ကိုယ်ဝန်ဆောင်သက်တမ်း (၂၁) ပတ်

by: Khin Nyein Lwin
 8 comments  12 love

ကိုယ်ဝန်ဆောင်သက်တမ်း (၂၁) ပတ်မှာ ကလေးကကော ဘယ်လောက်ကြီးထွားလာနေပြီလဲ၊ ကျန်းမာတဲ့ ကလေးလေးဖြစ်အောင် ဘာတွေကိုစားသုံးသင့်လဲဆိုတာ ကြည့်ရအောင်။

မိခင်လောင်းတွေအတွက် ကိုယ်ဝန် (၂၁) ပတ်ဆိုတာ ကိုယ်ဝန်ဆောင်ကာလ အလယ်ကိုရောက်နေပါပြီ။ မိခင်ကော ကလေးပါ နေ့စဉ်နဲ့အမျှ ဖွံ့ဖြိုးနေပါတယ်။ ဒီအပတ်မှာ မိခင်အနေနဲ့ ကိုယ့်ကိုယ်ကို ပင်ပန်းနွမ်းနယ်နေတတ်တာကို သတိထားမိပါလိမ့်မယ်။ ကိုယ်ဝန်ဆောင်အမျိုးသမီးရဲ့ ခန္ဓာကိုယ်ထဲမှာ ပြောင်းလဲမှုတွေများစွာရှိနေပြီး အားလုံးနီးပါးကတော့ ကိုယ်တွင်းပြောင်းလဲမှုတွေပဲ ဖြစ်ပါတယ်။ ကြုံတွေ့ရမယ့် လက္ခဏာတွေနဲ့ ဘယ်လိုနေထိုင်စားသောက်ရမလဲဆိုတာကို ဖော်ပြလိုက်ပါတယ်။

သန္ဓေသားဖွံ့ဖြိုးကြီးထွားမှုပုံစံ

သန္ဓေသားလေးက လျင်မြန်စွာ ဖွံ့ဖြိုးလာနေပါပြီ။ မျက်ခုံးနဲ့ မျက်ခွံက ပြည့်ပြည့်စုံစုံ ဖွံ့ဖြိုးနေပါပြီ။ လက်သည်းခွံတွေကလည်း လက်ချောင်းတွေရဲ့ထိပ်မှာ နေရာယူနေကြပါပြီ။ နောက်လာမယ့်အပတ်တွေမှာ ကလေးရဲ့လှုပ်ရှားမှုတွေက ပိုပြီးသိသာလာပါလိမ့်မယ်။ ပြီးတော့ ကလေးက ဘယ်အချိန်မှာ အရမ်းတက်ကြွနေတတ်လဲဆိုတာကို သိလာပါလိမ့်မယ်။ အခုကလေးက (၄၅၀) ဂရမ်လေးပြီး (၂၈) စင်တီမီတာလောက် ရှိနေပါပြီ။ သန္ဓေသားလေးက အပြင်မှာ ပြောနေတဲ့စကားတွေကို ကြားနိုင်နေပါပြီ။

 ချော့သိပ်သလိုဖြစ်နေတဲ့ အမေ့နှလုံးခုန်သံကိုလည်း ကြားနေရပါပြီ။ အသံကို တုန့်ပြန်တာမျိုးတွေလည်း ရှိလာပါလိမ့်မယ်။ သန္ဓေသားရဲ့ လှုပ်ရှားမှုက အစောပိုင်းမှာ အစာအိမ်အတွင်း တုန်ခါနေသယောင်သာရှိနေသော်လည်း တဖြည်းဖြည်းနဲ့ အားပိုကောင်းလာပြီး အကြိမ်အရေအတွက်လည်း များလာမှာ ဖြစ်ပါတယ်။

ပြောင်းလဲလာသော မိခင်ဘဝနေထိုင်မှုပုံစံ

ကိုယ်ဝန် (၂၁) ပတ်ရှိနေပြီဖြစ်တဲ့ အမျိုးသမီးမှာ စိတ်ပိုင်းရော ကိုယ်ပိုင်းပါ ပြောင်းလဲမှုတွေ ရှိနေပါပြီ။ စိတ်မူမမှန်တာတွေများလာပြီး အရမ်းပင်ပန်းနွမ်းနယ်နေတာမျိုးတွေ ခံစားရနိုင်ပါတယ်။  ခြေမခိုင်တာမျိုးတွေဖြစ်တတ်ပြီး ကိုယ်ခန္ဓာ ဗဟိုချက်ကလည်း ပြောင်းသွားပါပြီ။ ဒီအချိန်မှာ စိတ်ပိုင်းဆိုင်ရာ ပြောင်းလဲခြင်းတွေကိုလည်း ကြုံတွေ့ရမှာဖြစ်ပါတယ်။ ပုံမှန်ထက်စိတ်ဖိစီးမှုများနေတတ်ပြီး ဒါက ကိုယ်နဲ့ ကလေးနှစ်ယောက်စလုံးအတွက် မကောင်းပါဘူး။ ကိုယ်ဝန်ဆောင်နေစဉ်အတွင်း စိတ်ဖိစီးမှုနဲ့ စိုးရိမ်ပူပန်မှုတွေကို လျှော့ချဖို့ အရေးကြီးပါတယ်။ မိနစ် (၂၀) လောက် လမ်းလျှောက်ခြင်းဖြင့် စိတ်ဖိစီးမှုတွေကို လျှော့ချကြည့်ပါ။

ကိုယ်ဝန် (၂၁) ပတ်မှာလုပ်ဆောင်ရမယ့်အချက်များ

ကလေးနဲ့ရင်းနှီးအောင်နေပါ

ကလေးနဲ့ရင်းနှီးဖို့က လွယ်လွယ်လေးပါပဲ။ သီချင်းတွေဆိုပြမယ်။ သူနဲ့စကားပြောမယ်။ စာဖတ်ပြမယ်။ ဒါတွေကြောင့် ကလေးကလည်း သင့်အသံကို မှတ်မိလာပါလိမ့်မယ်။

ကလေးနဲ့စကားပြောပါ

ဒီလိုလုပ်ခြင်းက အသံကို ကလေးမှတ်မိဖို့ နည်းလမ်းကောင်းဖြစ်ပါတယ်။ အသံကို တုံ့ပြန်မှုရှိလာပါလိမ့်မယ်။ ကိုယ်အကြိုက်ဆုံးသီချင်းတွေကိုဆိုပြပါ။ အကြိုက်ဆုံးစာအုပ်တွေကို ဖတ်ပြပါ။

ကလေးပစ္စည်းတွေ ထွက်ဝယ်ပါ

ကိုယ်ဝန်တတိယအဆင့် မရောက်ခင် ကလေးအသုံးအဆောင်တွေ သွားဝယ်တာကလည်း မတူညီတဲ့ အကြောင်းပြချက်အမျိုးမျိုးအတွက် ကောင်းပါတယ်။ ကိုယ်ဝန်တတိယအဆင့်ကို ရောက်တဲ့အချိန်ကျရင် ကလေးသုံးပစ္စည်းတွေကို ဝယ်ဖို့ စိတ်ပဲရှိတော့မှာဖြစ်တဲ့အတွက်ဖြစ်ပါတယ်။ ဒီလိုလုပ်တာကလည်း ကလေးနဲ့ပိုရင်းနှီးလာစေတဲ့ နည်းလမ်းကောင်းတစ်ခုဖြစ်ပါတယ်။

သီချင်းတွေနားထောင်ပါ

ငြိမ့်ညောင်းတဲ့ သီချင်းတွေကိုနားထောင်ခြင်းက ကလေးနဲ့ပိုရင်းနှီးစေတဲ့အပြင် ကိုယ်ရောကလေးကိုပါ သက်တောင့်သက်သာဖြစ်စေပါတယ်။

ကလေးစောင့်ရှောက်ရေးစင်တာကို ရှာထားပါ

မွေးလာမယ့်ကလေးအတွက် စောင့်ရှောက်ရေးစင်တာ အဆင်သင့်ဖြစ်နေပါစေ။ အဲ့လိုအဆင်သင့်ဖြစ်နေခြင်းက ကိုယ်ဝန်တတိယအဆင့်မှာ စိတ်ဖိစီးမှုကို လျော့ကျစေပါတယ်။

ကလေးအဝတ်အစားတွေဝယ်ထားပါ

ကလေးအတွက် အနှီးနဲ့ တခြားအဝတ်အစားတွေ လုံလောက်မှုရှိနေပါစေ။ မွေးဖွားပြီးချိန်မှ ကလေးပစ္စည်းတွေ သွားဝယ်ချင်မှာ မဟုတ်ပါဘူး။

ကိုယ်ဝန်ဆောင် ခေါင်းအုံးဝယ်ထားပါ

ဗိုက်တဖြည်းဖြည်းပိုကြီးလာတဲ့အချိန်မှာ တတ်နိုင်သလောက် သက်တောင့်သက်သာဖြစ်စေမယ့် ကိုယ်ဝန်ဆောင်ခေါင်းအုံးကို ဝယ်ထားပါ။ ညဘက်မှာ ကောင်းကောင်းအိပ်ပျော်နိုင်စေပြီး ပင်ပန်းနွမ်းနယ်တာကို လျော့ကျစေမှာပါ။

Kalay.com.mm မှ ရေးသားဖော်ပြနေသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များမှ Facebook Page များအတွက် ပြန်လည်ကူးယူခြင်း၊ ဆင်တူယိုးမှား ဖော်ပြခြင်းများ မပြုပါရန် လေးစားစွာ အသိပေးအပ်ပါသည်။
From Kalay with



Comments

0 comments
Latest video
Refer to more useful articles