ကိုယ်ဝန်မဆောင်ခင် အာဟာရပြည့်စုံအောင် လုပ်ဆောင်ဖို့ ဘာကြောင့် လိုတာလဲ 

by: Swe Mar
 0 comments  25 love

မြေဆီလွှာနဲ့တူတဲ့ မေမေတို့ခန္ဓာကိုယ်ကျန်းမာကြံ့ခိုင်နေမှသာ မျိုးစေ့လေးလို  သန္ဓေသားလေးက ကောင်းကောင်းမွန်မွန်ရှင်သန်ကြီးထွားနိုင်မှာ ဖြစ်ပါတယ်။

ခန္ဓာကိုယ်ထဲမှာ ကလေးလေးသန္ဓေအောင်တာက မြေကြီးမှာ အစေ့ချပြီး အပင်စိုက်ရသလိုပါပဲ။ မိခင်ရဲ့ ခန္ဓာကိုယ်ဟာ မြေဆီလွှာနဲ့တူပြီး သန္ဓေသားလေးကတော့ မြေကြီးမှာချစိုက်မယ့် မျိုးစေ့လေးနဲ့တူပါတယ်။ မျိုးစေ့မှန်မှ အပင်သန်မယ်ဆိုပေမယ့် ချစိုက်မယ့် မြေကြီးကလည်း မြေဆီမြေနှစ်ကောင်းဖို့ လိုပါသေးတယ်။ မြေဆီလွှာနဲ့တူတဲ့ မေမေတို့ခန္ဓာကိုယ်ကျန်းမာကြံ့ခိုင်နေမှသာ မျိုးစေ့လေးလို  သန္ဓေသားလေးက ကောင်းကောင်းမွန်မွန်ရှင်သန်ကြီးထွားနိုင်မှာ ဖြစ်ပါတယ်။

ကိုယ်ဝန်မဆောင်ခင် ခန္ဓာကိုယ်ကြံ့ခိုင်ဖို့ဆိုရင် အာဟာရက အဓိကကျပါတယ် (Photo by babyMed )

မိခင်ရဲ့ ခန္ဓာကိုယ် ကျန်းမာကြံ့ခိုင်ဖို့ အရေးကြီးတာက နေ့စဉ်စားတဲ့ အစားအသောက်တွေနဲ့ သက်ဆိုင်ပါတယ်။ နေ့စဉ်စားတဲ့ အစားအသောက်တွေထဲက မကောင်းတဲ့ အာဟာရတွေကို ဖယ်ရှားပါ။ မကောင်းတဲ့ အာဟာရကို ဖယ်ရှားပစ်ရုံတင်မကဘဲ ကောင်းမွန်မှန်ကန်အောင်လည်း စားသုံးပေးသင့်ပါသေးတယ်။

အာဟာရပြည့်ဝစေဖို့ဆိုတာမှာလည်း ဘယ်လိုဘယ်ပုံစားသောက်သင့်တယ်ဆိုတာမျိုးကလည်း အရေးကြီးပါတယ်။ ဥပမာ ထမင်းတွေ အများကြီးစားတာထက် လတ်ဆတ်တဲ့အသီးအရွက်နဲ့ အသားငါးတွေကိုပါ ထမင်းနဲ့ဆတူ စားသုံးပေးတာမျိုးပါ။ ဘာကြောင့်လဲဆိုတော့ အသားငါးတွေမှာ ပရိုတိန်းဓာတ်ကြွယ်ဝစွာပါဝင်ပြီး၊ အသီးအရွက်တွေမှာတော့ ဗီတာမင်နဲ့ သတ္တုဓာတ်တွေ ပါဝင်နေတာကြောင့် ဖြစ်ပါတယ်။

ကိုယ်ဝန်ဆောင်နိုင်ဖို့ တချို့ အကျင့်စွဲတွေကို ဖြတ်တောက်ပါ (Photo by Setoghar)

အာဟာရပြည့်ဝမှသာ ကိုယ်အလေးချိန်ကလည်း ကိုယ်ဝန်ကို ကောင်းမွန်စွာဆောင်နိုင်မှာပါ။ ဝလွန်းပိန်လွန်းတာက ကိုယ်ဝန်ဆောင်ဖို့ ခန္ဓာကိုယ်ဆိုင်ရာ အားနည်းချက်တစ်ခုဖြစ်ပါတယ်။ ကိုယ်အလေးချိန်ကို မှန်ကန်စွာထိန်းညှိုရေးမှာလည်း နေ့စဉ်စားသောက်တဲ့ အစားအစာကအရေးကြီးပါတယ်။ ကိုယ်ဝန်ဆောင်မိခင်လောင်းတွေအနေနဲ့ ကိုယ်ဝန်မယူခင်ဘာတွေစားသုံးသင့်တယ်ဆိုတာနဲ့ ဘာတွေကို ရှောင်ရှားသင့်တယ်ဆိုတာကို Kalay က အကြံပေးပြီးသားလည်း ဖြစ်ပါတယ်နော်။ နောက်ထပ်ခန္ဓာကိုယ်ကျန်းမာရေးအဓိကကျတာကတော့ အရက်၊ ဆေးလိပ်လို အကျင့်စွဲတွေကို ဖြတ်တောက်ပစ်ပါ။ ဒါတွေက အကျင့်ပါသူအဖို့ ဖြတ်ဖို့ ခက်ကောင်းခက်နိုင်ပေမယ့် ခန္ဓာကိုယ်ကျန်းမာရေးအတွက်တော့ မဖြစ်မနေဖြတ်တောက်ပစ်သင့်တာတွေပါ။

Kalay.com.mm မှ ရေးသားဖော်ပြနေသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များမှ Facebook Page များအတွက် ပြန်လည်ကူးယူခြင်း၊ ဆင်တူယိုးမှား ဖော်ပြခြင်းများ မပြုပါရန် လေးစားစွာ အသိပေးအပ်ပါသည်။
From Kalay with



Comments

0 comments
Latest video
Refer to more useful articles