ကိုယ်ဝန်ဆောင်သက်တမ်း (၉) ပတ်

by: Khin Nyein Lwin
 0 comments  0 love

ကိုယ်ဝန်ဆောင်သက်တမ်း (၉) ပတ်မှာ သန္ဓေသားလေးက သေးငယ်နေသေးပေမယ့် အဓိကကိုယ်အင်္ဂါအစိတ်အပိုင်းတွေအားလုံး ရှိနေပြီဖြစ်ပါတယ်။ ဘယ်လိုပြောင်းလဲတာတွေကို ကြုံတွေ့ရမှာလဲ

ကိုယ်ဝန်ဆောင်သက်တမ်း (၉) ပတ်အချိန်မှာ လျင်လျင်မြန်မြန်ပြောင်းလဲသွားတာ အများကြီးရှိပါတယ်။ အရင်က မပြဖြစ်ခဲ့တဲ့ ကိုယ်ဝန်ဆောင်တော်တော်များများက ဆရာဝန်နဲ့ရက်ချိန်းယူပြီး ပထမဆုံးအကြိမ်သွားရောက်ပြသတာမျိုးကို လုပ်နေကြပါပြီ။ သားဖွားဆရာဝန်နဲ့ ပထမဆုံးအကြိမ်သွားရောက်တွေ့ဆုံခြင်းမှာ အဆင်ပြေချောမွေ့ဖို့ဆိုရင် လက်ရှိ သောက်နေတဲ့ဆေးတွေအားလုံးကို စာရင်းသေချာလုပ်သွားဖို့လိုအပ်ပါတယ်။ ဆရာဝန်ညွှန်ကြားချက်မပါပဲ သောက်တဲ့ဆေးတွေကိုလည်း မမေ့ပါနဲ့။ အစားအသောက်၊ အအိပ်နဲ့ လေ့ကျင့်ခန်းလုပ်တဲ့ အလေ့အကျင့်တွေ အားလုံးကိုလည်း အသေးစိတ်ပြောပြသင့်ပါတယ်။ 

ကိုယ်ဝန်(၉)ပတ်မှာ ကလေးရဲ့အရွယ်အစားက သံလွင်သီးပမာဏလောက်ရှိပါတယ်

သန္ဓေသားဖွံ့ဖြိုးကြီးထွားမှုပုံစံ

ကိုယ်ဝန်ဆောင်သက်တမ်း (၉) ပတ်ဝန်းကျင်ဆိုရင် သန္ဓေသားလောင်းလေးက ကိုယ်အလေးချိန် (၉) ဂရမ်သာရှိသေးပေမယ့် မြန်မြန် ဆန်ဆန် ဖွံ့ဖြိုးတိုးတက်လာခြင်းအတွက် အသင့်ပြင်ထားပါ။ ဒီအချိန်မှာ အဓိက ကိုယ်အင်္ဂါအစိတ်အပိုင်း လက်၊ ခြေထောက်စတာတွေ အပြည့်အစုံ ရှိနေပြီဖြစ်ပါတယ်။ လိင်အင်္ဂါနဲ့ မျက်လုံးတို့ကလည်း အပြည့်အဝ မဖွံ့ဖြိုး သေးပေမယ့် ရှိနေကြပါပြီ။ အကြမ်းအားဖြင့် သန္ဓေသားလေးက (၁) လက်မဝန်းကျင်ရှိပါပြီ။ အရိုးတွေက စပြီးမာလာပါပြီ။ ခန္ဓာကိုယ်တစ်ခုလုံးမှာ အရွတ်တွေရှိနေပြီဖြစ်ပြီး နို့သီးခေါင်း၊ မျက်ခုံး၊ မွေးညှင်းပေါက်၊ ခြေချောင်းနဲ့ ဒူခေါင်းစတာတွေလည်း စပြီးဖြစ်ထွန်းလာနေပါပြီ။ ကိုယ်တွင်း အဓိကအင်္ဂါတွေကလည်း ပြည့်ပြည့်ဝဝ မဖြစ်ထွန်းသေးပေမယ့် ရှိနေပါပြီ။ အူလမ်းကြောင်းနဲ့ ကြွက်သားတွေက စပြီးဖွံ့ဖြိုးလာနေပါပြီ။

ခန္ဓာကိုယ်က နည်းနည်းပိုပြည့်လာနေပေမယ့် ကိုယ်ဝန်ဆောင်နေတယ် ဆိုတာကို သိသာစေတဲ့အထိတော့ မဖြစ်သေးပါဘူး။

ပြောင်းလဲလာသော မိခင်ရဲ့ဘဝနေထိုင်မှုပုံစံ

ကိုယ်ဝန်ဆောင်ကာလအတွင်း ဘဝကတော့ ရုတ်တရက်ကြီးပြောင်းလဲသွားပါတယ်။ အပြင်ပိုင်းအနေနဲ့ များများစားစားပြောင်းလဲခြင်းမျိုးမရှိပါဘူး။ ခန္ဓာကိုယ်က နည်းနည်းပိုပြည့်လာနေပေမယ့် ကိုယ်ဝန်ဆောင်နေတယ် ဆိုတာကို သိသာစေတဲ့အထိတော့ မဖြစ်သေးပါဘူး။ သို့သော်လည်း ကိုယ့်ကိုယ်ကိုတော့ ကိုယ်ဝန်ရှိနေပြီဆိုတာ တော်တော်သိသာနေပါပြီ။ မအီမသာဖြစ်တာ၊ စိတ်မူမမှန်တာနဲ့ ပင်ပန်းနွမ်းနယ်တာတွေက ကိုယ်ဝန်ဆောင်သက်တမ်း (၉) ပတ်ဆိုရင် ပုံမှန်လိုတောင်ဖြစ်နေလောက်ပါပြီ။ တစ်ယောက်နဲ့တစ်ယောက်တော့ မတူတတ်ကြပါဘူး။ စိတ်ကိုအရမ်းကြီး တင်းမထားတာ ပိုကောင်းပါတယ်။

ကလေးအတွက် သင့်မျှော်လင့်ချက်တွေနဲ့ အိမ်မက်တွေကို စဉ်းစားနေလိုက်ပါ။

ကိုယ်ဝန်ဆောင်သက်တမ်း (၉) ပတ်မှာ လုပ်ဆောင်ရမယ့်အချက်များ

သန္ဓေသားနဲ့ဆက်သွယ်ပါ

ကိုယ်ဝန်ဆောင်သက်တမ်း (၉) ပတ်ဆိုတာ သန္ဓေသားနဲ့ စပြီးဆက်သွယ်ဖို့ အကောင်းဆုံးအချိန်ဖြစ်ပါတယ်။ စိတ်ပညာဆရာဝန် ဒိုင်ယာနီ ဆန်းဖို့သ်က နေ့တိုင်း တစ်နေ့ကို ဗိုက်ထဲကကလေးနဲ့ အနည်းဆုံး (၁၀) မိနစ်ခန့် ဆက်သွယ်ဖို့ အကြံပေးထားပါတယ်။ ဒါကို တိတ်ဆိတ်တဲ့နေရာမှာ ထိုင်ပြီး အသက်ပြင်းပြင်းရှုခြင်းဖြင့်လည်း လုပ်ဆောင်နိုင်ပါတယ်။ ဒီအချိန်အတွင်းမှာ ကလေးအတွက် မျှော်လင့်ချက်တွေနဲ့ အိမ်မက်တွေကို စဉ်းစားနေလိုက်ပါ။ ကလေးက ဘယ်လိုပုံစံမျိုးများဖြစ်မလဲဆိုပြီး ပုံဖော်ကြည့်ပါ။ အနာဂတ်မှာ  ကိုယ်ကဘယ်လို မိဘမျိုးဖြစ်ချင်တယ်ဆိုတာကိုလည်း တွေးနေလို့ရပါတယ်။ မိဘတစ်ယောက်အနေနဲ့ ကိုယ့်ပန်းတိုင်ကိုအရောက်ပို့ပေးနိုင်မယ့် နည်းလမ်းတွေကို တွေးနေလိုက်ပါ။ ဒါကတော့ မိခင်သစ်တွေအတွက် စိတ်ပူပန်လှုပ်ရှားနေတာကို သက်သာစေပြီး ဗိုက်ထဲက ကလေးလေးနဲ့ ဆက်သွယ်ဖို့ အထောက်အပံ့ပေးပါလိမ့်မယ်။

စိတ်ဖိစီးမှုနဲ့ ပူပန်မှုတွေကို လျော့ချပါ

စိတ်ဖိစီးမှုနဲ့ စိတ်ပူပန်မှုတွေက မိခင်လောင်းအသစ်တွေအတွက် ကြုံတွေ့နေကျ ပြဿနာမျိုးဖြစ်ပါတယ်။ အချိန်မှီ မဖြေရှင်းနိုင်ဘူးဆိုရင် ကိုယ်ဝန်ဆောင်ကာလအတွင်း ရှုပ်ထွေးမှုတွေကို ဖြစ်လာစေနိုင်ပါတယ်။ ကိုယ်ဝန်ဆောင်ကာလအတွင်း စိတ်ဖိစီးမှု ဖြေလျော့တဲ့နည်းလမ်းကိုယ်တိုင်က စိတ်ဖိစီးမှုမဖြစ်စေဖို့ အရေးကြီးပါတယ်။ ကိုယ့်ကိုတစ်ခုခုကလွှမ်းမိုးလာပြီလို့ ခံစားရတာနဲ့ အသက်ရှုလေ့ကျင့်ခန်းလုပ်တာမျိုး၊ လမ်းလျှောက်ထွက်တာမျိုးကို လုပ်ကြည့်သင့်ပါတယ်။ လေ့ကျင့်ခန်းလုပ်ခြင်းက စိတ်ဖိစီးမှုနဲ့ စိုးရိမ်ပူပန်နေတဲ့စိတ်ကို လျော့ချပေးနိုင်ပါတယ်။ ပြီးတော့ လေ့ကျင့်ခန်းလုပ်ခြင်းက စိတ်ဖိစီးမှုလျော့ကျစေပြီး ပျော်ရွှင်စေတဲ့ endorphins ဟော်မုန်းတွေကို ဦးနှောက်ကထုတ်ပေးစေနိုင်ပါတယ်။

ခံစားနေရတာတွေကို အမျိုးသားကိုပြောပြပါ

အမျိုးသားနဲ့ ပွင့်ပွင့်လင်းလင်းရှိဖို့က အရေးကြီးပါတယ်။ မိဘဖြစ်လာတော့မယ့်အတွက် စိုးရိမ်ပူပန်နေတဲ့အကြောင်းတွေကို ပြောလို့ရပါတယ်။ ဘယ်လိုခံစားနေရတာကို အမျိုးသားသိသွားမှာကို မကြောက်ပါနဲ့။ မကြာမီဖြစ်လာတော့မယ့် မိဘနေရာကို နှစ်ယောက်ပူးပေါင်းပြီး ရင်ဆိုင်လိုက်ကြပါ။

From Kalay with


Comments

0 comments
Latest video