ကိုယ်ဝန်ဆောင်သက်တမ်း (၃၇)ပတ်

by: Khin Nyein Lwin
 0 comments  0 love

ကလေးရဲ့ ဦးနှောက်နဲ့ အဆုတ်က ဆက်ပြီးတော့ ရင့်သန်လာနေပါပြီ။ အဖြူဆင်းတာတွေပိုများလာပြီး သားအိမ်ကြွက်သား ကျုံ့တာကို တွေ့ကြုံရမှာပါ။

အခုဆိုရင် ကိုယ်ဝန်ကလစေ့သွားပြီး မိခင်လောင်းတွေက အရမ်းကိုပင်ပန်းနေကြပြီး ကလေးမွေးဖို့ အဆင်သင့်ဖြစ်နေကြပါပြီ။ ရက်သတ္တပတ်အနည်းငယ် ကျန်နေသေးပေမယ့် စိတ်ဖိစီးမှုလျော့ကျအောင် အတတ်နိုင်ဆုံးနေပါ။ ကိုယ်ဝန်ဆောင်သက်တမ်း (၃၇)ပတ် မြောက်မှာမွေးတဲ့ ကလေးတွေက ကောင်းကောင်းကြီးပြင်းကြပေမယ့် (၃၉) ပတ်အထိစောင့်ဖို့ အကြံပေးလိုပါတယ်။ ဆရာဝန်အများစုက မလိုအပ်ပဲ သားအိမ်ပွင့်ဆေးထည့်ပြီးမွေးတာမျိုးနဲ့ ခွဲမွေးတာမျိုးကို သဘောမကျတတ်ကြပါဘူး။ ကိုယ့်ကိုယ်ကို ယုံကြည်မှုအပြည့်နဲ့ စိတ်ဖိစီးမှု နည်းအောင်ကြိုးစားပြီးနေပါ။

သန္ဓေသားဖွံ့ဖြိုး ကြီးထွားမှုပုံစံ

မီးဖွားမယ့်ရက်က အရမ်းနီးနေပေမယ့် (၃၉) ပတ်မရောက်ခင်အထိ ဆရာဝန်တွေက လစေ့တယ်လို့ မသတ်မှတ်ကြပါဘူး။ ဝမ်းဗိုက်ထဲမှာ နောက်ထပ် (၂) ပတ်နေခြင်းက သင့်ကလေးရဲ့ ဦးနှောက်နဲ့ အဆုတ်ကို အပြီးသတ်ရင့်သန်ခွင့် ပေးလိုက်တာပဲဖြစ်ပါတယ်။ သင်ကခွဲမွေးဖို့ ဆရာဝန်ကိုပြောထားတယ်ဆိုရင် တခြားကျန်းမာရေးဆိုင်ရာ ပြဿနာအရ စောမွေးဖို့ လိုအပ်သည့် အခြေအနေမှအပ ၃၉ပတ်ထက်စောပြီးတော့ ရက်ချိန်းပေးမှာမဟုတ်ပါဘူး။ ကလေးအများစုမှာ (၁.၉) စင်တီမီတာအထိရှည်တဲ့ ဆံပင်တွေရှိကြပါတယ်။ ကလေးရဲ့ ဆံပင်အရောင်က သင့်နဲ့ မတူလို့ဆိုပြီးလည်း လန့်မသွားပါနဲ့။ ဆံသားနက်တဲ့စုံတွဲကနေ ရွှေရောင် နဲ့ နီညိုရောင်ဆံသားရှိတဲ့ ကလေးတွေမွေးလာနိုင်သလိုပဲ ပုံမှန်ဆံသားရှိတဲ့စုံတွဲဆီက မွေးလာတဲ့ကလေးက အဲလ်ဗစ်လိုဆံပင်မျိုးဖြစ်နေတဲ့အတွက် အံ့အားသင့်တတ်ကြပါတယ်။ တချို့ကလေးတွေမှာ မက်မွန်သီးရောင် ပွယောင်းယောင်းဆံပင်တွေ ရှိတတ်ကြပါတယ်။

ပြောင်းလဲလာသော မိခင်ဘဝနေထိုင်မှုပုံစံ

သားအိမ်ကြွက်သားကျုံ့ခြင်းက အရေအတွက်ပိုများလာပြီး အချိန်လည်းပိုကြာလာကာ နေလို့ထိုင်လို့ မကောင်းသလို ခံစားနေရပါလိမ့်မယ်။ အဖြူဆင်းတာလည်း များလာမယ်။ တကယ်လို့ အဖြူဆင်းတာမှာ သွေးနည်းနည်းပါနေရင်တော့ မီးဖွားရမယ့်ရက်က မကြာတော့ပါဘူး။ (သွေးဆင်းတာများရင်တော့ ဆရာဝန်ကို ချက်ချင်းခေါ်ပါ) ဆရာဝန်ကို group B strep culture ရဲ့ အဖြေကို မေးမြန်းထားပါ။ တကယ်လို့ ဆေးရုံက သင့်ဆေးမှတ်တမ်းပေါ်မှာ ဆေးစစ်ချက်အဖြေက မရောက်သေးဘူးဆိုရင် ကာကွယ်ဆေးလိုအပ်ခဲ့ရင် ကျန်းမာရေးဝန်ထမ်းကို ကြိုပြီးပြောနိုင်ပါတယ်။ ညဘက်မှာ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်ဖို့ ပိုခက်လာမှာပါ။ ဖြစ်နိုင်မယ်ဆိုရင် နေ့ဘက်မှာအိပ်ပါ။ ကလေးလှုပ်ရှားမှုတွေကို ဆက်ပြီးစောင့်ကြည့်ပါ။ လှုပ်ရှားမှုနှေးသွားတာမျိုးဖြစ်ရင် သင့်ဆရာဝန်ကို ချက်ခြင်းအကြောင်းကြားပါ။ သူ့နေရာက ကျပ်သွားပြီဆိုပေမယ့် အရင်အတိုင်း တက်ကြွနေဆဲပါပဲ။ အိပ်နေချိန်အတွင်းမှာ ပြင်းထန်တဲ့အိမ်မက်တွေ မက်နိုင်ပါတယ်။ မီးဖွားဖို့အတွက်နဲ့ မိဘဖြစ်လာတော့မယ်ဆိုတဲ့ စိုးရိမ်စိတ်တွေက မသိစိတ်ထဲက စိတ်ကူးယဉ်နေတာတွေကို လောင်စာဖြည့်ပေးလိုက်သလိုဖြစ်သွားတာပါ။

ကိုယ်ဝန်ဆောင်သက်တမ်း (၃၇)ပတ်မှာ သိသင့်တဲ့အချက်များ

(၁) အနားယူဖို့ ကြိုးစားပါ

ကိုယ်ဝန်ဆောင်နေစဉ်အတွင်းမှာ အနားယူတာက သင်လုပ်နိုင်တဲ့ အရေးကြီးအရာတွေထဲက တစ်ခုဖြစ်ပါတယ်။ လဲလျောင်းနေပြီး အတတ်နိုင်ဆုံး ဘယ်ဘက်ကိုစောင်းအိပ်ပါ။ လေ့ကျင့်ခန်းလုပ်တာကလည်း အားဖြည့်ပေးပေမယ့် အလွန်အကျွံမဖြစ်ပါစေနဲ့။

(၂) အာဟာရမျှတစွာစားသုံးပါ

အစာအာဟာရက မိခင်ကော ကလေးအတွက်ပါ လိုအပ်ပါတယ်။ အသီးအနှံနဲ့ ဟင်းသီးဟင်းရွက်တွေက ခန္ဓာကိုယ်အတွက်လိုအပ်တဲ့ အာဟာရတွေကို ဖြည့်ဆည်းပေးပါတယ်။ တစ်နေ့လုံးကို နည်းနည်းနဲ့ အကြိမ်များများစားပေးပါ။

(၃) မီးဖွားဖို့အတွက် ပြင်ဆင်ထားပါ

၃၇ပတ်ဆိုတဲ့အချိန်က မီးဖွားဖို့အတွက်ပြင်ဆင်သင့်နေပြီဖြစ်တဲ့အချိန်ဖြစ်ပါတယ်။ ပြီးတော့ ရေမြွှာအိတ်ပေါက်သွားရင် ဆေးရုံကို သွားဖို့ ၊ သင့်အမျိုးသားကို ဆက်သွယ်လို့မရရင် ဘယ်လိုတွေလုပ်ဖို့ ကြိုပြီး အစီအစဉ်ချထားပါ။ ကလေးနဲ့ သင့်အတွက် အထုပ်အပိုးတွေလည်း ပြင်ဆင်ထားပါ။

(၄) ကြုံတွေ့လာနိုင်တဲ့အရာများ

တင်ပါးဆုံရိုးအောက်ပိုင်းနဲ့ ဆီးအိတ်ပေါ်မှာ ဖိအားတွေရှိနေပါမယ်။ ဘာဖြစ်လို့လဲဆိုတော့ ကလေးက မွေးဖွားလာဖို့ အောက်ကိုကျလာနေပြီဖြစ်တဲ့အတွက် ဖြစ်ပါတယ်။ သားဦးဖြစ်တဲ့မိခင်တွေအတွက်ကတော့ ဒါကမီးမဖွားခင် အပတ်အနည်းငယ်အလိုမှာဖြစ်တာဖြစ်ပြီး အခြားသူတွေကတော့ မီးဖွားတဲ့အချိန်မှ ခံစားရတာဖြစ်ပါတယ်။ သားအိမ်ကျုံ့တာတွေက ဖြစ်နေပြီဖြစ်ပြီး ပြင်းထန်လာပြီး အကြိမ်အရေအတွက်များလာရင် ဆရာဝန်ခေါ်ဖို့ လိုအပ်ပါတယ်။

(၅) အရမ်းကြီးကြောက်မနေပဲ ဆရာဝန်ကိုခေါ်ပါ

အဖြူဆင်းတာက သလိပ်လိုဟာမျိုးတွေဆင်းရင် စိတ်မပူပါနဲ့။ အဖြူဆင်းတာအရမ်းများတဲ့အတွက် ပါလာတာဖြစ်နိုင်ပါတယ်။ မီးဖွားဖို့ ပြင်ဆင်နေတဲ့ လက္ခဏာဖြစ်ပါတယ်။ သားအိမ်ကျုံ့ခြင်းကြောင့် ရေမြွှာပေါက်နိုင်ပြီး တစ်ခါတစ်ရံ သားအိမ်လည်းမကျုံ့ပဲ ရေမြွှာပေါက်တာမျိုး ဖြစ်တတ်ပါတယ်။ အမျိုးသမီးတစ်ယောက်နဲ့ တစ်ယောက်မတူညီတတ်ကြပါဘူး။ တချို့က ရေတွေပန်းထွက်လာတာမျိုးဖြစ်ပြီး တချို့သူတွေက ရေတဖြည်းဖြည်းဆင်းလာတာမျိုးဖြစ်ပါတယ်။ တကယ်လို့ ဒီလိုဖြစ်ခဲ့ရင် အရင်ဆုံးစိတ်ငြိမ်အောင်လုပ်ပြီး ကိုယ်တိုင် သို့ သင့်အနီးမှာ ရှိတဲ့တစ်ယောက်ယောက်ကို ဆရာဝန်ကို ဖုန်းခေါ်ခိုင်းပါ။ ဘယ်လိုအခြေအနေမျိုးပဲဖြစ်ဖြစ် အရမ်းမကြောက်နေပါနဲ့။

(၆) အမျိုးသားအတွက် သိသင့်သောအချက်များ

ကိုယ်ဝန်ဆောင်ချိန်အတွင်းမှာ အထူးသဖြင့် မီးဖွားဖို့နီးနေပြီဖြစ်တဲ့ ကိုယ်ဝန် (၃၇) ပတ်အချိန်မှာ တတ်နိုင်သလောက် တတ်နိုင်တဲ့ဘက်က ဇနီးကို ကူညီထောက်ပံ့အားပေးပါ။ သင့်အမျိုးသမီးကို အားပေးဖို့အချိန်ဖြစ်ပါတယ်။ ကလေးပုခက်တပ်ဆင်ခြင်းနဲ့ သူမ လုပ်နေကျဖြစ်တဲ့ အိမ်အလုပ်တွေကိုပါ ဝိုင်းကူပေးပါ။ မိဘနှစ်ယောက်အနေနဲ့ ကလေးမမွေးခင် အချိန်တူတူကုန်ဆုံးကြပါ။ သူမကို ဒိတ်အဖြစ် ခေါ်ထုတ်ပြီး ထူးခြားတာတစ်ခုခု ပြင်ဆင်ထားပါ။

From Kalay with


Comments

0 comments
Latest video