ကိုယ်ဝန်ဆောင်သက်တမ်း (၃၁)ပတ်

by: Khin Nyein Lwin
 1 comments  8 love

ကိုယ်ဝန်ကာလကို လေးပုံသုံးပုံရောက်နေပါပြီ။ ကိုယ်ဝန်ဆောင်လက္ခဏာတွေနဲ့ ကလေးဖွံ့ဖြိုးကြီးထွားလာမှု၊ အစားအသောက်နဲ့ နည်းလမ်းကောင်းတွေကို ရင်းနှီးအောင်လုပ်ထားပါ။

ကလေးလေး အပြင်လောကကို ရောက်လာဖို့ နောက်ထပ် (၁၀) ပတ်ပဲလိုတော့ပါတယ်။ အလွယ်တကူ ပင်ပန်းတတ်လာပြီး မွေးဖွားမယ့်ရက် မြန်မြန်ရောက်လာဖို့ကို မျှော်လင့်နေပါလိမ့်မယ်။ သောကရောက်နေစရာ မလိုပါဘူး။ ကိုယ်ဝန်နောက်ဆုံးအဆင့် အတွင်းရောက်နေပြီဖြစ်တဲ့ ကိုယ်ဝန်ဆောင်အများစုက မွေးဖွားရက် နီးလာလေ တူညီတဲ့ခံစားချက်တွေကို ပြလာလေဖြစ်ပါတယ်။

သန္ဓေသားဖွံ့ဖြိုးကြီးထွားမှုပုံစံ

ဒီအပတ်မှာ ကလေးက (၄၂.၅) စင်တီမီတာကျော်လာပါပြီ။ အလေးချိန်က (၁.၇) ကီလိုလောက်ရှိနေပါပြီ။ (အုန်းသီးအရွယ်လောက်) ပိုမိုကြီးထွားလာဦးမှာပါ။ ကလေးက ဖွံ့ဖြိုးကြီးထွားဖို့ လိုအပ်နေပါသေးတယ်။ မမွေးခင်နောက်ထပ် အလေးချိန် ဂရမ် (၉၀၀) လောက်တိုးလာဖို့ မျှော်လင့်ထားပါ။ တဖြည်းဖြည်းပြည့်လာတာနဲ့အမျှ တွန့်နေတဲ့အရေပြားတွေကို ပိုပြီးပြေပြစ်လာနေပါပြီ။ ကိုယ်ဝန်ဆောင်ကာလအတွင်းမှာစားသောက်တဲ့ပုံစံပေါ်မူတည်ပြီး ရေမြွှာ အနံ့နဲ့ အရသာကမတူပါဘူး။ ကလေးရဲ့ ဦးနှောက်နဲ့ အရသာဖုလေးတွေက သူမျိုချလိုက်တဲ့ အရည်ရဲ့ အရသာကိုခံစားနိုင်တဲ့အဆင့် ရောက်နေပါပြီ။ ပြီးတော့ ကိုယ်ဝန်ဆောင်ချိန်မှာ စားတဲ့အစားအစာတွေကနေ နောက်ပိုင်း ကလေးက အစာစစားချိန်မှာ သူ့အကြိုက်တွေကို ပုံသွင်းပေးနိုင်ကြောင်း ခိုင်လုံတဲ့ သက်သေအထောက်အထားတွေရှိပါတယ်။

ကလေးက တစ်နေ့ထက်တစ်နေ့ပိုကြီးထွားလာနေတာကြောင့် သားအိမ်ထဲမှာ သူ့အတွက်လှုပ်ရှားရတာ လွတ်လပ်မှု မရှိတော့ပါဘူး။ နေရာကန့်သတ်ချက်ကြောင့် ဒူးကိုရင်ဝဆီသို့ ကွေးလာပြီး ပုံမှန်သန္ဓေသားအနေအထားကို ပြောင်းလဲနေပါပြီ။ နေရာကျဉ်းသွားပေမယ့်လည်း ကလေးကတော့ တက်ကြွစွာ လှုပ်ရှားနေဦးမှာပါပဲ။ ကိုယ်ဝန်တတိယအဆင့်မှာ သူ့ရဲ့ ကန်တာနဲ့ ရွေ့တာက အရင်နဲ့မတူတော့ပေမယ့် ပုံစံကတော့ တူတူပဲဖြစ်နေမှာပါ။ ဥပမာ – ပုံမှန်က ညနေပိုင်းမှာပဲ လှုပ်ရှားမှုများမယ်ဆိုရင် အခုလည်း အဲ့အတိုင်းပဲ ဆက်ဖြစ်နေမှာပါ။

ပြောင်းလဲလာသော မိခင်ဘဝနေထိုင်မှုပုံစံ

သားအိမ်ကကြွက်သားတွေ တင်းနေတာမျိုးခံစားနေရပြီလား။ ကိုယ်ဝန်ဆောင်ကာလရဲ့ ဒုတိယတစ်ဝက်မှာ အမျိုးသမီးအများစုက Braxton Hicks contractions လို့ခေါ်တဲ့ ကြွက်သားကျုံ့ခြင်းကို ခံစားနေကြရပါပြီ။ တစ်ခါတစ်ရံမှာ စက္ကန့် (၃၀) လောက်ကြာတတ်ပြီး ပုံမှန်မရှိပါဘူး။ ကြာကြာမှတစ်ခါဖြစ်တတ်ပြီး နာကျင်မှုလည်းရှိမှာ မဟုတ်ပါဘူး။ နာကျင်မှုမရှိပေမယ့် ခဏခဏဖြစ်လာမယ်ဆိုရင်တော့ စောမွေးနိုင်တဲ့လက္ခဏာဖြစ်နိုင်ပါတယ်။ တစ်နာရီမှာ လေးကြိမ်ထက်ပိုသွားရင်တော့ ဆရာဝန် (သို့) လက်သည်ကိုချက်ချင်းခေါ်လိုက်ပါ။ အခြားလက္ခဏာတွေအနေနဲ့ကတော့ အဖြူဆင်းတာများလာခြင်း၊ အဖြူဆင်းတာ အရောင်ပြောင်းခြင်း၊ အရည်ကျဲတာ၊ ပျစ်တာ သို့ သွေးပါတာ၊ အပန်းရောင်သမ်းနေတာဖြစ်ဖြစ်၊ သွေးစက်ကလေးပါနေတာဖြစ်ဖြစ်၊ သွေးဆင်းခြင်း၊ ရာသီလာချိန်မှာကဲ့သို့ ဗိုက်အောင့်ခြင်း၊ တင်ပါးနေရာတွင်ဖိအားများလာခြင်း နဲ့ အထူးသဖြင့် အရင်ကတစ်ခါမှနာကျင်ဖူးခြင်းမရှိပဲ ကျောအောက်ပိုင်းနာကျင်ခြင်း တို့ပါဝင်ပါတယ်။

ရင်အုံမှလည်း နို့ရည်တွေစိမ့်ထွက်လာတာမျိုးလည်း ဖြစ်တတ်ပါတယ်။ အဲ့လိုဖြစ်လာပြီဆိုရင်တော့ အင်္ကျီတွေကိုစွန်းတာကို ကာကွယ်ဖို့ ဘော်လီထဲကို ကျန်းမာရေးအကူပစ္စည်းတွေထည့်ထားသင့်ပါပြီ။ (မဖြစ်ဘူးဆိုရင်လည်း စိုးရိမ်စရာမရှိပါဘူး။ မမြင်ရပေမယ့်လည်း ရင်သားထဲမှာ နို့ရည်ကြည်တွေကို ထုတ်လုပ်နေပါတယ်။) သင့်ဘော်လီတွေက အရမ်းကပ်နေတယ်ဆိုရင်တော့ ကျန်းမာရေးဘော်လီတွေကို ပြောင်းသုံးကြည့်ပါ။ အခုဝတ်နေတဲ့ ဆိုဒ်ထက် တစ်ဆိုဒ်ကြီးတာကို ဝတ်ပါ။ ကလေးက ယောက်ျားလေးဆိုရင် သင်နဲ့သင့်အမျိုးသားက ကလေးကို circumcise လုပ်သင့် မလုပ်သင့် စဉ်းစားရမယ့်အချိန်ဖြစ်နေပါပြီ။ ကောင်းကျိုးဆိုးကျိုးတွေကို ဆရာဝန်နဲ့သေချာတိုင်ပင်ရပါမယ်။

ကိုယ်ဝန် ၃၁ပတ်မှာသိထားသင့်တဲ့အချက်များ

(၁) ဆေးရုံကိုယူသွားမယ့် ပစ္စည်းတွေကို စာရင်းလုပ်ထားပါ

ဒီအချိန်မှာ ဆေးရုံကို အတူယူဆောင်သွားမယ့် ပစ္စည်းစာရင်းတွေကို သေချာလုပ်သင့်နေပါပြီ။ သက်တောင့်သက်သာဖြစ်စေမယ့် ခေါင်းအုံး၊ သင်ချစ်ရတဲ့သူတွေရဲ့ ဓာတ်ပုံ၊ ပါးစပ်အနံ့ဆိုးအတွက်ဆေး၊ ပေါ့ပါးတဲ့ ဟာသစာအုပ်၊ ကိုယ်ဝန်ဆောင် ဘော်လီနဲ့ လက်ကိုင်ကင်မရာစတာတွေက မရှိမဖြစ်ပါရမယ့် ပစ္စည်းတွေဖြစ်ပါတယ်။

(၂)  ကူညီပေးနိုင်မယ့် လူနာမည်စာရင်းလုပ်ထားပါ။

ဒီအချိန်မှာ အမြဲတမ်းကူညီပေးနိုင်မယ့် လူနာမည်စာရင်းလုပ်တာက အကြံကောင်းတစ်ခုဖြစ်ပါတယ်။ ကလေးရဲ့လျင်မြန်စွာကြီးထွားလာမှုကြောင့် စိတ်တွေမငြိမ်မသက်ဖြစ်ပြီး စိုးရိမ်ပူပန်နေမယ်၊ ကိုယ့်ခန္ဓာကိုယ်ကို အလိုမကျဖြစ်နေမယ်ဆိုရင်တောင် သူတို့တွေက သင့်ဘေးမှာ အတူရှိနေမှာပါ။ ဒီလိုကာလမျိုးမှာ အိမ်အတွင်းအပြင်နှစ်ဖက်စလုံးက စိတ်ဓာတ်အားပေးနေမှုတွေ ရနေဖို့ အရမ်းကို အရေးကြီးပါတယ်။

Kalay.com.mm မှ ရေးသားဖော်ပြနေသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များမှ Facebook Page များအတွက် ပြန်လည်ကူးယူခြင်း၊ ဆင်တူယိုးမှား ဖော်ပြခြင်းများ မပြုပါရန် လေးစားစွာ အသိပေးအပ်ပါသည်။
From Kalay with


Comments

0 comments
Latest video
Refer to more useful articles
x