ကိုယ်ဝန်ဆောင်သက်တမ်း (၂၄)ပတ်

by: Khin Nyein Lwin
 4 comments  14 love

အကြောပြတ်တဲ့အရာလေးတွေ ပေါ်လာမှာပါ။ သန္ဓေသားလေးကတော့ ပြောင်းဖူးအရွယ်လောက်ရှိနေပါပြီ။ ချောချောမွေ့မွေ့ မွေးဖွားနိုင်ဖို့ ဘာတွေလုပ်ဖို့လိုအပ်ပြီလဲ။

 ကိုယ်ဝန်တတိယအဆင့်နဲ့ ခြေတစ်လှမ်း ပိုနီးလာနေပါပြီ။ အဆင်ပြေချောမွေ့စွာ မွေးဖွားနိုင်ဖို့အတွက် ပုံမှန်အတိုင်းစစ်ဆေးမှုတွေကို ဆက်လုပ်ပါ။ ဒီအချိန်မှာ အများစုက ကိုယ်ဝန်ဆောင်ဆီးချိုရောဂါအဖြစ်များတတ်လို့ ဂလူးကိုစ့် level ကို စစ်ဆေးရမှာဖြစ်ပါတယ်။ ကိုယ်ဝန်ဆောင် ၂-၅%အထိ ဆီးချိုတက်နိုင်တာကြောင့် ကိုယ်ဝန် (၂၄) ပတ်နဲ့ (၂၈)ပတ်အကြားမှာ မိခင်နဲ့ကလေးအတွက် အန္တရာယ်ကင်းအောင် ဆေးစစ်ရခြင်းဖြစ်ပါတယ်။

သန္ဓေသားဖွံ့ဖြိုးကြီးထွားမှုပုံစံ

ဒီအချိန်မှာ ကလေးက ဘယ်လိုအနေအထားမျိုးရှိနေလဲဆိုတာ မသိသေးပါဘူး။ ဖွံ့ဖြိုးကြီးထွားနေဆဲ ကာလဖြစ်တဲ့အတွက် ကလေးရဲ့ လှုပ်ရှားမှု အာရုံခံစွမ်းရည်နဲ့ အနေအထားက ပိုကောင်းလာမှာဖြစ်ပါတယ်။ အချင်းကတစ်ဆင့် အောက်ဆီဂျင်ကို ရယူပါတယ်။ သို့သော်လည်း ဒါကအမြဲတမ်းအတွက် မဟုတ်ပါဘူး။ ကလေးလေးက အပတ်တိုင်းကြီးထွားလာနေပြီး အရင်အပတ်ထက် (၁၁၃) ဂရမ်လောက် ပိုလေးနေပါပြီ။ ပြောင်းဖူးအရွယ်လောက်သာရှိသေးပြီး ဂရမ် (၆၈၀) လေးနေပါပြီ။ မကြာမီမှာ အလေးချိန်ထပ်တိုးလာမှာဖြစ်ပါတယ်။ အခြားအင်္ဂါတွေနဲ့ အတူ ဦးနှောက်နဲ့ အရသာခံဖုတွေကလည်း ဖွံ့ဖြိုးလာနေပါပြီ။ အဆုတ်ကလည်း အသက်ရှုလမ်းကြောင်းစနစ်အတွက် မွေးမွေးပြီးချင်း လေအိတ်ထဲကို လေဝင်အောင်အားပေးမယ့် ဆဲလ်တွေကိုထုတ်ပေးခြင်းဖြင့် ဖွံ့ဖြိုးလာနေပါပြီ။ အရေပြားကတော့ အလင်းဖောက်နိုင်နေသေးပေမယ့် မကြာခင်ပြောင်းလဲတော့မှာဖြစ်ပါတယ်။

ပြောင်းလဲလာသော မိခင်ဘဝနေထိုင်မှုပုံစံ

လွန်ခဲ့တဲ့အပတ်အနည်းငယ်အတွင်းမှာ သားအိမ်က ဝမ်းဗိုက်အပေါ်ကိုရောက်လာပြီး ဘောလုံးအရွယ်အစား လောက်ရှိနေပါပြီ။ အမျိုးသမီးအမျာစုက ဂလူးကိုစ့် levelကို (GCT) အခုနဲ့ ကိုယ်ဝန် (၂၈) ပတ်ကြားမှာ စစ်ဆေး နေကြပါပြီ။ ဒီစမ်းသပ်ချက်က ကိုယ်ဝန်ဆောင်သွေးထဲမှာရှိတဲ့ သကြားဓာတ်ပမာဏကို စစ်ဆေးတာပဲဖြစ်ပါတယ်။ ဆီးချိုတက်လာတာကို အချိန်မီမကုသဘူးဆိုရင် ကလေးရိုးရိုးမွေးဖို့အခက်အခဲရှိနိုင်ပြီး ကလေးကို အထူးသဖြင့် ခန္ဓာကိုယ်အပေါ်ပိုင်းကို ပိုကြီးထွားလာစေနိုင်တဲ့အတွက် ဗိုက်ခွဲမွေးရတာမျိုးလည်းဖြစ်နိုင်ပါတယ်။ ကလေးကို မွေးမွေးပြီးချင်းမှာပဲ သွေးတွင်းသကြားဓာတ်ချို့တဲ့တာမျိုးတွေ ဖြစ်စေနိုင်ပါတယ်။ GCTမှာ positive ပြတိုင်း ဆီးချိုရောဂါရှိတာမဟုတ်ပေမယ့် ပိုပြီးအတိအကျသိနိုင်အောင် ဆေးစစ်ချက်တွေ ဆက်ပြီးလုပ်ဆောင်ရဦးမှာ ဖြစ်ပါတယ်။

နောက်ဆုံးအနေနဲ့  အချိန်စောမွေးနိုင်တဲ့ လက္ခဏာတွေကို မသိသေးဘူးဆိုရင် လေ့လာထားပါ။ (၃၇)ပတ် မတိုင်ခင် အောက်ပါ လက္ခဏာတစ်ခုခုရှိခဲ့ပါက ဆရာဝန် သို့ လက်သည်ကို ချက်ချင်းဆက်သွယ်ပါ။

  • အဖြူဆင်းတာများလာခြင်း
  • အဖြူဆင်းတာ အရောင်ပြောင်းခြင်း – အရည်ကျဲတာ၊ ပျစ်တာ သို့ သွေးပါတာ (အပန်းရောင်သမ်းနေတာဖြစ်ဖြစ်၊ သွေးစက်ကလေးပါနေတာဖြစ်ဖြစ်)
  • သွေးဆင်းခြင်း
  • ဗိုက်အောင့်ခြင်း၊ ရာသီလာချိန်မှာကဲ့သို့ ဗိုက်အောင့်ခြင်းနဲ့ တစ်နာရီအတွင်းမှာ သားအိမ်ကြွက်သားကျုံ့ခြင်း၎ကြိမ်ထက်ပိုနေခြင်း (နာကျင်မှုမရှိလည်းပဲ)
  • တင်ပါးနေရာတွင်ဖိအားများလာခြင်း (ကလေးက အောက်ကို တွန်းနေတဲ့ခံစားမှုမျိုး)
  • ကျောအောက်ပိုင်းနာကျင်ခြင်း အထူးသဖြင့် အရင်ကတစ်ခါမှမရှိခဲ့တဲ့နာကျင်ခြင်းမျိုး

ဒီလက္ခဏာတွေက ရှုပ်ထွေးပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ တင်ပါးနေရာတွင်ဖိအားများလာခြင်းနဲ့ ကျောအောင့်တာက ကိုယ်ဝန်ဆောင်ချိန်မှာ ဖြစ်တတ်တဲ့ပုံမှန်လက္ခဏာတွေနဲ့ဆင်နေပါတယ်။ အစောပိုင်းကာလ သားအိမ်ကျုံ့ခြင်းကလည်း ပြဿနာမရှိနိုင်ပါဘူး။ ဒါပေမယ့် အမြဲတမ်းသတိထားနေတာကတော့ အကောင်းဆုံးပါပဲ။ ဒါကြောင့်မူမမှန်တာ တစ်ခုခုရှိတာနဲ့ ဆရာဝန်ကို ချက်ချင်းခေါ်ပါ။

ကိုယ်ဝန်ဆောင်သက်တမ်း (၂၄)ပတ်မှာ လုပ်ဆောင်ရမယ့်အချက်များ

ကိုယ်ဝန်ဆောင်ဆီးချိုရောဂါက ကိုယ်ဝန် (၂၄) ကနေ (၂၈) ပတ်အတွင်း ကိုယ်ဝန်ဆောင် ၂-၅%မှာ ဖြစ်နိုင်တဲ့အတွက် ဂလူးကိုစ့် level ကို စစ်ဖြစ်အောင်စစ်ပါ။ ခန္ဓာကိုယ်က အင်ဆူလင်လုံလောက်စွာမထုတ်ပေးနိုင်တဲ့အတွက် သွေးထဲမှာ သကြားဓာတ်ကျန်နေခြင်းက ဒီလိုဖြစ်စေတာဖြစ်ပြီး အများစုမှာတော့ ခဏတာပဲ ဆီးချိုတက် တာမျိုးဖြစ်ပါတယ်။ အချင်းက အင်ဆူလင်ကို ဆန့်ကျင်တဲ့ ဟော်မုန်းများစွာကို ထုတ်လုပ်ပါတယ်။

လက္ခဏာတွေကတော့

  • စမ်းသပ်ချက်မှာ ပေါ်လာမယ့် ဆီးတွင်းသကြားဓာတ်များခြင်း
  • မူမမှန်စွာရေဆာခြင်း
  • ဆီးမကြာခဏသွားခြင်း
  • ပျို့ချင်အန်ချင်ဖြစ်ခြင်း
Kalay.com.mm မှ ရေးသားဖော်ပြနေသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များမှ Facebook Page များအတွက် ပြန်လည်ကူးယူခြင်း၊ ဆင်တူယိုးမှား ဖော်ပြခြင်းများ မပြုပါရန် လေးစားစွာ အသိပေးအပ်ပါသည်။
From Kalay with



Comments

0 comments
Latest video
Refer to more useful articles