ကိုယ်ဝန်ဆောင်သက်တမ်း (၃၃)ပတ်

by: seng yar
 0 comments  0 love

ဒီအပတ်မှာ သန္ဓေသားလှုပ်ရှားမှုပြင်းထန်လာတာနဲ့ အခြားကိုယ်ဝန်ဆောင် ဝေဒနာတွေဖြစ်တဲ့ ခေါင်းကိုက်တာ၊ ကိုးယိုးကားယားဖြစ်တာနဲ့ မေ့တတ်တာတွေ ကြုံရနိုင်ပါတယ်။

 ကိုယ်ဝန်ဆောင်လက္ခဏာတွေမှာ အပြောင်းအလဲရှိပါတယ်။ ကိုယ်ဝန်တတိယအဆင့်ကို ရောက်နေပြီဖြစ်တဲ့အတွက် ပြဿနာတစ်ခုခုရှိနေမယ်ဆိုရင် ဆရာဝန်နဲ့ ပြတဲ့အကြိမ်အရေအတွက်ကို ပိုတိုးသင့်ပါပြီ။ အရင်ပတ်တွေကထက် စိတ်အတက်အကျတွေပိုမြန်နေပါမယ်။ ကလေးရဲ့ ကြီးထွားမှုကလည်း ပြီးဆုံးတော့မှာဖြစ်တဲ့အတွက် သူ့လှုပ်ရှားမှုတွေက သင့်ကို ကောင်းကောင်းအနားယူဖို့ အနှောက်အယှက်ဖြစ်လာပါပြီ။ သင့်ကိုစိတ်ပျက်လာစေမှာဖြစ်ပြီး တတ်နိုင်သလောက်မြန်မြန်ပြီးသွားစေချင်တဲ့စိတ် ဖြစ်လာမှာဖြစ်ပါတယ်။ ကိုယ်ဝန်ဆောင်ကာလအတွင်းမှာ အကောင်းမြင်တတ်ဖို့က အရမ်းအရေးကြီးပါတယ်။ မကြာခင်မှာ သင်စိတ်ရှည်စွာစောင့်စားခဲ့ခြင်းအတွက် ဆုလာဘ်က ရောက်လာတော့မှာပါ။ အဲ့နေ့ကိုစောင့်နေရင်းနဲ့ ဒီအပတ်ထဲမှာ အောက်မှာဖော်ပြတဲ့အရာတွေဖြစ်ပျက်နိုင်ပါတယ်။

သန္ဓေသားဖွံ့ဖြိုး ကြီးထွားမှုပုံစံ

ဒီအပတ်မှာကလေးက (၂.၁) ကီလိုကျော်သွားပြီး (၄၆) စင်တီမီတာအမှတ်ကိုလည်းကျော်သွားပါပြီ။ (ဒူးရင်းသီးအရွယ်လောက်) အရေပြားက အတွန့်တွေကလည်း လျင်မြန်စွာပျောက်သွားနေပြီး ဂြိုလ်သားလိုပုံစံကလည်း တဖြည်းဖြည်းပျောက်သွားက အရိုးတွေလည်းသန်မာလာနေပါပြီ။ ဦးခေါင်းခွံကလည်း မဆက်သေးပဲ တစ်ခုနဲ့တစ်ခုထပ်တဲ့အနေအထားမျိုးမှာရှိနေပြီး မွေးလမ်းကြောင်းကိုအလွယ်တကူဖြတ်နိုင်စေပါတယ်။ (မွေးဖွားစဉ်အတွင်းမှာ ကလေးဦးခေါင်ပေါ်ဖိအားတွေ အရမ်းများတာကြောင့် ကလေးတော်တော်များများက ကတော့ပုံဦးခေါင်းနဲ့ ထွက်လာကြတာများပါတယ်။) ဒီအရိုးတွေက လူလားမြောက်တဲ့အရွယ်အထိ မဆက်ကြသေးပါဘူး။ ကလေးဘဝမှာ ဦးနှောက်နဲ့ တခြားတစ်သျှူးတွေ ကောင်းကောင်းဖွံ့ဖြိုးလာနိုင်အောင်ဖြစ်ပါတယ်။

ပြောင်းလဲလာသော မိခင်ဘဝနေထိုင်မှုပုံစံ

ကလေးက ဗိုက်ထဲမှာ တဖြည်းဖြည်းနေရာယူလာနေပြီး ပြောင်းလဲမှုတွေ အများကြီးစတင်တော့မယ့် အချိန်ဖြစ်ပါတယ်။ လမ်းလျှောက်တာ လုပ်လီလုပ်လဲ့မဖြစ်ခင်မှာ ယက်ကန်ယက်ကန်ဖြစ်နေပါမယ်။ ထိုင်ဖို့ လွယ်ကူတဲ့နေရာကိုလဲ ရှာထားပါ။ ခုံတွေ စောင်းတွေ ကို ဝင်တိုက်တာမျိုးတွေက ဖြစ်နေကျ အရာမျိုးတွေဖြစ်ပါတယ်။ လက်ချောင်းတွေ၊ လက်ကောက်ဝတ်နဲ့ လက် နာကျင်တာအပြင် ထုံတာပါဖြစ်နိုင်ပါတယ်။ ခန္ဓာကိုယ်မှာရှိတဲ့ တစ်သျှူးတော်တော်များများထက် လက်ကောက်ဝတ်မှာရှိတဲ့တစ်သျှူးက အရည်တွေ ထိန်းသိမ်းထားနိုင်ပြီး အဲ့တာက သင့်လက်မျက်ရိုး၊ လက်ကောက်ဝတ်ထဲမှာရှိတဲ့ အရိုးပြွန်တွေကို ဖိအားပိုသက်ရောက်စေပါတယ်။

ဒီပြွန်ထဲမှာ ပြေးနေတဲ့နာဗ့်ကြောတွေက နာကျင်လာပြီး ထုံကျင်တာ၊ ယားတာ၊ ထိုးတာ သို့ ထုံထိုင်းတာမျိုးတွေကို ဖြစ်စေနိုင်ပါတယ်။ လက်ကောက်ဝတ်ကို ကြပ်ထုပ်စည်းတာမျိုးလုပ်ပြီး အိပ်နေစဉ်အတွင်း လက်မောင်းအောက်မှာ ခေါင်းအုံးခုထားတာမျိုးတွေ ပြုလုပ်ပါ။ တကယ်လို့ သင့်အလုပ်က လက်ကိုအရမ်း သုံးရတာမျိုးဆိုရင် (ကီးဘုတ်ရိုက်ခြင်း သို့ လိုင်းဆွဲခြင်း) ခဏနားချိန်မှာ လက်ကိုဆန့်ပြီး အညောင်းဖြေပေးတာမျိုး အကြိမ်များများလုပ်ပေးပါ။ အမျိုးသမီးတော်တော်များများက ဒီလိုအချိန်မျိုးမှာတောင် ဆွဲဆောင်မှုရှိနေကြဆဲဖြစ်ပါတယ်။ ညှိနှိုင်းမှုအနည်းငယ် ပြုလုပ်ရပါလိမ့်မယ်။ အများစုကတော့ ရေမြွှာအိတ်မပေါက်ခင်နဲ့ မီးမဖွားခင်အထိ လိင်ဆက်ဆံဖို့ အဆင်ပြေကြပါတယ်။

ကိုယ်ဝန်ဆောင်သက်တမ်း (၃၃)ပတ်မှာ သိထားသင့်တဲ့အချက်များ

(၁) ပက်လက်မအိပ်ပါနဲ့

သားအိမ်ကို သွေးစီးတာရပ်သွားစေနိုင်တဲ့အတွက် ပက်လက်အိပ်တာကို အားမပေးပါဘူး။ ထို့အပြင် အောက်ပိုင်းမှာရှိတဲ့ သွေးပြန်ကြောမကြီးကို သားအိမ်ကဖိထားသလိုဖြစ်နိုင်ပြီး နှလုံးကိုသွေးမရောက်တာမျိုးဖြစ်နိုင်ပါတယ်။ သွေးဖိအားကျသွားစေနိုင်ပါတယ်။ ဒါကြောင့် အကောင်းဆုံးကတော့ ဘယ်ဘက်ကိုစောင်းအိပ်တာဖြစ်ပြီး သားအိမ်ကို သွေးစီးဖို့ အကူအညီပေးနိုင်သလို နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်ဖို့လည်း ကူညီပေးနိုင်ပါတယ်။

(၂) လေ့ကျင့်ခန်း နည်းနည်းလုပ်ပါ

အရင်အပတ်တွေတုန်းက လေ့ကျင့်ခန်းလုပ်တာက အရမ်းကိုအရေးကြီးခဲ့ပါတယ်။ ဒီအပတ်မှာတော့ ပေါ့ပေါ့ပါးပါးလေ့ကျင့်ခန်းတွေလုပ်ခြင်းဖြင့် လှုပ်ရှားမှုနည်းခြင်းကြောင့်ဖြစ်တဲ့ ခြေထောက်ထုံကျင်တာနဲ့ ရွစိရွစိဖြစ်တာတွေကို သက်သာစေမှာပါ။

(၃) ကလေးအဝတ်အစားတွေနဲ့ အိပ်ရာတွေကို လျှော်ပါ

ကလေးအတွက် လက်ဆောင်ရထားတဲ့ အဝတ်အစားအားလုံးကိုလျှော်ပါ။ လျှော်တဲ့အချိန်ကျရင်လည်း မွေးကင်းစ ကလေးတွေအတွက်သီးသန့်ထုတ်ထားတဲ့ ဆပ်ပြာမှုန့်ကို သုံးဖို့မမေ့ပါနဲ့။

(၄) အန္တရာယ်ကင်းစွာ ချစ်တင်းနှောခြင်းပြုပါ

ချစ်တင်းနှောခြင်းဖြင့် သင့်ကို စိတ်ငြိမ်စေပြီး relax ဖြစ်စေမှာပါ။ ဒါပေမယ့် ဘာပြဿနာမှ မဖြစ်ရလေအောင် အရင်ဦးဆုံး ဆရာဝန်ဆီက အကြံပေးချက်ကို ယူပါ။

(၅) အမျိုးသားသိထားသင့်သောအချက်များ

မိသားစုအစီအစဉ်ဆွဲခြင်းနဲ့ သားဆက်ခြားဖို့ကို သင့်အမျိုးသမီးနဲ့ဆွေးနွေးပါ။ အရမ်းကို အလုပ်များနေတာ ဖြစ်တဲ့အတွက် သူမ မေ့နေနိုင်ပါတယ်။ အရေးကြီးတာကြောင့် သင်တို့နှစ်ယောက်လုံးအဆင်ပြေမယ့် သားဆက်ခြားနည်းကိုသုံးဖို့ သင်ကအရင်စပြောပြီး ဆွေးနွေးတိုင်ပင်ပါ။

From Kalay with


Comments

0 comments
Latest video