ကိုယ်ဝန်ဆောင်ခရီး ဒုတိယပိုင်း(၄လမှ၆လအတွင်း) အပြောင်းအလဲများ

by: Nang Htwe
 0 comments  1 love

ကိုယ်ဝန်ပထမပိုင်းတုန်းက အစားအသောက် အလွန်အရေးကြီးခဲ့သလို ဒုတိယပိုင်းမှာလည်း ဂရုစိုက်သင့်ပါတယ်

ကိုယ်ဝန်ပထမပိုင်းမှာ အဓိကကိုယ်တွင်းအင်္ဂါနဲ့ အာရုံကြောတွေ ဖွဲ့စည်းဖြစ်ပေါ်ပါတယ်။ ကိုယ်ဝန်ဒုတိယပိုင်း (၂၅)ပတ်မှာတော့ ခြေထောက်လေးအနည်းငယ်ပိုရှည်လာပြီး ကိုယ်အလေးချိန်ကတော့ ပျှမ်းမျှအားဖြင့် (၂)ပေါင်ခန့် ရှိနေပါတယ်။

အပြောင်းအလဲများ

အခုချိန်မှာတော့ ကိုယ်ဝန်ပထမပိုင်းနဲ့ ပုံစံချင်း မတူညီတော့ပါဘူး။ ဗိုက်ထဲက ကလေးလေး လျင်မြန်စွာ ကြီးထွားနေပါပြီ။ ကိုယ်ဝန်အပတ်(၂၀)နောက်ပိုင်းမှာတော့ သားအိမ်တဖြည်းဖြည်းကျယ်လာပြီး ဗိုက်ပေါ်လာပါပြီ။ ရင်သား တဖြည်းဖြည်းကြီးလာပြီး နို့ရည်ဂလင်းတွေက ကလေးလေးမွေးလာချိန်မှာ နို့တိုက်ဖို့ ပြင်ဆင်နေပါပြီ။ နောက်ပြီး ဝမ်းချုပ်တာတွေ၊ ရင်ပူတာတွေ၊ ရောင်ရမ်းတာတွေနဲ့ ခြေထောက်ကြွက်တက်တာတွေကို ဒုတိယပိုင်းမှာ စတင်ကြုံရမှာပါ။ မေမေလောင်းတို့ မျှော်လင့်နေတဲ့ ကလေးလှုပ်တာကိုလည်း ဒုတိယပိုင်းမှာ စကြုံရပါတယ်။ ပထမပိုင်းတုန်းကလိုမျိုး အော့အန်တာတွေမရှိတော့ဘဲ ကိုယ်ဝန်အပတ်(၁၈)နဲ့ (၂၀)ကြားဟာဆိုရင် နေလို့အလွန်ကောင်းချိန်လည်း ဖြစ်ပါတယ်။ တချို့ဗိုက်ဗိုက်တွေဆိုရင် ကလေးစောစောလှုပ်တာကို ခံစားမိတတ်ပါတယ်။

ကျန်းမာ‌ရေး

ကိုယ်ဝန်ဒုတိယပိုင်းမှာ ဆရာဝန်နဲ့ တစ်လတစ်ကြိမ် ပြသသင့်ပါတယ်။ အထူးသဖြင့် ကိုယ်အ‌လေးချိန်နဲ့ သွေးဖိအား တိုင်းတာခြင်းကို မှန်မှန်ပြုလုပ်ပေးသင့်ပါတယ်။ ကိုယ်အလေးချိန်ကတော့ တစ်ပတ်ကို (၀.၇၅)ပေါင်ကနေ (၁)ပေါင်အထိ တိုးလာပါတယ်။ ကိုယ်ဝန်ဒုတိယပိုင်းမှာ ultrasound ရိုက်ပေးခြင်းဖြင့် သန္ဓေသားရဲ့ ဖွံ့ဖြိုးမှုကို သိနိုင်ပါတယ်။ ဓါတ်ပုံနဲ့ဖြစ်စေ ဗီဒီယိုနဲ့ဖြစ်စေ သန္ဓသားကို မြင်နိုင်တဲ့အပြင် သားသားလေးလား၊ မီးမီလေးလားဆိုတာကိုလည်း သိနိုင်ပါပြီ။

သွေးစစ်ခြင်း

တချို့နိုင်ငံတွေမှာတော့ ကိုယ်ဝန်ဒုတိယပိုင်းမှာ သွေးစစ်ဆေးမှု (၁)ကြိမ် ဒါမှမဟုတ် (၂)ကြိမ် ပြုလုပ်ပါတယ်။ သွေးထဲက hCG နဲ့ estriol ဟော်မုန်းပမာဏ တိုင်းတာခြင်းဖြစ်ပြီး သန္ဓေသားမှာ အာရုံကြောပြဿနာနဲ့ Down’s syndrome ရှိမရှိ စတဲ့ ရလာဒ်တွေ သိရှိစေပါတယ်။ ဒီလိုမျိုးသွေးစစ်တာကို အသက်(၃၅)ကျော်တဲ့ ကိုယ်ဝန်ဆောင်တွေ ပိုပြုလုပ်သင့်ပါတယ်။ နောက်ပြီး သားအိမ်ထဲမှာ ရေမြွာရည် အနည်းအများကိုလည်း တိုင်းတာခြင်း ပြုလုပ်သင့်ပါတယ်။

အစားအသောက်

ကိုယ်ဝန်ပထမပိုင်းတုန်းက အစားအသောက် အလွန်အရေးကြီးခဲ့သလို ဒုတိယပိုင်းမှာလည်း ဂရုစိုက်သင့်ပါတယ်။ ဗီတာမင်နဲ့ သတ္ထုဓါတ်ပါတဲ့ အစားအသောက်တွေကို နေ့စဉ်မျှမျှတတစားပေးတာ၊ ကျန်းမာရေးနဲ့ညီတဲ့ နေထိုင်မှုပုံစံ ပြောင်းလဲတာမျိုး ကို ပြုလုပ်ပေးပါ။ လေ့ကျင့်ခန်းမှန်မှန်ပြုလုပ်‌ပေးပါ။ အိပ်ရေးဝဝ အိပ်ပါ။

ကိုယ်ဝန်ဒုတိယပိုင်းမှာ မေမေလောင်းတို့အနေနဲ့ များများအနားယူပေးဖို့ လိုအပ်ကြောင်း Kalay ကနေ ပြောပြပေးလိုက်ပါတယ်။

Kalay.com.mm မှ ရေးသားဖော်ပြနေသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များမှ Facebook Page များအတွက် ပြန်လည်ကူးယူခြင်း၊ ဆင်တူယိုးမှား ဖော်ပြခြင်းများ မပြုပါရန် လေးစားစွာ အသိပေးအပ်ပါသည်။
From Kalay with



Comments

0 comments
Latest video
Refer to more useful articles