ကိုယ်ဝန်ရှိတာ သိသိချင်း ဆေးခန်းပြဖို့ တိုက်တွန်းကြပါတယ်။ ဆရာဝန်တွေနဲ့ သူနာပြုဆရာ၊ ဆရာမတွေက ကိုယ်ဝန်ဆောင်ချိန်အတွင်းမှာ ကျန်းမာရေးနဲ့ ပတ်သက်ပြီး ချောချောမောမောဖြစ်အောင် အကူအညီပေးကြပါတယ်။ ကိုယ်ဝန်ဆောင်မေမေတို့ရဲ့ ကျန်းမာရေးအတွက် ဆေးခန်းမှန်မှန်ပြရပါမယ်။ ရက်ချိန်းယူရပါတယ်။

နာတာရှည်ရောဂါကြောင့် ဆေးဝါးတွေသောက်သုံးနေရတဲ့ ကိုယ်ဝန်ဆောင်မေမေတွေ အနီးကပ် ဆေးကုသမှု ခံယူရပါမယ် (Photo by FirstCry Parenting)
ကိုယ်ဝန်ဆောင်ချိန်မှာ ကျန်းမာရေး စစ်ဆေးမှုပေါင်း ဘယ်နှစ်ကြိမ် ပြုလုပ်သင့်လဲ။ ဘယ်နှစ်ကြိမ်အထိ လိုအပ်လဲ။ ဒီမေးခွန်းကလဲ မေမေလောင်းတို့ သိချင်တဲ့ မေးခွန်းတွေ ဖြစ်တာကြောင့် Kalay ကနေ ပြောပြပေးသွားပါမယ်။ ဗိုက်ဗိုက်လေးတွေ သိထားရမှာက တစ်ယောက်နဲ့ တစ်ယောက်တော့ အကြိမ်အရေအတွက် တူမှာမဟုတ်ပါဘူး။
ရက်ချိန်း ပျှမ်းမျှ ဘယ်နှစ်ကြိမ်လောက် ယူကြလဲ
ကိုယ်ဝန်ဆောင်ချိန်အတွင်း ကျန်းမာရေးပြဿနာ ထူးထူးထွေထွေ မရှိဘူးဆိုရင် ပျှမ်းမျှ (၈)ကြိမ်ကနေ (၁၀)ကြိမ်အထိ ဆေးခန်းပြကြပါတယ်။ ကျန်းမာရေး အခြေအနေနဲ့ ပြဿနာပေါ်မူတည်ပြီး အကြိမ်အရေအတွက် ကွဲသွားနိုင်ပါတယ်။ ကျန်းမာရေးနဲ့ ပတ်သက်ပြီး စိုးရိမ်စရာတွေ ရှိတယ်ဆိုရင်တော့ ဆရာဝန်တွေနဲ့ အနီးကပ်ကျန်းမာရေး စောင့်ရှောက်မှု ခံယူသင့်ပါတယ်။ ဒါကြောင့် အကြိမ်အရေအတွက်လည်း များသွားနိုင်ပါတယ်။
ဘယ်အချိန်မှာ အနီးကပ် စောင့်ရှောက်မှု ခံယူသင့်တာလဲ
ကျန်းမာရေးနဲ့ ပတ်သက်တဲ့ ရှုပ်ထွေးမှုတွေ၊ အန္တရယ်တွေနဲ့ ပြဿနာတွေ ကြုံလာခဲ့ရင် အနီးကပ်စောင့်ရှောက်မှု ခံယူသင့်ပါတယ်။
- ကိုယ်ဝန်ပျက်ကျဖူးတဲ့ ရာဇဝင်ရှိတယ်ဆိုရင် ယခုကိုယ်ဝန်မှာ အနီးကပ်စောင့်ရှောက်မှု ခံယူရပါမယ်။
- နာတာရှည်ရောဂါကြောင့် ဆေးဝါးတွေသောက်သုံးနေရတဲ့ ကိုယ်ဝန်ဆောင်မေမေတွေ အနီးကပ် ဆေးကုသမှု ခံယူရပါမယ်။
- ပြင်းထန်တဲ့ စိတ်ကျန်းမာရေးြပဿနာတွေ ကြုံနေရပြီဆိုရင်လည်း အနီးကပ် စောင့်ရှောက်မှု ခံယူရပါမယ်။
- ကိုယ်အလေးချိန် အလျင်အမြန် ကျတာနဲ့ မြင့်တက်တာတွေကြောင့် အနီးကပ် စောင့်ရှောက်မှု ခံယူရပါတယ်။
- သွေးဖိအား မြင့်တက်တဲ့ ကိုယ်ဝန်ဆောင်မေမေတွေလည်း အနီးကပ် စောင့်ရှောက်မှု ခံယူရပါတယ်။
- Ultrasound scans အရ သန္ဓေသားမှာ ပြဿနာရှိနေတယ်ဆိုရင်လည်း အနီးကပ်ကျန်းမာရေးစောင့်ရှောက်မှု ခံယူရပါတယ်။
- တခြာကျန်းမာရေး ပြဿနာတွေကြောင့်လည်း အနီးကပ်ကျန်းမာရေးစောင့်ရှောက်မှု ခံယူရပါတယ်။
ကျန်းမာရေး ကောင်းမွန်တဲ့ မေမေလောင်းတို့အတွက် ကိုယ်ဝန်သက်တမ်းအလိုက် ရက်ချိန်းများ
ကိုယ်ဝန်စရှိချိန်ကစပြီး (၁၂)ပတ်အတွင်း
ကိုယ်ဝန်ရှိတာ စသိသိချင်း ပြသတာ အကောင်းဆုံးပါ။ ကိုယ်ဝန်စရှိချိန်ကစပြီး (၁၂)ပတ်အတွင်းမှာ ပထမဆုံးအကြိမ် ဆေးခန်းပြရပါတယ်။ ဆရာဝန်တွေက မေမေလောင်းတို့ကို လမ်းညွှန်မှုတွေ ပြုလုပ်ပေးမှာပါ။ ဥပမာ ဖောလစ်အက်ဆစ်သောက်ဖို့နဲ့ အစားအသောက်တွေ ပြောင်လဲဖို့ စတာတွေ ပြောပြပေးမှာပါ။ ဆရာဝန်တွေ အများဆုံး လမ်းညွှန်ပေးတာကတော့
- ကျန်းမာရေးနဲ့ ညီညွှတ်တဲ့ အစားအစာများ
- ကိုယ်ဝန်မဆောင်ခင်တုန်းက ကျန်းမာရေးရာဇဝင်များ
- မွေးဖွားမယ့် အစီအစဉ်
- လုပ်ငန်းခွင်အကြောင်း (အလုပ်အကြောင်း)နဲ့
- နို့တိုက်ကျွေးဖို့ အစီအစဉ်ရှိမရှိ မေးပါလိမ့်မယ်။
နောက်ထပ် မေမေလောင်းတို့ကို ပြုလုပ်ပေးမှာက
- Ultrasound scans ရိုက်ပေးပါလိမ့်မယ်။
- ကိုယ်ဝန်ဆောင်ချိန်အတွင်း သောက်ရမယ့် ဖြည့်စွက်ဆေးဝါးတွေကို လမ်းညွှန်ပါလိမ့်မယ်။
- ဆောင်ရန်၊ ရှောင်ရန်တွေကို မှာကြားပါလိမ့်မယ်။

မီးတွင်း စိတ်ဓါတ်ကျတာတွေကို ဘယ်လိုဖြေရှင်းရမလဲ စတဲ့ မေးခွန်းတွေကို မေးသင့်ပါတယ် (Photo by Watsons Health)
(၁၀)ပတ်မှ (၁၄)ပတ်အတွင်း
ပထမဆုံးအကြိမ် Ultrasound scans ရိုက်ပေးပြီး မွေးဖွားမယ့်ရက်ကိုလည်း တွက်ပေးပါလိမ့်မယ်။ ကလေးငယ်ရဲ့ မျိုးရိုးဗီဇ မှန်မမှန် ကို စစ်ဆေးပေးပါလိမ့်မယ်။ အထူးသဖြင့် သန္ဓေသားမှာ Down syndrome ရောဂါရှိမရှိ စစ်ဆေးပေးပါမယ်။
(၁၆)ပတ်
ဆီးနဲ့ သွေးကို စစ်ဆေးမှုတွေပြုလုပ်ပေးပါလိမ့်မယ်။ သံဓါတ်ချို့တဲ့ခြင်းရှိမရှိနဲ့ ဆီးထဲမှာ ပရိုတိန်းဓါတ် ဘယ်လောက်ပမာဏ ရှိလဲဆိုတာ ပြောပြပေးမှာပါ။ ကိုယ်အလေးချိန်နဲ့ သွေးဖိအားကိုလည်း တိုင်းတာပေးပါလိမ့်မယ်။
(၁၈)ပတ်နဲ့ (၂၁)ပတ်အတွင်း
သန္ဓေသားဖွံ့ဖြိုးမှုနဲ့ ရုပ်ပိုင်းဆိုင်ရာ လုပ်ဆောင်ချက်တွေ မှန်မမှန် စစ်ဆေးပေးပါမယ်။ သားသားလေးလား၊ မီးမီးလေးလား ဆိုတာကိုလည်း ပြောပြပေးမှာပါ။
(၂၅) ပတ်
သွေးပေါင်ချိန်နဲ့ ဆီးကို နောက်တစ်ကြိမ် ထပ်မံ စစ်ဆေးပါပါမယ်။ သန္ဓေသားရဲ့ အရွယ်အစားကို တိုင်းတာပေးမှာပါ။
(၂၈) ပတ်
သွေးထဲက သံဓါတ် level ကို စစ်ဆေးပေးမှာပါ။ သံဓါတ်နဲ့ ပတ်သက်ပြီး လိုအပ်ချက်တွေ ရှိနေတယ်ဆိုရင် လမ်းညွှန်မှုတွေ ပြုလုပ်ပေးသွားမှာပါ။ သန္ဓေသားလေး ဘယ်လောက်ထိ ဖွံ့ဖြိုးနေပြီလဲဆိုတာ တိုင်းတာပေးမှာပါ။ နောက်ထပ် လိုအပ်တဲ့ စစ်ဆေးမှုတွေကိုလည်း ပြုလုပ်ပေးသွားဦးမှာပါ။
(၃၁) ပတ်
ဆီးထဲ ပရိုတိန်းပါဝင်နှုန်းကို ထပ်မံ စစ်ဆေးပေးသွားမှာပါ။ သွေးဖိအားကိုလည်း စစ်ဆေးပေးသွားမှာဖြစ်ပြီး ကလေးကြီးထွားတာကို စောင့်ကြည့်ဖို့ သားအိမ်အရွယ်အစားကို တိုင်းတာပေးမှာပါ။
(၃၄) ပတ်
ဒီအချိန်မှာ မေမေလောင်းတို့အနေနဲ့ မွေးဖွားချင်လို့ နာကျင်တာလား ဒါမှမဟုတ် သာမန်နာကျင်တာလားဆိုတာ ကွဲကွဲပြားပြားသိဖို့ ဆရာဝန်နဲ့ တိုင်ပင်သင့်ပါတယ်။ မွေးဖွားတဲ့အခါ ဆောင်ရန်ရှောင်ရန်တွေ သိထားဖို့ ဆရာဝန်နဲ့ တိုင်ပင်သင့်ပါတယ်။
(၃၆) ပတ်
ဒီအချိန်မှာ မေမေလောင်းတို့က မကြာခင် မွေးဖွားလာမယ့် ကလေးငယ်အတွက် လိုအပ်တာလေးတွေ မေးရပါမယ်။
- ကလေးငယ်အတွက် နို့တိုက်ကျွေးတာနဲ့ ပတ်သက်တဲ့ ကိစ္စများ
- မွေးကင်းစကလေးငယ်အတွက် လိုအပ်တဲ့ စစ်ဆေးမှုများ
- မွေးဖွားပြီးနောက် မေမေလောင်းတို့ရဲ့ ကျန်းမာရေးစောင့်ရှောက်မှုများနဲ့
- မီးတွင်း စိတ်ဓါတ်ကျတာတွေကို ဘယ်လိုဖြေရှင်းရမလဲ စတဲ့ မေးခွန်းတွေကို မေးသင့်ပါတယ်။
ဆီးနဲ့ သွေးဖိအားကို ထပ်မံ စစ်ဆေးတိုင်းတာ ပေးသွားမှာပါ။
(၃၈) ပတ်
ဆီးနဲ့ သွေးပေါင်ချိန် စစ်ဆေးခြင်းနဲ့ သန္ဓေသားရဲ့ တိုးတက်မှုတွေကို တိုင်းတာနိုင်ပါတယ်။ မွေးဖွားခါနီးပြီဖြစ်တာကြောင့် အရင်ကထက် စိုးရိမ်မှုကို ပိုများလာပါတယ်။ ဒီစိုးရိမ်မှုတွေနဲ့ ပတ်သက်ပြီး ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးနိုင်ပါတယ်။
(၄၀) ပတ်
လုပ်ရိုးလုပ်စဉ်ဖြစ်တဲ့ ဆီးစစ်ဆေးမှု၊ သွေးဖိအားနဲ့ သားအိမ်တိုင်းတာတာတွေကို ပြုလုပ်ပေးမှာပါ။
(၄၁) ပတ်
ဒီအချိန်မှာတော့ ရိုးရိုးမွေးဖွားမယ့် မေမေလောင်းတွေကို ရေမြွာအခြေအနေ စောင့်ကြည့်ပေးမှာပါ။
အခုဖော်ပြထားတာက ကျန်းမာရေးကောင်းမွန်တဲ့ မေမေလောင်းတွေအတွက် ဖြစ်ပြီး ရောဂါနဲ့ ပြဿနာတွေရှိလာမယ်ဆိုရင်တော့ လိုအပ်တဲ့ ကုသစစ်ဆေးမှုခံယူသင့်ကြောင်း Kalay ကနေ ပြောပြပေးလိုက်ပါတယ်။
Ref : Check Up Schedule (parenting)
Comments