ကိုယ်ဝန်ဆောင်သက်တမ်း (၅)ပတ်

by: Khin Nyein Lwin
 0 comments  0 love

ကိုယ်ဝန်(၅)ပတ်မှာ တကယ်လို့ အစားအသောက်ပျက်တာက အရမ်းကြီးဆိုးရွားနေတာမျိုးဆိုရင် ဆရာဝန်နဲ့တိုင်ပင်ပြီး ဓာတ်စာမှီဝဲတာမျိုးလည်း လုပ်နိုင်ပါတယ်

ကိုယ်ဝန်ဆောင်သက်တမ်း (၅)ပတ် အချိန်ရောက်လာပြီဆိုရင်တော့ ရင်သားနာကျင်တာ၊ မနက်ပိုင်း ပျို့အန်တာနဲ့ ပြင်းထန်တဲ့ မူးမေ့တာမျိုးတွေ ကြုံတွေ့နိုင်ပါတယ်။ အခုချိန်မှာတော့ ကိုယ်ဝန်ကို နောက်ပိုင်းမှာပါ စောင့်ရှောက်မှု အပြည့်ပေးနိုင်တဲ့ ကျွမ်းကျင်ဆရာဝန်ကို တွေ့သင့်ပါပြီ။ မွေးဖွားပြီးတဲ့အချိန်အထိ ပုံမှန် ကျန်းမာရေးစစ်ဆေးမှုကို ပြုလုပ်ရတော့မယ့် အချိန်စတင်ပါပြီ။ ကိုယ်ဝန်ဆောင်သက်တမ်း (၅)ပတ် အချိန်မှာ ကြုံတွေ့လာနိုင်တာတွေကို ဖော်ပြလိုက်ပါတယ်။

သန္ဓေသားလောင်းလေး နှမ်းစေ့သာသာလောက်သာရှိပါတယ်

သန္ဓေသားဖွံ့ဖြိုးကြီးထွားမှုပုံစံ

သားအိမ်အတွင်းမှာ သန္ဓေသားလောင်းလေးကတော့ လျင်မြန်စွာ ကြီးထွားလာနေပါပြီ။ ဒီအချိန်မှာ နှမ်းစေ့ သာသာလောက်သာရှိတာကြောင့် လူထက် ဖားလောင်းလေးနဲ့ပိုတူပါတယ်။ အခုဆိုရင်တော့ ectoderm, mesoderm နဲ့ endoderm ဆိုပြီး အလွှာ ၃လွှာနဲ့ဖွဲ့စည်းထားပြီး နောက်ပိုင်းကျရင်တော့ ကိုယ်အင်္ဂါတွေနဲ့ တစ်သျူးတွေအဖြစ် ဖွံ့ဖြိုးလာမှာဖြစ်ပါတယ်။ အပေါ်ပိုင်းအလွှာဖြစ်တဲ့ ectoderm က သန္ဓေသားရဲ့ ဦးနှောက်၊ ကျောရိုးနာဗ့်ကြိုး၊ နာဗ့်ကြောများနဲ့ ကျောရိုးတို့ ဖြစ်လာမယ့် အာရုံကြောပြွန်အဖြစ် စတင်ဖွံ့ဖြိုးလာပါပြီ။ ၄င်းအလွှာက ကလေးရဲ့ အရေပြား၊ ဆံပင်၊ လက်သည်းခြေသည်း၊ နို့နဲ့ ချွေးဂလင်းနဲ့ သွားအပေါ်ယံကြွေတို့ အဖြစ်လည်း ဖွံ့ဖြိုးလာမှာဖြစ်ပါတယ်။

ကလေးရဲ့ နှလုံးနဲ့ သွေးလည်ပတ်မှုစနစ်ကတော့ အလယ်လွှာ mesoderm မှာ ဖြစ်ပေါ်လာပါတယ်။ (ဒီအပတ်မှာ နှလုံးသေးသေးလေးက အခန်းတွေခွဲသွားပြီး နှလုံးစခုန်ပြီး သွေးကိုညစ်ထုတ်ပေးတာ စတင်ပြီဖြစ်ပါတယ်) ဒီအလွှာမှ ကလေးရဲ့ ကြွက်သားများ၊ အရွတ်၊ အရိုးနှင့် အရေပြားအောက်ရှိ တစ်သျူးတို့ ဖြစ်ပေါ်လာမည်ဖြစ်ပါတယ်။ တတိယအလွှာ endoderm က အဆုတ်၊ အူနှင့် အစောပိုင်းဆီးလမ်းကြောင်းစနစ် သာမက လည်ပြွန်၊ အသည်းနှင့် ပန်ကရိယ အဖြစ် ဖွံ့ဖြိုးလာပါမယ်။ ဒီအချိန်အတွင်းတွင် လုပ်ငန်းတာဝန်တွေကို ထမ်းဆောင်နေပြီးဖြစ်တဲ့ အချင်းနဲ့ ချက်ကြိုးက သန္ဓေသားဆီသို့ အောက်ဆီဂျင်နှင့် အစာအာဟာရများကို သယ်ဆောင်ပေးနေမှာဖြစ်ပါတယ်။

ကိုယ်ဝန်ဆောင်ဇနီးသည်အတွက် အစားအသောက်ကို ခင်ပွန်းသည်မှ စီမံပြီးကျွေးရပါမယ်

ပြောင်းလဲလာသော မိခင်ဘဝနေထိုင်မှုပုံစံ

ကိုယ်ဝန်ကြောင့်ဖြစ်တဲ့ အနေရခက်တာတွေကို ကြုံတွေ့ပြီးဖြစ်မှာပါ။ အမျိုးသမီးအများစုကတော့ အစောပိုင်း အပတ်တွေမှာ ရင်သားနာကျင်ခြင်း၊ မူးမေ့ခြင်းနှင့် မကြာခဏဆီးသွားခြင်းတွေ ဖြစ်ပါတယ်လို့ ဖော်ပြကြပါတယ်။ မူးဝေတာမျိုးလည်းဖြစ်နိုင်ပေမယ့် လာမယ့်အပတ်တွေမှာ ပိုအဖြစ်များပါတယ်။  တချို့အမျိုးသမီးတွေဆိုရင် ကိုယ်ဝန်ပထမအဆင့် ပြီးသည်အထိ မူးဝေတာနဲ့ အမောဖောက်တာတွေ မရှိတော့တဲ့အချိန် စောင့်ရပါတယ်။ လေ့ကျင့်ခန်းက ထမ်းရမယ့် ထပ်တိုး အလေးချိန်အတွက် ခွန်အားနှင့်ခံနိုင်ရည်အားကို ပိုကောင်းလာစေပါတယ်။ ကိုယ်ဝန်ကြောင့် ကိုက်ခဲတာ တချို့ကိုတောင် သက်သာစေပြီး အမျိုးသမီးအများစုက စိတ်ဖိစီးမှုလျော့ကျစေတဲ့ နည်းလမ်းကောင်းအဖြစ် သတ်မှတ်ကြပါတယ်။

နောက်ဆုံးအနေနဲ့ ကိုယ်ဝန်ဆောင်ချိန်အတွင်း လေ့ကျင့်ခန်းပုံမှန်လုပ်ရင် ကလေးမွေးဖွားပြီးရင် ပုံမှန်ပြန်ဖြစ်အောင် လုပ်တာပိုလွယ်ပါတယ်။ အန္တရာယ်ကင်းပြီး သင့်လျော်တဲ့လေ့ကျင့်ခန်းကို ရွေးပါ။ ကိုယ်ဝန်ဆောင်တွေအတွက်က လမ်းလျှောက်တာနဲ့ ရေကူးတာက ကောင်းပါတယ်။

ကိုယ်ဝန်ဆောင်မေမေများအနေနဲ့ အစားအစာများကို ဂရုတစိုက်စားသောက်သင့်ပါတယ်

မိခင်တို့အတွက်သိကောင်းစရာ

ကိုယ်ဝန်ဆောင်သက်တမ်း (၅)ပတ်အချိန်မှာ အစားအသောက်ပျက်တာမျိုး ဖြစ်နိုင်ပါတယ်။ ကြိုက်ခဲ့တဲ့အစားအစာတွေကိုတောင် စားချင်စိတ်မရှိတော့တာမျိုးပါ။ တကယ်တော့ ဒီတိုင်းသက်သက်ကြီး မုန်းတီးသွားတာမျိုးဖြစ်ပြီး ဘာလို့ အဲ့လိုဖြစ်မှန်းလည်း ကိုယ့်ကိုယ်ကို မသိတာမျိုးဖြစ်ပါတယ်။  တစ်ယောက်တည်းမဟုတ်တော့ပါဘူး။ လေ့လာချက်အရ ၈၅% သောကိုယ်ဝန်ဆောင်တွေက အစားအသောက်ပျက်ခြင်းကို ခံစားရပြီး တစ်ခါတစ်ရံ တချို့ဟာတွေဆိုရင် အနံ့ရတာ၊ မြင်တာတောင် မခံနိုင်တာမျိုးအထိ ဖြစ်နိုင်ပါတယ်။ ဒီလိုဖြစ်ရတဲ့ အကြောင်းအရင်းတွေတော့ အများကြီးရှိပေမယ့် သိပ္ပံပညာရှင်တွေကတော့  ကလေးလိုချင်ပြီဆိုရင် အစားအသောက်ကို အရမ်းဂရုစိုက်ခဲ့ရတဲ့ အချိန်တွေကို နောက်ပြန်သွားနေတယ်လို့ ယုံကြည်ကြပါတယ်။ ကိုယ့်သွေးသားဆိုပြီး ကာကွယ်လိုစိတ်က ပြင်းပြနေတဲ့အတွက် ကလေးကို အန္တရာယ်မဖြစ်စေနိုင်ဘူးဆိုရင်တောင်မှ အရာအားလုံးကို ခုခံတိုက်ခိုက်နေခြင်းဖြစ်ပါတယ်။

မကောင်းတာကတော့ ကောင်းတဲ့ အစားအစာတွေကိုပါ ရှောင်ရှားစေတာပဲဖြစ်ပါတယ်။ ဒါပေမယ့် နည်းလမ်းကောင်းမရှိတာတော့ မဟုတ်ပါဘူး။ တခြား စားနိုင်တဲ့ အစားအစာတွေကို စားသောက်ပါ။ တကယ်လို့ အစားအသောက်ပျက်တာက အရမ်းကြီးဆိုးရွားနေတာမျိုးဆိုရင် ဆရာဝန်နဲ့တိုင်ပင်ပြီး ဓာတ်စာမှီဝဲတာမျိုးလည်း လုပ်နိုင်ပါတယ်။

From Kalay with


Comments

0 comments
Latest video