ကိုယ်ဝန် အမြန်ဆုံး ရနိုင်ဖို့
by: Khin Nyein Lwin
 3 comments  4 love
ကျန်းမာရေးအားဖြင့် ချို့ယွင်းချက်တွေ မရှိပေမယ့်လည်း ကိုယ်ဝန်မရချင်လို့၊ ရချိန်မတန်သေးလို့ ကိုယ်ဝန်မဆောင်နိုင်သေးတဲ့ အိမ်ထောင်သည်များစွာ ရှိပါတယ်။
လူတိုင်း၊ လူတိုင်းက အိမ်ထောင်ရယ်လို့ ပြုပြီးကြတဲ့အခါ ကိုယ့်ရဲ့မိသားစုကမ္ဘာလေးကို ဘယ်သူမဆို ပိုင်ဆိုင်ကြမှာပဲနော်။ ပျော်စရာအိမ်လေးထဲ ချစ်စရာကောင်းတဲ့ သားသားမီးမီးလေးတွေနဲ့ အတူနေထိုင်ချင်ကြမှာပါပဲ။ ဒါကြောင့်မို့ ချစ်သူဆိုတဲ့ဘဝကနေ အိမ်ထောင်သည်ဘဝကို ခံယူလိုက်ကြတာပေါ့။
ဒါပေမယ့်လည်း တခါတလေမှာ ကိုယ်ထင်တဲ့အတိုင်း အလွယ်တကူလေး မဖြစ်လာတဲ့ အရာလေးတွေ ရှိပါတယ်။ အထူးသဖြင့် သားသမီးရတနာဆိုတဲ့ စကားအတိုင်း ကလေးတစ်ယောက်ကို ကိုယ်ဝန်ဆောင်နိုင်ဖို့ဆိုတာ တချို့ အိမ်ထောင်ရေးလေးတွေမှာ နည်းနည်းတော့ အချိန်အားဖြင့် ကြန့်ကြာနေတာမျိုးတွေလည်း ရှိတတ်ပါတယ်။ သားသမီးဆိုတာ တကယ်တော့ ကံတရားနဲ့လည်း အများကြီး သက်ဆိုင်ပါတယ်။
(Photo : Tip For Women’s)
အချိန်တစ်ခု ကြာလာတဲ့အထိ ကိုယ်ဝန်ဆောင်နိုင်ခြင်း မရှိသေးတဲ့ စုံတွဲတွေမှာ သူများမမြင်နိုင်တဲ့ စိတ်ဖိစီးမှု များစွာ တခါတလေ ခံစားရနိုင်တာမို့ အခု Kalay ကနေ ကိုယ်ဝန်မြန်မြန်ဆောင်နိုင်စေဖို့အတွက် ဘယ်လိုအချက်လေးကို လိုက်နာရမယ်ဆိုတာလေးတွေကို တဖက်တလမ်းမှ အကြံလေးတွေ ပေးချင်ပါတယ်။
 တားဆေးတွေအားလုံး ရပ်ပါ
သောက်ဆေး၊ ထိုးဆေး၊ လက်မောင်းကြွက်သားအောက်ကနေ ကိရိယာထည့်ပြီး တားတဲ့ ဆေး စတဲ့ ကိုယ်ဝန်တားထားတဲ့ နည်းလမ်းတွေ ရှိနေတယ်ဆို ရပ်လိုက်ပါတော့။ သုံးတဲ့ နည်းလမ်းပေါ် မူတည်ပြီး ကိုယ်ဝန်ဆောင်နိုင်ဖို့ အချိန် ကွာခြားတာမို့ ဆေးတွေသုံးနေရင် အရင်ရပ်ပါနော်။  အားလုံးရပ်ပြီးရင် ဆရာဝန်နဲ့ တိုင်ပင်ပြီး လိုအပ်တဲ့ ဆေးစစ်၊ သွေးစစ်တာတွေ အရင် လုပ်သင့်ပါတယ်။
ရက်ရွေးပြီး အတူနေပါ
(၂၈) ရက် တခါ ရာသီလာတတ်တဲ့ အမျိုးသမီးတွေမှာ (ရာသီစလာတဲ့ ရက်ကို တစ်လို့  စရေပြီး) (၁၄) ရက် ပတ်ဝန်းကျင်လောက်မှာ အမ မျိုးဥကြွေတတ်ပါတယ်။ အဖို သုတ်ကောင်က (၂) ရက် ကနေ (၃) ရက်ထိ ရှင်သန်နိုင်တာမို့  တကယ်လို့  အမ မျိုးဥမကြွေမီ တစ်ရက် လောက်မှာ အတူနေရင်၊ အမ မျိုးဥကြွေတဲ့ အခါဆုံနိုင်ပါတယ်။ အမမျိုးဥက တစ်ရက်လောက်ပဲ ရှင်နိုင်တာမို့  အဲဒီရက် ကို လွှဲသွားရင် အမမျိုးဥ ကြွေတဲ့ နေ့၊ ဒါမှမဟုတ် နောက်တနေ့ မှာ အတူနေရင် ဆုံနိုင်ပါသေးတယ်။ ဒါကြောင့် အမမျိုးဥ ကြွေတဲ့ ကာလ အတွင်း တစ်ရက်ခြား တခါ (သို့ မဟုတ်) နေ့ တိုင်း အတူနေသင့်တယ်လို့ သိရှိထားပါတယ်။
အမမျိုးဥ ကြွေတဲ့ ကာလ အတွင်း တစ်ရက်ခြား တခါ (သို့ မဟုတ်) နေ့ တိုင်း အတူနေသင့်ပါတယ် (Photo : Vix)
Folic Acid ကြိုသောက်ပါ
ကိုယ်ဝန်ဆောင်ချင်တဲ့ အမျိုးသမီးတွေ အနေနဲ့ prenatal၊ folic acid စသည်တို့ ကို ကြိုတင်သောက်သုံးသင့်ပါတယ်။ ဆရာဝန်နဲ့  တိုင်ပင်သင့်ပြီး ကိုယ်ဝန်မဆောင်ခင် (၂) လ၊ (၃) လခန့် ကစပြီး  Folic acid စတင် သောက်တာကလည်း ကလေးမွေးရာပါ ချို့  ယွင်းမှု ( birth defects) ကို (၅၀) ကနေ (၇၀) % အထိ လျော့နည်းစေနိုင်တယ်လို့ ဆိုပါတယ်။
သားဖွားမီးယပ်ဆရာဝန်နဲ့ စောစီးစွာ ပြပေးပါ
အသက် (၃၅) နှစ်ကျော် အမျိုးသမီးတွေမှာ ကလေးရနှုန်းနှေးသွားတတ်တာကြောင့် ကလေးယူဖို့ အစီစဉ်ရှိရင်တော့ ပထမဆုံးအနေနဲ့ သားဖွားမီးယပ်ဆရာဝန်တွေနဲ့ ပြပြီး ကျန်းမာရေးအခြေအနေအရ သွေးစစ်တာ၊ ဆီးစစ်တာတွေ အရင် လုပ်သင့်ပါတယ်။
စိတ်ဖိစီးမှု အနည်းဆုံးဖြစ်အောင်နေရပါမယ်
ကိုယ်ဝန်ဆောင်ရဖို့ ကြိုးစားရင်း ချက်ချင်း မရတဲ့ အခါ အိမ်ထောင်သည်တွေမှာ စိတ်သောကတွေ များလာပြီး၊ ချစ်တင်းနှောချိန်မှာ မကြည်နှူးနိုင်ပဲ တာဝန်တစ်ခုလို မြင်လာတတ်ကြပါတယ်။ အဖို၊ အမ မျိုးဥ နှစ်ခုစလုံး ကျန်းမာသန်စွမ်းနေဖို့  အရေးကြီးတာမို့ stress များခြင်းက ကိုယ်ဝန်ဆောင်နိုင်ဖို့ နှောင့်နှေးစေတတ်တယ်လို့ လည်း ဆိုထားပါတယ်။ ဒါကြောင့် စိတ်ဖိစီးမှု ကင်းအောင် နေပေးဖို့လည်း အရမ်းအရေးကြီးပါတယ်။
Kalay.com.mm မှ ရေးသားဖော်ပြနေသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များမှ Facebook Page များအတွက် ပြန်လည်ကူးယူခြင်း၊ ဆင်တူယိုးမှား ဖော်ပြခြင်းများ မပြုပါရန် လေးစားစွာ အသိပေးအပ်ပါသည်။
From Kalay with
Comments
0 comments
Latest video
Refer to more useful articles
x