ကိုယ်ဝန်ဆောင်သက်တမ်း (၁၈)ပတ်

by: Khin Nyein Lwin
 0 comments  2 love

ဒီအပတ်မှာ မျှော်လင့်ထားရမယ့် ပြောင်းလဲမှုတွေ အများကြီးရှိပါတယ်။ ကြုံတွေ့ရမယ့် လက္ခဏာ၊ ကလေးရဲ့ကြီးထွားမှုပုံစံနဲ့ ဘယ်လိုစားသောက်နေထိုင်သင့်တယ်ဆိုတာကို အားလုံးသိထားဖို့ လိုအပ်ပါတယ်။

ကိုယ်ဝန်ဆောင်သက်တမ်း (၁၈)ပတ်မှာ အထူးသဖြင့် အစာစားချင်စိတ်နဲ့ပတ်သက်ပြီး အများကြီးပြောင်းလဲသွားမှာပါ။ အစာစားချင်စိတ်ပိုကောင်းလာပေမယ့်လည်း ကျန်းမာရေးနဲ့ညီညွတ်တဲ့ စားသောက်မှုပုံစံအတိုင်းပဲ ဆက်စားပါ။ အမျှင်ဓာတ်များများပါတဲ့ အစားအစာတွေကိုစားပါ။ အစားအသောက်အုပ်စုတွေကိုခွဲပြီး ကလေးနဲ့မိခင်အတွက် ကောင်းစေမယ့် အစားအစာတွေကိုသာ ရွေးချယ်စားသုံးပါ။ ကိုယ်ဝန် ၁၈ပတ် မှာ ကြုံတွေ့နိုင်တဲ့ လက္ခဏာတွေအတွက် ကြိုတင်ပြင်ဆင်ထားနိုင်အောင် အသုံးဝင်မယ့် အချက်အလက်လေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

ကိုယ်ဝန်ဆောင်ပတ်(၁၈)ပတ်မှာ ကလေးအရွယ်အစားက ကန်စွန်းဥပမာဏရှိပါတယ်

သန္ဓေသားဖွံ့ဖြိုးကြီးထွားမှုပုံစံ

ဒီအပတ်မှာ ကလေးက (၁၈) စင်တီမီတာလောက်ရှိနေပြီး (၂၄၀) ဂရမ်လေးနေပါပြီ။ ကလေးက ခြေတွေလက်တွေကို ကွေးဆန့်တာ လုပ်နေပါပြီ။ ကလေးကန်တာကို ခံစားမိနေပြီဖြစ်ပြီး နောက်လာမယ့်အပတ်ဆိုရင် ပိုသိသာလာမှာပါ။ အရေပြားကအရမ်းပါးနေသေးတာကြောင့် သွေးကြောမျှင်တွေကို မြင်နေရပြီး နားရွက်ကလည်း ဦးခေါင်းထက် နည်းနည်းပိုထွက်နေပေမယ့် သူ့နောက်ဆုံးနေရာကိုတော့ ရောက်နေပါပြီ။ Myelin (အကာအကွယ်) ကလည်း နာဗ့်ကြောတစ်လျှောက် ဖြစ်ထွန်းလာနေပြီး မွေးပြီးတစ်နှစ်အတွင်းမှာလည်း ဆက်ပြီးဖွံ့ဖြိုးနေမှာ ဖြစ်ပါတယ်။ မိန်းကလေးဆိုရင် သားအိမ်ပြွန်နဲ့ သားအိမ်က ရှိနေပြီဖြစ်ပြီး ယောက်ျားလေးဆိုရင်တော့ ကျားအင်္ဂါကလည်း ဖွံ့ဖြိုးနေပြီဖြစ်ပါတယ်။ ဒါပေမယ့် လိင်အင်္ဂါတွေက အာထရာဆောင်းရိုက်ရင် မပေါ်သေးပါဘူး။

အဆင်သင့်စား အစားအသောက်တွေအစား အာဟာရပြည့်ဝတဲ့ အစားအစာတွေကိုသာ စားသုံးပါ

ပြောင်းလဲလာသော မိခင်ဘဝနေထိုင်မှုပုံစံ

ကိုယ်ဝန် (၁၈) ပတ်အချိန်မှာ အစားအသောက်စားချင်စိတ်တွေ ပိုကောင်းလာပါတယ်။ မိခင်လောင်းအနေနဲ့ ကယ်လိုရီတွေပဲပါတဲ့ အဆင်သင့်စား အစားအသောက်တွေအစား အာဟာရပြည့်ဝတဲ့ အစားအစာတွေကိုသာ စားသုံးပါ။ အစာစားချင်စိတ်နဲ့အတူ ဗိုက်ကလည်းထွက်လာပြီဆိုတော့ ပိုပွပိုကြီးတဲ့ အဝတ်အစားတွေက ပိုအဆင်ပြေပါလိမ့်မယ်။

မိခင်လောင်းကို တတ်နိုင်သလောက်ဖေးမကူညီပေးဖို့လိုအပ်ပါတယ်

ကိုယ်ဝန်ဆောင်သက်တမ်း (၁၈)ပတ်မှာ လုပ်ဆောင်ရမယ့်အချက်များ

 သန္ဓေသားရဲ့ လှုပ်ရှားမှုကို စိတ်ရှည်ပါ

ပထမကိုယ်ဝန်ဆိုရင်တော့ ကလေးကစပြီး ခြေကန်တဲ့အချိန်မှာ စိုးရိမ်တတ်တာက ပုံမှန်ဖြစ်ပါတယ်။  ကိုယ်ဝန်ဆောင်အများစုက ကိုယ်ဝန်နောက်ပိုင်းကာလမှသာ ခံစားမိချိန်မှာ တချို့တွေကတော့ အစောပိုင်းကတည်းက ခံစားသိရှိနေကြပြီဖြစ်ပါတယ်။ သန္ဓေသားလှုပ်ရှားမှုကို ပထမဆုံးအကြိမ်အဖြစ် (၂၃) ပတ်မြောက်မှာ ခံစားသိနိုင်ပေမယ့် စောပြီးခံစားသိနိုင်တာမျိုးလည်းဖြစ်ပါတယ်။

 နေ့လည်ခဏအိပ်ပါ

ကိုယ်ဝန်ဆောင်ကာလအတွင်းမှာ နေ့လည်တစ်ရေးအိပ်ပေးပါ။ အိမ်ရှင်မ ကိုယ်ဝန်သည်တွေအတွက်ကတော့ တခြားကလေးတွေ အိပ်နေစဉ်မှာ သူတို့နဲ့အတူအိပ်လို့ရပါတယ်။ အိမ်အလုပ်တွေလုပ်ပြီးချိန် နေ့လည်ပိုင်းမှာ တစ်ရေးအိပ်ဖို့ အချိန်ဇယားဆွဲထားတာမျိုးလည်း လုပ်နိုင်တယ်။ အလုပ်လုပ်တဲ့မိခင်တွေအတွက်တော့ နေ့လည်ခဏတစ်ရေးအိပ်မယ့်အချိန်ကို သတ်မှတ်ထားဖို့လိုပါတယ်။

မိခင်နှင့်ကလေးစောင့်ရှောက်ရေးသင်တန်းတွေကို တက်ပါ

အကောင်းဆုံးအတန်းက လူပြည့်မြန်တာကြောင့် အခုချိန်မှာ စရှာပြီး ဘိုကင်လုပ်သင့်ပါပြီ။ မတူတဲ့အတန်းတွေမှာ အချိန်ချင်းမတူကြသလို တချို့က တစ်ပတ်မှာ ရက်အချို့တက်ရပြီး တချို့ကတော့ တစ်ရက်တည်းသာတက်ရပါတယ်။ သီးသန့်အတန်းတွေ တက်ဖို့လည်းအကြံပေးချင်ပါတယ်။ ကျန်းမာရေးစောင့်ရှောက်သူက အကြံကောင်းပေးနိုင်ပါလိမ့်မယ်။

 အမျိုးသားသိထားသင့်သောအချက်များ

အမျိုးသားများက မိခင်လောင်းတစ်ယောက်အနေနဲ့ ကိုယ့်ခန္ဓာကိုယ်ထဲမှာ နောက်ထပ်အသက်တစ်ချောင်း အသက်ရှင်ဖို့ ဘယ်လောက်တောင်ရုန်းကန်နေရလဲဆိုတာကို ကောင်းကောင်းနားလည်ထားဖို့လိုပါတယ်။ မိခင်လောင်းကို တတ်နိုင်သလောက်ဖေးမကူညီပေးဖို့လိုအပ်သလို သူ့အတွက် တစ်ယောက်တည်းရှိနေတဲ့ အချိန်လည်းလိုအပ်တယ်ဆိုတာကို သိထားသင့်ပါတယ်။

From Kalay with


Comments

0 comments
Latest video