ကိုယ်ဝန်ဆောင်သက်တမ်း (၃) ပတ်

by: Khin Nyein Lwin
 0 comments  0 love

ကိုယ်ဝန် ၃ ပတ်ရှိသွားပါပြီ။ အစောပိုင်းကိုယ်ဝန် လက္ခဏာတွေက စပြီးဖြစ်လာပါပြီ။ (၃) ပတ်အချိန်မှာ ဘာတွေဖြစ်လာနိုင်တယ်ဆိုတာနဲ့ သင့်ဘဝမှာ ကြီးမားတဲ့ပြောင်းလဲမှုကြီး ဖြစ်သွားတာကို ဘယ်လို ရင်ဆိုင်ကြမယ်ဆိုတာတွေကို ဖော်ပြလိုက်ပါတယ်။

ကိုယ်ဝန် (၃) ပတ်တောင်ရှိသွားပြီဆိုတော့ ဘယ်လိုခံစားနေရပါသလဲ။ လက္ခဏာတွေတော့ မျိုးစုံရှိပါတယ်။ ဒါပေမယ့် အမျိုးသမီးအများစုကတော့ မျှော်လင့်ထားတာဖြစ်ဖြစ် မမျှော်လင့်ထားတာဖြစ်ဖြစ် မသေချာမရေရာမှုကို ခံစားနေရချိန် ဖြစ်ပါတယ်။ ဒီအချိန်ဟာ ကိုယ်ဝန်ကို နည်းအမျိုးမျိုးဖြင့် စစ်ဆေးကြချိန်ဖြစ်ပြီး နောက်ပိုင်း အဆင့်တွေအတွက် သားဖွားဆရာဝန်တွေနဲ့ ပထမဆုံးသွားရောက် တွေ့ဆုံဆွေးနွေးကြချိန်လည်း ဖြစ်ပါတယ်။ ဒီကာလမှာ ကြီးမားတဲ့ပြောင်းလဲမှုအနေနဲ့ မသေချာမရေရာဖြစ်ခြင်းနဲ့ စိတ်ခံစားမှုများရုတ်တရက် ပြင်းထန်စွာ ပြောင်းလဲခြင်းစတဲ့ လက္ခဏာတွေ ရှိတတ်ပါတယ်။ ဒါပေမယ့် ကိုယ်ဝန်ဆောင်တာ သက်တမ်း (၃) ပတ်ရှိပြီ ဆိုတာကို ညွှန်ပြနေတဲ့ အခြားလက္ခဏာတွေလည်း အများအပြားရှိပါသေးတယ်။

သန္ဓေသားဖွံ့ဖြိုးကြီးထွားမှုပုံစံ

ကိုယ်ဝန် (၃) ပတ်အချိန်မှာ ဝမ်းဗိုက်စူထွက်လာခြင်း သို့ ဗိုက်အတွင်းတုန်ခါခြင်းနည်းနည်းလေးတောင် ဖြစ်မှာ မဟုတ်သေးပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ သန္ဓေသားဟာ ဆဲလ်သေးသေးလေးအဖြစ်သာရှိနေပြီး အလွန်သေးငယ်နေသေးတာကြောင့် ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ၄င်းဆဲလ်တွေက ပွားတာ အရမ်းလျင်မြန်ပါတယ်။ အချင်းက စတင်ဖွံ့ဖြိုးလာပြီး မမျိုးဥထုတ်ပေးခြင်း လုပ်ငန်းစဉ်ကိုရပ်ဖို့ ရာသီစက်ဝိုင်းကို ရပ်တာမှစပြီး ကိုယ်တွင်းပြောင်းလဲမှုတွေကို ဖြစ်စေမယ့် ဟော်မုန်းတွေကို ထုတ်ပေးပါတယ်။ HCG လို့ခေါ်တဲ့ ဟော်မုန်းက ခန္ဓာကိုယ်တစ်ခုလုံးကို ပျံ့နှံ့သွားပြီဖြစ်တဲ့အတွက် ကိုယ်ဝန်စစ်ဆေးတဲ့အချိန်မှာ positive ပြပါလိမ့်မယ်။

တခြားအရာတွေလည်း ရှိပါသေးတယ်။ သန္ဓေသားက ၄င်းကို အစာအာဟာရတွေထောက်ပံ့ပေးနေတဲ့ သားအိမ်နံရံကို သွေးကြောမျှင်လေးတွေက တစ်ဆင့်ဆက်သွယ်ထားပါတယ်။ ၄င်းသွေးကြောမျှင်တွေက ချက်ကြိုး အဖြစ် တဖြည်းဖြည်း ဖွံ့ဖြိုးလာမှာဖြစ်ပါတယ်။ ဝမ်းခေါင်းအတွင်းမှာရှိတဲ့ သန္ဓေသားကို အကာအကွယ်ပေးမယ့် ရေမြွှာအိတ်ကလည်း စပြီးဖွဲ့စည်းနေပြီဖြစ်ပါတယ်။

ပြောင်းလဲလာသော မိခင်ဘဝနေထိုင်မှုပုံစံ

ဒီအချိန်မှာတော့ အပြင်ပိုင်းအနေနဲ့ ပြောင်းလဲတာ မရှိသေးသလောက်ပါပဲ။ တကယ်တမ်းပြောရရင်  ကိုယ်ဝန်ရှိနေတာကိုတောင် သတိမထားမိသေးတာလည်း ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် စစ်ဆေးပြီးသွားလို့ အဖြေက ကိုယ်ဝန်ရှိနေပြီဆိုရင်တော့ ဘဝကြီး တစ်သက်စာပြောင်းလဲသွားပါပြီ။  ကိုယ့်ကိုယ်ကို ကိုယ်ဝန်ရှိနေပြီလို့ သိထားပြီးသားဆိုရင်တောင် ပြောင်းလဲမှုတွေက များတာကြောင့် စိတ်ကို ပြင်ဆင်ထားသင့်ပါတယ်။  ကိုယ်ဝန်ဆောင်ဗီတာမင် သောက်သုံးသင့်ပြီး အာဟာရပြည့်ဝစွာ စားသုံးတာ၊ အရက်နဲ့ ဆေးလိပ် စတာတွေကို ရှောင်ရှားတာမျိုးတွေကို လုပ်သင့်ပါတယ်။

ကိုယ်ဝန် (၃) ပတ်အချိန် စားသောက်မှုပုံစံ

အခုချိန်မှာ ခန္ဓာကိုယ်က သန္ဓေသားကို ဖွံ့ဖြိုးလာအောင် အစွမ်းကုန်ကူညီပေးနေတဲ့အချိန်ဖြစ်ပါတယ်။ ခန္ဓာကိုယ်အတွင်း ဝင်သွားတာ မှန်သမျှက သန္ဓေသားကို ထိခိုက်နိုင်တာကြောင့် တတ်နိုင်သလောက် ကျန်းမာရေးနဲ့ညီညွတ်တာကို စားသုံးပေးသင့်ပါတယ်။ ဟင်းသီးဟင်းရွက်၊ အသီးအနှံ၊ အဆီနည်းတဲ့ အသားတွေနဲ့ မုယောစပါး စတာတွေကို များများစားပါ။ ရေလည်းများများသောက်ပေးပါ။ အရက်၊ ကဖေးဓာတ်နဲ့ အဆင်သင့်စား အစားအစာတွေကို ဖြတ်တောက်ထားရင်တော့ အကောင်းဆုံးပါပဲ။ ဖောလစ်အက်ဆစ်ပါတဲ့ ဆေးဝါးများ၊ ကိုယ်ဝန်ဆောင်ဗီတာမင်များကို စတင်သောက်သုံးသင့်ပြီဖြစ်ပြီး ကလေး အကောင်းဆုံးစတင်ဖွံ့ဖြိုးဖို့ တခြား စားဖို့လိုအပ်တာတွေကို ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။

 

From Kalay with


Comments

0 comments
Latest video