ဇနီးမောင်နှံတွေ ကလေးယူဖို့ စဉ်းစားနေပြီလား

by: Nang Htwe
 0 comments  1 love

ဇနီးမောင်နှံတွေရဲ့ အနာဂါတ်အစီအစဉ်တွေမှာ ကလေးယူမယ့် အစီအစဉ်တွေလည်းပါပါလိမ့်မယ်။ ကလေးယူမယ့်လို့ ဆုံးဖြတ်လိုက်ပြီဆိုရင် နေထိုင်မှုပုံစံ အပြောင်းအလဲတွေ ကြုံရပါလိမ့်မယ်။ ကိုယ်ဝန်ယူဖို့ကြိုးစားချိန်၊ ကိုယ်ဝန်ဆောင်ချိန်၊ မွေးဖွားချိန်နဲ့ ကလေးပြုစုစောင့်ရှောက်ရမယ့် ကာလတွေကို ဘယ်လိုပုံစံမျိုး ဖြတ်ကျော်ရမယ်ဆိုတာ ကြိုတင်ပြင်ဆင်ထားသင့်ပါတယ်။ ဇနီးမောင်နှံတို့ဆီမှာ ကလေးငယ်ရောက်လာပြီဆိုရင် အရင်တုန်းကလို နေချင်သလို နေလို့မရတော့ပါဘူး။ ရုပ်ပိုင်းဆိုင်ရာရော၊ စိတ်ပိုင်းဆိုင်ရာပါ အပြောင်းအလဲတွေ အများကြီးပြုလုပ်ပေးရပါတယ်။

Related image

ကိုယ်ဝန်ရဖို့အရေးကြီးတဲ့ မမျိုးဥကြွေတဲ့နေ့ရက်ကိုလည်း သိထားရပါမယ် (Photo by brad.erva-doce.info)

ကိုယ်ဝန်ယူဖို့ ပြင်ဆင်ခြင်း

ကလေးလေးရဖို့ ဇနီးမောင်နှံတွေရဲ့ ပထမဆုံးခြေလှမ်းဖြစ်ပါတယ်။ ကလေးယူဖို့ တစ်ယောက်ထဲ ဆန္ဒနဲ့ မပြီးပါဘူး။ ကိုယ်ဝန်ယူဖို့ ပြင်ဆင်တဲ့အခါ လက်တွဲဖော်ရဲ့ ခွင့်ပြုချက်ကို ရယူရပါမယ်။ ဇနီးမောင်နှံ(၂)ဦးစလုံးက မိဘဖြစ်ဖို့ အဆင့်သင့်ဖြစ်နေပြီဆိုရင် ကလေးယူဖို့ စတင်ကြိုးစားလို့ရပါပြီ။ ဒါကြောင့် လက်တွဲဖော်နဲ့ တိုင်ပင်ဖို့ လိုအပ်ပါတယ်။

ငွေကြေးပြင်ဆင်ခြင်း

ကလေးရဖို့ အဆင့်ဆင့်ကြိုးစားချိန်မှာ ငွေကြေးက အရေးပါတဲ့နေရာကနေ ရှိနေပါတယ်။ ကိုယ်ဝန်ယူဖို့ ကြိုးစားတဲ့အခါ ဆရာဝန်နဲ့ပြသတာ၊ ဆေးဝါးသောက်သုံးတာ၊ ကျန်းမာရေးနဲ့ကိုက်ညီတဲ့ နေထိုင်မှုပုံစံပြောင်းလဲတာ၊ ကာကွယ်ဆေးထိုးတာ၊ ကိုယ်ဝန်ရဖို့ အခက်အခဲဖြစ်နေတယ်ဆိုရင် ဆေးကုသမှုခံယူတာ စတဲ့ ကိစ္စတွေအတွက် ငွေကြေးအလုံအလောက်ရှိထားဖို့ လိုအပ်ပါတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာလည်း ကျန်းမာရေးနဲ့ညီတဲ့ အစားအသောက်စရိတ်၊ ဆေးခန်းပြသစရိတ်၊ ကာကွယ်ဆေး၊ ကလေးအသုံးအဆောင်၊ ဆေးဝါး အစရှိတဲ့ ကုန်ကျစရိတ်တွေ ရင်ဆိုင်ရဦးမှာပါ။ ငွေကြေးလုံလောက်မှု မရှိဘူးဆိုရင် နောက်ကျတဲ့ပြဿနာတွေကို ရင်ဆိုင်ရနိုင်ပါတယ်။

ကိုယ်ဝန်ယူဖို့ ခန္ဓာကိုယ်ပြင်ဆင်ခြင်း

ငွေကြေးအဆင်ပြေပြီး လက်တွဲဖော်ကလည်း လက်ခံတယ်ဆိုရင် ကိုယ်ဝန်ရဖို့အတွက် ခန္ဓာကိုယ်ကျန်းမာရေးကို ပြင်ဆင်ရပါမယ်။

ဆေးရုံ၊ ဆေးခန်း

ကလေးယူဖို့အတွက် ဇနီးသည်တွေမှာ ကျန်းမာတဲ့ ခန္ဓာကိုယ်ရှိနေဖို့ လိုအပ်ပါတယ်။ ဇနီးမောင်နှံ(၂)ဦးစလုံး ဆရာဝန်နဲ့ ကျန်းမာရေး စစ်ဆေးသင့်ပါတယ်။ ကလေးရဖို့အတွက် ဆရာဝန်ညွှန်ကြားတဲ့ ဆေးဝါးတွေကို မှန်မှန်သောက်သုံးသင့်ပါတယ်။ မူးယစ်ဆေးဝါးအသုံးပြုတာ၊ ဆေးလိပ်သောက်တာ၊ အရက်သောက်တာတွေကို ရပ်ဆိုင်းရပါမယ်။ ဗီတာမင်ကြွယ်ဝတဲ့ အစားအသောက်တွေကို နေ့တိုင်းစားသုံးပေးရပါမယ်။ ဆရာဝန်ရဲ့ ညွှန်ကြားချက်ကို ဇနီးမောင်နှံ(၂)ဦးစလုံး လိုက်နာဖို့ လိုအပ်ပါတယ်။

Related image

မမျိုးဥတွက်ချက်တဲ့ နမူနာ ဇယား (Photo by Monthly Gift)

ဗီတာမင်

ဖောလစ်အက်ဆစ်ကို ကိုယ်ဝန်ရဖို့ ကြိုးစားနေချိန်ကစပြီး သောက်သုံးသင့်ပါတယ်။ ဖောလစ်အက်ဆစ်ကို ကြိုတင်သောက်သုံးတာက ကျန်းမာတဲ့ ကိုယ်ဝန်ဆောင်တစ်ယောက် ဖြစ်လာစေပါတယ်။ မကြာခင် ရလာတော့မယ့် ရင်သွေးလေးအတွက်လည်း ကျန်းမာရေးကောင်းမွန်နေစေပါတယ်။

နေထိုင်မှုပုံစံ

ကိုယ်ဝန်အမြန်ရဖို့အတွက် ကျန်းမာရေးနဲ့ကိုက်ညီတဲ့ နေထိုင်မှုပုံစံရှိနေဖို့ လိုအပ်ပါတယ်။ ဆေးလိပ်သောက်တာနဲ့ အရက်သောက်တာကို ဖြတ်ဖို့လိုအပ်ပြီး ကော်ဖီလက်ဖက်ရည်နဲ့ ကဖင်းဓါတ်ပါတဲ့ အစားအစာတွေ လျှော့ချရပါမယ်။ ကျန်းမာရေးနဲ့ကိုက်ညီပြီး အာဟာရပြည့်ဝတဲ့ အစားအသောက်တွေကို နေ့စဉ်စားပေးရပါမယ်။ ဟင်းသီးဟင်းရွက်၊ အသီးအနှံ၊ အစေ့အဆန်နဲ့ နို့နဲ့ နို့ထွက်ပစ္စည်းတွေကို နေစဉ်မျှမျှတတစားသုံးပေးရပါမယ်။ လေ့ကျင့်ခန်းမှန်မှန်ပြုလုပ်တာနဲ့ ယောဂကျင့်တာတွေကလည်း ကျန်းမာတဲ့နေထိုင်မှုပုံစံ ရရှိစေပါတယ်။ ကျန်းမာရေးအန္တရာယ်ရှိတဲ့ လုပ်ငန်းခွင်တဲ့ မသန့်ရှင်းတဲ့ ပတ်ဝန်းကျင် ကနေ ဝေးဝေးနေပေးဖို့လည်း လိုအပ်ပါတယ်။

ဓမ္မတာ

ကိုယ်ဝန်ရဖို့အရေးကြီးတဲ့ မမျိုးဥကြွေတဲ့နေ့ရက်ကိုလည်း သိထားရပါမယ်။ ဓမ္မတာလာတဲ့နေ့ကစပြီး (၁၄)ရက်မြောက်နေ့က မမျိုးဥကြွေတဲ့နေ့ရက်တွေဖြစ်ပါတယ်။ ဥပမာ (၁)ရက်နေ့မှာ ဓမ္မတာစလာတယ်ဆိုရင် (၁၂-၁၃-၁၄-၁၅-၁၆) အဲဒီရက်တွေက မမျိုးဥကြွေတဲ့နေ့ရက်တွေဖြစ်ပါတယ်။ ဒီဥပမာကတော့ ပုံမှန်ဓမ္မတာမှန်နေသူတွေအတွက်သာဖြစ်ပါတယ်။  မမျိုးဥကြွေတာကို စစ်ဆေးတဲ့ အတံလေးတွေနဲ့လည်း တိတိကျကျသိနိုင်ပါတယ်။

ကိုယ်လေးအချိန်

ကိုယ်အလေးချိန်မှန်ကန်တာက ကိုယ်ဝန်ရဖို့ မြန်စေပါတယ်။ အဝလွန်တာနဲ့ ပိန်လွန်းတာတွေက ကိုယ်ဝန်ရဖို့ နှောင့်နှေးစေပါတယ်။

ကူးစက်ရောဂါ

ပြင်ပက ကူးစက်ရောဂါတွေ ဝင်ရောက်မလာအောင် ကာကွယ်ထားပါ။ ကူးစက်ရောဂါတွေက ကိုယ်ဝန်ရဖို့ အနှောင့်အယှက်ဖြစ်စေတဲ့အပြင် ကိုယ်ဝန်ရရှိခဲ့တယ်ဆိုရင်လည်း သန္ဓေသားကို ဒုက္ခပေးနိုင်ပါတယ်။

ဇနီးမောင်နှံတွေ ကိုယ်ဝန်ယူဖို့ စဉ်းစားနေပြီဆိုရင် အထက်မှာပြောပြထားတဲ့ လမ်းညွှန်ချက်တွေကို ဖတ်ကြည့်ဖို့ Kalay ကနေ တိုက်တွန်းလိုက်ပါတယ်။

 

 

 

 

 

 

 

 

 

From Kalay with

Tag: babythingsThinking

Comments

0 comments
Latest video
Refer to more useful articles
x