ကိုယ်ဝန်ဆောင်သက်တမ်း (၈)ပတ်

by: Khin Nyein Lwin
 0 comments  0 love

ကိုယ်ဝန်ဆောင်သက်တမ်း (၈)ပတ်မှာ ရင်သားတွေကြီးထွားလာပြီး ဆီးမကြာခဏသွားနေရပါပြီ။ ကလေးရဲ့ လက်ချောင်း ခြေချောင်လေးတွေကလည်း ထွက်ပေါ်လာနေပြီ

ကိုယ်ဝန် ၈ပတ်အချိန်ရောက်ပြီဆိုရင် ကိုယ်ဝန်ရှိနေတာကိုသိနေသည့်အပြင် အမျိုးသမီးအများစုက သန္ဓေသားကို ပထမဆုံး အာထရာဆောင်းရိုက်ကြည့်နေပြီ ဖြစ်ပါတယ်။ ကိုယ်ဝန်အစောပိုင်းကာလမှာ ရိုက်တဲ့အာထရာဆောင်းကတော့ သန္ဓေသားရဲ့နှလုံးခုန်နှုန်းနဲ့ တခြား မူမမှန်တာတွေရှိမရှိ စစ်ဆေးဖို့ဖြစ်ပါတယ်။ ဒီအခြေအနေမှာပဲ ကလေးမွေးဖွားပြီးနောက် မွေးစာရင်းထုတ်ရန်အတွက် စာရင်းသွင်းဖို့ စာရွက်စာတမ်းတွေကို ပြင်ဆင်နေကြရပါပြီ။ နောက် (၄) ပတ်အကြာမှာ ကိုယ်ဝန်ပထမအဆင့်က ပြီးဆုံးပြီဖြစ်တာကြောင့် ဒီအပတ်အတွင်းမှာ အရင်နဲ့မတူတဲ့ ကိုယ်ဝန်ဆောင်လက္ခဏာကို ခံစားရနိုင်ပါတယ်။

ကိုယ်ဝန်ဆောင် (၈)ပတ်အရွယ်မှာ ကလေးအရွယ်အစားက စပျစ်သီးတစ်ခိုင်ဇာပမာဏရှိပါတယ်

သန္ဓေသားဖွံ့ဖြိုးကြီးထွားမှုပုံစံ

ခြေလက်လေးတွေကနေ လက်ချောင်းခြေချောင်းလေးတွေ ထွက်လာနေပါပြီ။ အစောပိုင်း ဖွံ့ဖြိုးမှုကာလ ဖြစ်တာကြောင့် လက်ချောင်းခြေချောင်းက အရေပြားတွေကတော့ ဆက်နေပါသေးတယ်။ အဲ့အဆက်တွေက ကိုယ်ဝန် (၁၁) ပတ်မှာမှ ပြောင်းလဲမှာဖြစ်ပါတယ်။ ဒီအချိန်မှာ သန္ဓေသားက လက်ကောက်ဝတ် ကိုတောင် ကွေးနိုင်ဆန့်နိုင်နေပါပြီ။ အဆုတ်ကတော့ ဖွံ့ဖြိုးနေဆဲဖြစ်ပေမယ့် အသက်ရှုလမ်းကြောင်းလေပြွန်တွေဖြစ်တဲ့ trachea နဲ့ bronchi ကတော့ လည်ချောင်းမှ အဆုတ်ဆီကို စပြီးရှည်ထွက်လာပါပြီ။ ဦးနှောက်ကတော့ ကနဦးအဆင့်သာရှိသေးပါတယ်။ နာဗ့်ဆဲလ်တွေဖြစ်တဲ့ အာရုံကြောကလာပ်စည်းတွေက ဖွံ့ဖြိုးကြီးထွားလာပြီး ခွဲထွက်လာပြီး တစ်ခုနဲ့တစ်ခု ဆက်သွယ်လာကာ အာရုံကြောလမ်းကြောင်းတွေကို ဖွဲ့စည်းနေပါပြီ။

ဒါ့အပြင် မျက်ခွံကလည်း မျက်လုံးတစ်ခုလုံးကို အုပ်နိုင်သည်အထိ အပြည့်အဝဖွံ့ဖြိုးလာပါပြီ။ “အမြီး” ကတော့ သေးသေးလေးကျန်နေသေးပေမယ့် သန္ဓေသားက လျင်မြန်စွာလှုပ်ရှားနေပါတယ်။ ဒါကို မိခင်ကတော့ သတိမထားမိနိုင်သေးပါဘူး။ ယောက်ျားလေးလား မိန်းကလေးလားဆိုတာကိုတော့ ဘယ်လိုနည်းနဲ့မှ ခွဲခြားမသိနိုင်သေးပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ အပြင်ဘက်လိင်အင်္ဂါတွေက ဖွံ့ဖြိုးနေဆဲဖြစ်တာကြောင့်ပါ။ ဘယ်လိုဖြစ်ဖြစ် ကျောက်ကပ်အရွယ်လောက်ရှိနေပြီဖြစ်တဲ့ သန္ဓေသားလေးကတော့ မခံစားမိနိုင်သေးပေမယ့် ပုံမှန် လှုပ်ရှားနေပါပြီ။

ကလေးအတွက် လိုအပ်တဲ့ အာဟာရ ရရှိအောင် ဗီတာမင်တွေကို သောက်သုံးပါ

ပြောင်းလဲလာသော မိခင်ဘဝနေထိုင်မှုပုံစံ

ဘရာဇီယာတွေ ကျပ်လာတာကို သတိထားမိပါလိမ့်မယ်။ မကြာခင်မှာ ဆိုဒ်ပိုကြီးပြီး အရည်အသွေးကောင်းတာမျိုး လိုအပ်ပါလိမ့်မယ်။ နို့ရည်ထွက်နိုင်ဖို့ပြင်ဆင်နေတဲ့အတွက် ဟော်မုန်းပမာဏ မြင့်လာတာကြောင့်  ရင်သားကပိုကြီးထွားလာပြီး တခြားတစ်သျှူးပြောင်းလဲခြင်းတွေလည်း ဖြစ်စေပါတယ်။ ကိုယ်ဝန်ကာလတစ်လျှောက် ရင်သားက ဆက်ပြီး ကြီးထွားလာမှာဖြစ်ပါတယ်။ အထူးသဖြင့် သားဦးဆိုရင် ဘော်လီဆိုဒ် တစ်ဆိုဒ် သို့ နှစ်ဆိုဒ်ကြီးသွားနိုင်ပါတယ်။ စိတ်ပူစရာ မလိုပါဘူး။ ပြီးတော့ ဘော်လီ အသစ်ဝယ်မယ်ဆိုရင် ဆက်ပြီးကြီးထွားနိုင်ဖို့ စဉ်းစားပြီး ဝယ်သင့်ပါတယ်။

မနက်ပိုင်း ပျို့အန်တာ၊ မအီမသာဖြစ်တာနဲ့ ဝမ်းလျှောတာတွေ ဆက်တိုက်ဖြစ်ပွားနိုင်ပြီး အနည်းငယ်ရေဓာတ် ခြောက်တာမျိုးဖြစ်နိုင်ပါတယ်။ ဒါတွေက မိခင်ကို ပင်ပန်းပြီး အားနည်းစေပါတယ်။ ထို့အပြင် ဆီးမကြာခဏ သွားရတာကြောင့် ညဘက် အိပ်ရေးမဝတာတွေလည်း ဖြစ်နိုင်ပါတယ်။ အရင်က ဖော်ပြထားခဲ့တဲ့အတိုင်း သွေးပမာဏ များလာတာကြောင့်ရယ် ကျောက်ကပ်ကိုဖြတ်စီးတဲ့ သွေးပိုများလာတာကြောင့်ဖြစ်ပါတယ်။

တချို့တွေက လမ်းခဏလျှောက်ပေးခြင်းက ပင်ပန်းနွမ်းနယ်တာနဲ့ အားနည်းတာအတွက် ကောင်းစေတယ်လို့ ပြောကြပါတယ်။ လမ်းခဏလျှောက်ခြင်းက ခန္ဓာကိုယ်တွင်း သွေးလည်ပတ်မှုကို ဖြစ်စေတာကြောင့် ခြေထောက် အကြောတွေဆိုင်းပြီး နာကျင်တာမျိုးကို ကာကွယ်ပေးပါတယ်။

မနက်ပိုင်း ပျို့အန်တာ၊ မအီမသာဖြစ်တာနဲ့ ဝမ်းလျှောတာတွေ ဆက်တိုက်ဖြစ်ပွားနိုင်ပါတယ်

ကိုယ်ဝန် (၈) ပတ်မှာ လုပ်ဆောင်ရမယ့်အချက်များ

ကိုယ်ဝန်ဆောင် ဗီတာမင်တွေကို ဆက်ပြီးမှီဝဲပါ

ကိုယ်ဝန်ဆောင်ချိန်မှာ မိခင်ရဲ့ခန္ဓာကိုယ်က သွေးအများကြီးလိုအပ်ပါတယ်။ ဒါကြောင့် ကလေးအတွက် လိုအပ်တဲ့ အာဟာရ ရရှိအောင် ဗီတာမင်တွေကို သောက်သုံးဖို့ အကြံပြုရတာဖြစ်ပါတယ်။

ကိုယ်ဝန်ဆောင်ဘော်လီတွေကိုဝယ်ပါ

ကိုယ်ဝန်ဆောင်နေစဉ်အတွင်း ရင်သားနာကျင်ခြင်းနဲ့ နို့ရည်အတွက်ပြင်ဆင်နေခြင်းကြောင့် ရင်သားတွေ ကြီးထွားလာပါတယ်။ ကိုယ်ဝန်ဆောင်ကာလတစ်လျှောက် ရင်သားက ဆက်ပြီးကြီးထွားနေမှာ ဖြစ်တဲ့အတွက် ဘော်လီ အဟောင်းတွေနဲ့ တော်တော့မှာ မဟုတ်ပါဘူး။ ဒါကြောင့် ကိုယ်ဝန်ဆောင်မိခင်များအနေနဲ့ ကလေးအဝတ်အစားတွေကို မဝယ်ခင် သက်တောင့်သက်သာရှိတဲ့ ကိုယ်ဝန်ဆောင်ဘော်လီကို အရင်ဝယ်သင့်ပါတယ်။ ရင်သားက ကိုယ်ဝန် ဒုတိယအဆင့်နဲ့ တတိယအဆင့်မှာ ဆက်ကြီးထွားလာနိုင်တာဖြစ်လို့ ဆိုဒ်ကို တစ်ဆိုဒ် သို့ နှစ်ဆိုဒ် ပိုကြီးတာ ဝယ်သင့်ပါတယ်။

ကိုယ်ဝန်ဆောင်မိခင်အတွက်စာအုပ်တွေကို ဖတ်ပါ

ကိုယ်ဝန်ဆောင်နဲ့ပတ်သက်တဲ့စာအုပ်တွေကို မဝယ်ရသေးဘူးဆိုရင် အခုသွားဝယ်လိုက်ပါ။ ခန္ဓာကိုယ်မှာ ဖြစ်နေတဲ့ ပြောင်းလဲလာမှုတွေကို နားလည်အောင် စာအုပ်တွေဖတ်သင့်တဲ့အချိန်ဖြစ်ပါတယ်။ သန္ဓေသားရဲ့ အဆင့်ဆင့်ပြောင်းလဲလာမှုကို စာအုပ်တွေကတစ်ဆင့် သိပြီး သူနဲ့ပိုရင်းနှီးလာနိုင်ပါတယ်။ သတင်းအချက်အလက်တွေပေးရုံမကပဲ စာအုပ်တွေက ကိုယ့်ကိုယ်ကို ပိုနားလည်လာစေပြီး မိမိကိုယ်ကို ပိုတန်ဖိုးထားလာစေမှာ အမှန်ပါပဲ။

စာအုပ်ကို အတူတူဖတ်တဲ့ အမျိုးသားနဲ့ကလေးတွေကအစ ကိုယ်ကြုံတွေ့နေရတဲ့ပြောင်းလဲမှုကို နားလည်လာပြီး ကလေးနဲ့ရင်းနှီးမှုပိုရလာမှာဖြစ်ပါတယ်။

From Kalay with


Comments

0 comments
Latest video