မေမေတို့ရေ မိသားစုဘ၀လေး တည်ထောင်ဖို့အတွက် သားသားမီးမီး တစ်ယောက်လောက် ကိုယ့်ဘ၀ထဲကို စပြီး ခေါ်ယူတော့မယ်ဆိုရင် အောင်အောင်မြင်မြင် သန္ဓေတည်နိုင်ဖို့ အတွက် မေမေတို့အနေနဲ့ လုပ်ဆောင်ရမယ့် အဆင့် (၇) ဆင့်အကြောင်း Kalay ကနေမျှဝေပေးလိုက်ပါတယ်နော်။
Step 1
ကိုယ်ဝန်စမယူခင် သုံးလလောက် အလိုကတည်းက ဖောလစ် အက်ဆစ်လိုမျိုး ဗီတာမင်တွေ စတင်ဖြည့်စွက်ရပါမယ်။ ကိုယ်ဝန်ဆောင်အတွက် မရှိမဖြစ်လိုအပ်တဲ့ ဗီတာမင်ကို ပုံမှန်သောက်ပေးဖို့ လိုအပ်ပါပြီနော်။
Step 2
ဒုတိယ အဆင့်ကတော့ ကိုယ်အလေးချိန်ကို ထိန်းသိမ်းဖို့ပါပဲ မေမေတို့ရေ။ အရမ်းပိန်လွန်းနေတာ ဖြစ်ဖြစ် အရမ်း ဝလွန်းနေတာ ဖြစ်ဖြစ် ကိုယ်ဝန်ဆောင်ဖို့ အဆင်မပြေနိုင်ပါဘူး။ အသင့်တော်ဆုံးကတော့ ကိုယ့်အရပ်အမောင်းနဲ့ အသက်အရွယ်နဲ့ သင့်တင့်မျှတတဲ့ ကိုယ်အလေးချိန် ရှိဖို့ လိုပါတယ်။ ဒီတော့ ပိန်နေရင် ဝလာအောင်၊ ဝနေရင် ကိုယ်အလေးချိန်လျှော့သွားအောင် လုပ်ပြီး ပုံမှန်ကိုယ်အလေးချိန် ရရှိအောင် လုပ်ရပါမယ်။
Step 3
ဆေးလိပ် သောက်တတ်တယ်ဆိုရင် ဆေးလိပ်ဖြတ်လိုက်ဖို့ လိုပါမယ် မေမေတို့ရေ။ ဘာကြောင့်လည်းဆိုတော့ ဆေးလိပ်သောက်ခြင်းက သန္ဓေအောင်ဖို့ကို အတားအစီး ဖြစ်စေလို့ပါပဲ။ ဒါကကိုယ့်အမျိုးသားပါ ရှောင်ကြဉ်ရမယ့် အဆင့်ပါနော်။
Step 4
ဆေးလိပ် ဖြတ်ပြီးပြီ ဆိုရင်တော့ အရက်ကိုလည်း ဆက်ရှောင်ရဦးမယ်။ အလွန်အကျွံ အရက်သောက်ခြင်းကလည်း သန္ဓေအောင်ဖို့ကို အဟန့်အတား ဖြစ်စေတာပါပဲ။
Step 5
ငါးဆင့်မြောက် လုပ်ဆောင်ရမှာကတော့ သန္ဓေတားဆေးတွေ သောက်သုံးနေတာကို ရပ်လိုက်ဖို့ပါ။ တားဆေး မသောက်တဲ့သူတွေအတွက် ဒီအဆင့်ကမလိုပေမယ့် သောက်တဲ့သူတွေကတော့ သောက်နေတာကို ရပ်လိုက်ဖို့ လိုပါတယ်။
Step 6
လက်ရှိကျန်းမာရေး အခြေအနေကို စစ်ဆေးဖို့ ဖြစ်ပါတယ်။ ဆရာဝန်နဲ့ သေချာ ကျန်းမာရေးစစ်ဆေးပြီး ကိုယ့်ခန္ဓာကိုယ် လိုအပ်ချက်တွေကို ရှာဖွေပါနော်။ ကိုယ်ဝန်ဆောင်ဖို့ အတွက် ကျန်းမာရေး လိုအပ်ချက်နဲ့ ကိုယ့်ရဲ့ ကျန်းမာရေးအခြေအနေ ဘာတွေ ကွာဟနေလဲဆိုတာကို အဖြေရှာပြီး လိုအပ်တဲ့ ဗီတာမင်တွေ၊ ဖြည့်စွက် အာဟာရတွေကို ဖြည့်တင်းရပါမယ်။ ကိုယ်ဝန်ရချင်သူတွေအတွက် ဘာတွေကို စားသင့်တယ်၊ မစားသင့်ဘူး ဆိုတာတွေက ယေဘုယျ အားဖြင့် မှန်နိုင်ပေမယ့် ကိုယ့်တစ်ကိုယ်စာအတွက်တော့ ကိုယ့်ကျန်းမာရေးကို စစ်ဆေးပြီးမှ လိုအပ်တဲ့ အစာအာဟာရကို ဖြည့်တင်းတာ ပိုကောင်းပါတယ်။
Step 7
နောက်တစ်ဆင့်ကတော့ အိပ်ခန်းထဲက ပြက္ခဒိန်မှာ ကိုယ်ဝန်ရဖို့ ကြိုးစားရမယ့် ရက်တွေကို ထင်သာမြင်သာအောင် အမှတ်အသား လုပ်ထားဖို့ပါပဲ။ ဘာလို့လဲဆိုတော့ ထီပေါက်ဖို့အတွက် ထီထိုးဖို့ လိုသလို ပေါက်မယ့် ထီလက်မှတ်ကို လည်း ရွေးထိုးဖို့ လိုပါတယ်။ ပေါက်မယ့် ထီလက်မှတ်ရွေးဖို့က ပုံသေနည်းမရှိပေမယ့် ကိုယ်ဝန်ရဖို့ ကြိုးစားရမယ့် ရက်တွေကတော့ အတိအကျရှိပါတယ်။
ဓမ္မတာလာပြီး ဆယ့်လေးရက်မြောက် ရက်က ကိုယ်ဝန်ရဖို့ ဖြစ်နိုင်ခြေအရှိဆုံး ဖြစ်ပြီး ဆယ့်သုံးရက်မြောက် နဲ့ ဆယ့်ငါးရက်မြောက် ရက်တွေမှာလည်း ကြိုးစားသင့်ပါတယ်။
အခုပြောပြခဲ့တဲ့ အဆင့် (၇) ဆင့်ကို တစ်ဆင့်ချင်း လုပ်ဆောင်သွားပြီးပြီ ဆိုရင်တော့ ကိုယ်ဝန်ဆောင်နိုင်ဖို့ အထောက်အကူဖြစ်စေတာ သေချာသလောက်ရှိသွားပါပြီနော်။ ဒီတော့ အခု မေမေလောင်းလေးတွေအကုန်လုံး မကြာခင် မေမေ အစစ်တွေဖြစ်လာကြတော့မယ်လို့ ယုံကြည်မိပါတယ်။ သားသားမီးမီးလေးတွေနဲ့ သာယာချမ်းမြေ့တဲ့ မိသားစု ဘ၀လေးကို အမြန်ဆုံး ပိုင်ဆိုင်နိုင်ကြပါစေနော်။
Comments