရှယ်မီဒီယာတွေဖြစ်တဲ့  Facebook၊ twitter တို့ ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုလာချိန်မှာ ကိုယ့်ရဲ့ခံစားချက် အစအဆုံးတင်တာမျိုး ပြုလုပ်လာကြပါတယ်

လင်နဲ့မယား လျှာနဲ့သွားဆိုတဲ့ စကားပုံလေးအတိုင်း သူစိမ်း(၂)ဦး မိသားစုတစ်ခု ထူထောင်တဲ့အခါ တခါတလေ အတွေးအမြင်မတူတာတွေ ကြုံရပါတယ်။ ကတောက်ကဆဖြစ်တာ၊ စိတ်ဆိုးတာ၊ နားလည်မှုလွဲတာ စတဲ့ ပြဿနာတွေကို အိမ်ထောင်ရှင်တိုင်း ဖြတ်သန်းရပါတယ်။ ဒီလိုပြဿနာတွေ တက်ပေမယ့်လည်း ရက်အနည်းငယ်ကြာတဲ့အခါ ပြန်အဆင်ပြေသွားကြပါတယ်။

ကျယ်ပြန့်လာတဲ့ ဆိုရှယ်မီဒီယာ အသုံးပြုခြင်း

ဆိုရှယ်မီဒီယာတွေဖြစ်တဲ့  Facebook၊ twitter တို့ ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုလာချိန်မှာ ကိုယ့်ရဲ့ခံစားချက် အစအဆုံးတင်တာမျိုး ပြုလုပ်လာကြပါတယ်။ အဲဒီထဲမှာ အိမ်ထောင်ရေးနဲ့ ပတ်သက်တဲ့ ခံစားချက်တွေလည်း ပါလာပါတယ်။ ခင်ပွန်းသည်နဲ့ စကားများတာ၊ အမြင်မတူတဲ့ ကိစ္စတွေ အွန်လိုင်းပေါ် တက်ရေးတာ အထူးသဖြင့် Facebook ပေါ် တက်ရေးတာမျိုး ခပ်စိပ်စိပ် ကြုံလာရပါတယ်။ အိမ်ထောင်ရေးနဲ့ ပတ်သက်ပြီး ဒီလိုတွေရေးတာက ခဏလေးနေရင် အဆင်ပြေသွားမယ့်အရာတွေက ကြာရှည်သွားစေပါတယ်။

ပတ်ဝန်းကျင်ကလည်း အိမ်ထောင်ရေးပေါ် ဝေဖန်တာတွေ၊ ဝင်ရောက်ဖက်စွက်တာတွေ ဖြစ်လာပါတယ်။ ကိုယ့်အပေါ်မနာလိုတဲ့သူ၊ အမြဲစောင့်ကြည့်နေတဲ့သူတွေ ကြိတ်ဝမ်းသာတာမျိုး ဖြစ်လာပါတယ်။ ကိုယ်ရေးလိုက်တဲ့ ပိုစ့်တစ်ခု ဒါမှမဟုတ် စာတစ်ကြောင်းကြောင့် ခင်ပွန်းသည် ဒါမှမဟုတ် ဇနီးသည် အရှက်ရသွားစေပါတယ်။ လူအများရှိတဲ့ အွန်လိုင်းပေါ်မှာ သူငယ်ချင်း၊ မိတ်ဆွေတွေကြား သိက္ခာကျသလိုမျိုး ဖြစ်သွားပါတယ်။ ပြဿနာတွေ ပိုဆိုးလာပါတယ်။

အခင်အမင်ပြတ်သွားခြင်း

ဇနီးမောင်နှံတွေကြားသာမက သူငယ်ချင်း၊ မိတ်ဆွေတွေနဲ့ စကားများတဲ့အခါ ကိုယ့်ရဲ့ခံစားချက် အွန်လိုင်းပေါ်တင်လိုက်တာက အခင်အမင်ပျက်သွားပြီး နောက်နောင် ဘယ်တော့မှ မခေါ်မပြောဖြစ်သွားစေပါတယ်။

ဆွေးနွေးအဖြေရှာပါ

ဇနီးမောင်နှံတွေကြားမှာလည်း အွန်လိုင်းပေါ်တင်လိုက်တဲ့ ပိုစ့်တွေကြောင့် လင်မယားကွဲတာတွေအထိ ဖြစ်သွားနိုင်ပါတယ်။ ဒါကြောင့် ဇနီးမောင်နှံတွေနေနဲ့ အမြင်မတူတာကြောင့် ကတောက်ကဆဖြစ်တာ၊ ရန်ဖြစ်တာနဲ့ အိမ်ထောင်ရေးနဲ့ ဆိုင်တဲ့ စိတ်ခံစားချက်တွေကို အွန်လိုင်းပေါ်မတင်တာ အကောင်းဆုံးဖြစ်ပါတယ်။ အကယ်လို့ ကိုယ့်အိမ်ထောင်ရေးအဆင်ပြေဖို့ ပြင်ပက အကူအညီလိုနေပြီဆိုရင် အိမ်ထောင်ရေးနဲ့ ပတ်သက်တဲ့ ကျွမ်းကျင်သူတွေဆီ အကြံဥာဏ်တောင်းယူပါ။ ဇနီးမောင်နှံတွေအနေနဲ့ ဆွေးနွေးအဖြေရှာပါ။

အိမ်ထောင်ရေးပြဿနာတွေ အွန်လိုင်ပေါ်တင်တာက မှန်ကန်တဲ့နည်းလမ်းမဟုတ်ကြောင်း Kalay ကနေ ပြောပြပေးလိုက်ပါတယ်။

Kalay.com.mm မှ ရေးသားဖော်ပြနေသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များမှ Facebook Page များအတွက် ပြန်လည်ကူးယူခြင်း၊ ဆင်တူယိုးမှား ဖော်ပြခြင်းများ မပြုပါရန် လေးစားစွာ အသိပေးအပ်ပါသည်။
From Kalay with



Comments

0 comments
Latest video
Refer to more useful articles