ကိုယ်ဝန်ဆောင်သက်တမ်း (၃၉) ပတ်

by: Khin Nyein Lwin
 0 comments  1 love

မိခင်ဖြစ်လာတော့မယ်။ စိတ်လှုပ်ရှားစရာအကောင်းဆုံးအချိန်ပါ။ မီးဖွားဖို့နီးလာတာနဲ့ ရင်ပူတာတွေဖြစ်နိုင်ပါတယ်။ အစာအများကြီးစားတာကိုရှောင်ပြီး ကောင်းကောင်းအနားယူပါ။

ကိုယ်ဝန်ဆောင်သက်တမ်း (၃၉) ပတ်ဆိုတဲ့အချိန်က သင်အကြာကြီးစောင့်စားခဲ့တဲ့အရာ အဆုံးသတ်ခါနီးနေပြီဖြစ်ပြီး မိခင်ဖြစ်လာတော့မှာ ဖြစ်ပါတယ်။ ပျော်ရွှင်ရမယ့် အချိန်ဖြစ်ပါတယ်။ ဒီအချိန်မှာ ကလေးက သင့်ဝမ်းဗိုက်ထဲမှာ နေရာတော်တော်များများကို ယူထားပြီးဖြစ်ပြီး မီးဖွားချိန်နီးလာတာနဲ့ ဗိုက်အောင့်တာတွေ ကြုံလာရတော့မှာပါ။ မီးဖွားဖို့ ဗိုက်နာတာက အချိန်မရွေးဖြစ်နိုင်တာကြောင့် ပြည့်ပြည့်ဝဝပြင်ဆင်ထားပါ။ အရင်ကလုပ်ခဲ့တာတွေကို ဆက်လုပ်ဖို့ မလိုတော့ဘူးလို့ ဆိုလိုတာ မဟုတ်ပါဘူး။ ဒီအချိန်မှာ ပြောင်းလဲမှုတွေရှိနေဦးမှာဖြစ်ပြီး သိသင့်တာတွေကို ဒီဆောင်းပါးမှာဖော်ပြပေးလိုက်ပါတယ်။

သန္ဓေသားဖွံ့ဖြိုး ကြီးထွားမှုပုံစံ

အရင်အပတ်တွေတုန်းက ကလေးကတဖြည်းဖြည်းပုံပေါ်လာနေပြီး အပြင်ကိုထွက်လာဖို့ အသင့်ဖြစ်နေပါပြီ။ ဒီအချိန်မှာတော့ ကလေးက ကိုယ်အလေးချိန် (၃) ကီလိုလောက်အထိတိုးလာပြီး (၅၀) စင်တီမီတာလောက်ရှိနေပါပြီ။ ဒါပေမယ့် ဒီဂဏန်းတွေက ပျမ်းမျှအလေးချိန်သာဖြစ်ပြီး ကိုယ်အလေးချိန်အတိအကျကိုတော့ မွေးပြီးမှပဲ သိနိုင်ပါတယ်။ အရင်အပတ်တွေတုန်းက ကလေးရဲ့ အပေါ်ယံအဆီလွှာက ပျော်သွားပြီး အရေပြားတွေက ပေါ်လာနေပါပြီ။ ဒါက ရေမြွှာကိုနောက်သွားစေပါတယ်။ အရေပြားအလွှာသစ်ကတော့ အပြင်ဘက်အလွှာအောက်မှာ ဖွံ့ဖြိုးနေပါပြီ။ မကြာခင်မှာပဲ အပြင်ဘက် အရေပြားကလည်း ကွာကျသွားတော့မှာဖြစ်ပါတယ်။ ဆံပင်ကလည်း ရှည်လာနေပါပြီ။ လက်သည်းခွံတွေကိုလည်း လက်ချောင်းလေးတွေရဲ့ထိပ်မှာ မြင်နေရပြီဖြစ်ပါတယ်။ အခုထိမဆက်သေးတဲ့ ဦးခေါင်းခွံကတော့ ကလေး ချောချောမွေ့မွေ့ မွေးနိုင်အောင်ကူညီပေးမှာပါ။  မီးဖွားဖို့မဖြစ်လာသေးဘူးဆိုရင်လည်း စိတ်ပူစရာမရှိပါဘူး။ ကလေးက အချိန်လိုအပ်နေသေးတာဖြစ်နိုင်ပြီး ရက်စေ့ရင်ထွက်လာမှာပါ။  ဆရာဝန်ကတော့ သားအိမ်ပွင့်ဆေးမထည့်ပေးခင် (၂) ပတ်လောက်စောင့်ကြည့်ဦးမှာဖြစ်ပါတယ်။

ပြောင်းလဲလာသော မိခင်ဘဝနေထိုင်မှုပုံစံ

ကလေးက ဘယ်လောက်ကြီးထွားလာနေပြီလဲဆိုတာသိဖို့ ဆရာဝန်က ဝမ်းဗိုက်စစ်ဆေးခြင်းနဲ့ အတွင်းပိုင်းဆေးစစ်ခြင်းကို လုပ်ပေးပါလိမ့်မယ်။ သားအိမ်ခေါင်းက ပျော့နေပြီဖြစ်ပြီး မီးဖွားဖို့နီးနေပြီဆိုတာကို ဖော်ပြနေတာဖြစ်ပါတယ်။ ဒီလိုစစ်ဆေးလို့လဲ ဆရာဝန်က ကလေးကို ဘယ်အချိန်မွေးဖွားမယ်ဆိုတာကို အတိအကျမခန့်မှန်းနိုင်ပါဘူး။ မီးဖွားရမယ့်ရက်ကို ကျော်လွန်သွားပြီး ဗိုက်ကလုံးဝမနာသေးဘူးဆိုရင်တော့ ဆရာဝန်က အာထရာဆောင်းဓာတ်ပုံကို ပြန်ကြည့်ပြီး သားအိမ်ပွင့်ဆေးသုံးသင့် မသုံးသင့်ကို ဆုံးဖြတ်ပေးပါလိမ့်မယ်။

ကိုယ်ဝန်ဆောင်သက်တမ်း (၃၉) ပတ်မှာ သိသင့်တဲ့အချက်များ

စိတ်လျော့ထားပါ

ဘယ်အရာကိုမှ လွန်လွန်ကျွံကျွံ မစီစဉ်ထားပါနဲ့။ သင့်အချိန်တွေကို သူငယ်ချင်းတွေ၊ မိသားစုတွေ အရေးပါဆုံးသင့်အမျိုးသားနဲ့ မီးမဖွားခင်မှာ ပျော်ရွှင်စွာ ကုန်ဆုံးပါ။ ကလေးမွေးပြီးသွားရင် အချိန်အတိုင်းအတာတစ်ခုအထိကတော့ ဒီလိုမျိုးနေနိုင်တော့မှာ မဟုတ်တဲ့အတွက်ပါ။

ကလေးရဲ့ လှုပ်ရှားမှုတွေကို စောင့်ကြည့်ပါ

အရင်က လုပ်ခဲ့သလိုပဲ ကလေးရဲ့လှုပ်ရှားမှု အကြိမ်အရေအတွက်ကို မှတ်ထားဖို့ ဆရာဝန်က အကြံပေးပါလိမ့်မယ်။

ကောင်းကောင်းအိပ်ပါ

ဒီအချိန်မှာ အိပ်စက်အနားယူတာက အရမ်းအရေးကြီးပါတယ်။ အိပ်ရာပေါ်မှာအိပ်လို့အဆင်မပြေဘူးဆိုရင် ပက်လက်ကုလားထိုင်မှာ အိပ်နိုင်ပါတယ်။ ဒီလိုအနေအထားက ပိုပြီးသက်တောင့်သက်သာရှိစေပြီး ကိုယ်ဝန်အဆုံးပိုင်းကာလမှာ ဒီလိုအိပ်တာက အိပ်ပျော်ဖို့ပိုလွယ်တယ်လို့ ကိုယ်ဝန်ဆောင်အများစုကပြောပါတယ်။

အစာကိုမျှတစွာစားပါ

ဒီအပတ်မှာ ဗီတာမင်ဓာတ်ရအောင် အသီးအနှံ၊ ကာဗွန်ဟိုက်ဒရိတ်ရအောင် ပါစတာနဲ့ ကောက်နှံများ၊ အမျှင်ဓာတ်၊ ပရိုတင်းအတွက် အဆီနည်းသောအသားနဲ့ ဥအမျိုးမျိုး၊ အိုမီဂါ-3 အတွက် ငါးနဲ့၊ ကယ်ဆီယမ်အတွက် နွားနို့တို့ကို စားသုံးပေးပါ။ ဒီဟာတွေအပြင် ဖောလစ်အက်ဆစ်၊ ကယ်ဆီယမ်၊ ဗီတာမင်စီနဲ့ သံဓာတ်တွေလည်း လိုအပ်ပါတယ်။

ကလေးနဲ့ ဆက်သွယ်ပါ

ဒီရက်ပိုင်းမှာ ကလေးနဲ့ စကားပြောပေးပြီး တခြားသူတွေကိုလည်း သူကို့ စကားပြောခိုင်းပါ။ ကလေးက သူကြားခဲ့တာတွေကို မှတ်မိနေပြီး မွေးဖွားပြီးချိန်မှာ သူနဲ့ရင်းနှီးမှုရှိတဲ့ အသံကိုတုံ့ပြန်မှုရှိပါတယ်။ သီချင်းဖွင့်ပေးတာ စာအုပ်ဖတ်တာတွေလုပ်ပြီး ကလေးကို စိတ်ငြိမ်အောင်လုပ်ပေးပါ။ ကလေးမွေးတဲ့အချိန်မှာ လုံလောက်တဲ့အားအင်တွေရှိအောင် သင့်လှုပ်ရှားမှုတွေကို ကန့်သတ်ထားပါ။

From Kalay with


Comments

0 comments
Latest video