ကိုယ်ဝန်ဆောင်သက်တမ်း (၁၄)ပတ်

by: Khin Nyein Lwin
 0 comments  17 love

ကိုယ်ဝန်ပထမအဆင့်ပြီးဆုံးသွားပြီး မအီမသာဖြစ်စေတဲ့ လက္ခဏာတွေလည်း မရှိတော့ပါဘူး။ ဒီအချိန်မှာ သန္ဓေသားက ဘယ်လိုတွေ ကြီးထွားလာပြီး ဘယ်လိုပြင်ဆင်မှုတွေ လုပ်ထားကြမလဲ။

ကိုယ်ဝန်ဆောင်သက်တမ်း (၁၄)ပတ်ထဲရောက်သွားပြီဆိုတော့ ကိုယ်ဝန်ဆောင်နေရခြင်းကို အသားကျနေပါပြီ။ ကိုယ်ဝန်ပထမအဆင့်တုန်းက စိတ်ညစ်စရာကောင်းတဲ့ လက္ခဏာတွေလည်း တဖြည်းဖြည်းပျောက်သွားပြီ။ သန္ဓေသားရဲ့ အရေးကြီးတဲ့ဖွံ့ဖြိုးမှုအဆင့်ကလည်း ပြီးသွားပြီ။ စားသောက်မှုပုံစံကိုတော့ ဆက်ထိန်းထားဖို့လိုအပ်နေပါသေးတယ်။ ကိုယ်ဝန်ဆောင်သက်တမ်း (၁၄)ပတ်မှာ ဘာပြောင်းလဲမှုတွေ ကြုံတွေ့ရမှာလဲဆိုတာကို ဖော်ပြပေးလိုက်ပါတယ်။

ကိုယ်ဝန်ဆောင်ပတ်(၁၄)ပတ်မှာကလေးအရွယ်အစားက သံပရိုသီးပမာဏရှိပါတယ်

သန္ဓေသားဖွံ့ဖြိုးကြီးထွားမှုပုံစံ

သန္ဓေသားကြီးထွားမှုတော်တော်များများက ဒီအပတ်မှာ ဖြစ်ပွားပါတယ်။ မျက်ခွံလှုပ်တာ၊ မျက်မှောင်ကြုတ်တာနဲ့ မျက်နှာမဲ့တာတွေကို လုပ်နိုင်နေပါပြီ။ ဆီးသွားနေပြီဖြစ်ပြီး လက်မတောင်စုပ်နိုင်နေပါပြီ။ ဦးနှောက်က လှုံ့ဆော်မှုတွေကြောင့် မျက်နှာပုံစံတွေ အလွယ်တကူ ပြောင်းနိုင်နေပြီဖြစ်ပြီး ကျောက်ကပ်ကနေပြီးတော့ ဆီးထုတ်ပေးပြီး ရေမြွှာအိတ်ထဲကို စွန့်ပစ်နေပါပြီ။ မွေးဖွားတဲ့အချိန်အထိ ဒီလိုပဲ ဖြစ်နေမှာပါ။ လက်သီးဆုပ်လို့ရနေပြီဖြစ်ပြီး အာထရာဆောင်းထဲမှာ လက်မကိုစုပ်ထားတဲ့ပုံစံမျိုးလေး တွေ့ရမှာဖြစ်ပါတယ်။

ခေါင်းကနေ ခြေထောက်အထိ (၁၀) စင်တီမီတာရှိပြီး အလေးချိန်ကတော့ (၇၀) ဂရမ်လောက်ရှိနေပြီး သံပရိုသီးအရွယ်လောက်ရှိနေပါပြီ။ ဒီအချိန်မှာတော့ ဦးခေါင်းထက် ခန္ဓာကိုယ်က ဖွံ့ဖြိုးမှုပိုမြန်ပြီး လည်ပင်းနေရာက သိသာစွာပေါ်လာပါပြီ။ ဒီအပတ်အဆုံးပိုင်းလောက်ဆိုရင်တော့ လက်မောင်းတွေကလည်း ခန္ဓာကိုယ်နဲ့ အချိုးအစားအညီ ဖွံ့ဖြိုးလာမှာဖြစ်ပါတယ်။ တစ်ကိုယ်လုံးမှာ အမွှေးအမျှင်တွေလည်း ပေါက်လာပါပြီ။ ဒီအပတ်အတွင်းမှာပဲ အသည်းက သည်းခြေရည်တွေစထုတ်ပေးပြီး သရက်ရွက်ကလည်း သွေးနီဥတွေကိုထုတ်ပေးနေပါပြီ။

ကလေးရဲ့အရိပ်အယောင်သဖွယ် တွေ့မြင်နေရပြီဖြစ်တဲ့အတွက် အရမ်းကိုဝမ်းသာနေတဲ့အချိန်ဖြစ်နိုင်ပါတယ်

ပြောင်းလဲလာသော မိခင်ဘဝနေထိုင်မှုပုံစံ

ကိုယ်ဝန်ဒုတိယအဆင့်က စတင်ပြီ ဖြစ်ပါတယ်။ အားပိုပြည့်နေသလိုမျိုး ခံစားနေရပါလိမ့်မယ်။ ရင်သားနာကျင်ခြင်းက သက်သာလာပြီး မအီမသာဖြစ်တာက လုံးဝပျောက်သွားနိုင်ပါပြီ။ ဒါပေမယ့် တချို့ကိုယ်ဝန်ဆောင်တွေမှာ ကိုယ်ဝန်ဒုတိယအဆင့် ရောက်နေပေမယ့်လည်း မအီမသာဖြစ်တာ ပျို့အန်တာမျိုးတွေ ဆက်ပြီးကြုံတွေ့နေရတာမျိုး ဖြစ်နိုင်ပါတယ်။

သားအိမ်အထက်ပိုင်းက ဆီးခုံအပေါ်ပိုင်းရဲ့ အထက်ပိုင်းမှာရှိနေပါတယ်။ ဒါကဗိုက်စူထွက်တာကို ဖြစ်စေပါတယ်။ စောင့်စားနေတဲ့ ကလေးရဲ့အရိပ်အယောင်သဖွယ် တွေ့မြင်နေရပြီဖြစ်တဲ့အတွက် အရမ်းကိုဝမ်းသာနေတဲ့အချိန်ဖြစ်နိုင်ပါတယ်။ ဒီအချိန်ကောင်းကိုအသုံးချပြီး နောင်ဖြစ်လာတော့မယ့် မိခင်ဘဝကို စိတ်ကူးယဉ်ကြည့်ပါ။ သင်နဲ့သင့်ကလေးရဲ့ ကျန်းမာရေးကိုသာ အာရုံစိုက်ပြီး နောက်အနာဂတ်အတွက် တွေးပူနေတာအားလုံးကို ဘေးဖယ်ထားလိုက်ပါ။

ခင်ပွန်းသည်မှကိုယ်ဝန်ဆောင်ကို အားပေးနှစ်သိမ့်တာတွေ ပြုလုပ်ပေးသင့်ပါတယ်

ကိုယ်ဝန်ဆောင်သက်တမ်း (၁၄)ပတ်မှာ လုပ်ဆောင်ရမယ့်အချက်များ

(၁) သင့်တင့်လျောက်ပတ်တဲ့အစားအစာကိုစားပြီး သင့်လျော်တဲ့ လေ့ကျင့်ခန်းလုပ်ပါ

ကိုယ်ဝန်ဆောင်အဆင့်အလိုက် သင့်လျော်တဲ့အစားအစာကိုစားသောက်ပြီး လေ့ကျင့်ခန်းလုပ်တာက အရမ်းကို အရေးကြီးပါတယ်။ ကိုယ်အလေးချိန်တက်လာပေမယ့်လည်း diet လုပ်သင့်တဲ့အချိန် မဟုတ်တော့ပါဘူး။ Diet လုပ်တာက ကလေး ကြီးထွားဖွံ့ဖြိုးလာဖို့လိုအပ်နေတဲ့ အစာအာဟာရတွေကို ဖြတ်တောက်ပစ်တာနဲ့ တူတူပါပဲ။ လေ့ကျင့်ခန်းစတင်လုပ်ဆောင်ဖို့ ဆရာဝန်နဲ့တိုင်ပင်ပါ။ ဒီအချိန်မှာ တစ်နေ့ကို အစာပမာဏနည်းနည်းနဲ့ အကြိမ်များများစားပေးဖို့အရေးကြီးပါတယ်။

(၂) ကိုယ်ဝန်ဆောင်လေ့ကျင်ရေးသင်တန်းကို ရှာပါ

တကယ်လို့ ကိုယ်ဝန် ပထမအဆင့်တုန်းက မအီမသာဖြစ်တာနဲ့ ပျို့အန်တာတွေဖြစ်တာကြောင့် လေ့ကျင့်ခန်းမလုပ်ခဲ့ရဘူးဆိုရင် ပုံမှန်လေ့ကျင့်ခန်းလုပ်ဖို့ စတင်သင့်ပါပြီ။ ပိုကောင်းတာကတော့ ကိုယ်ဝန်ဆောင်လေ့ကျင့်ရေး အတန်းတွေတက်တာပါပဲ။ ဒီလိုလုပ်ခြင်းက တခြားကိုယ်ဝန်သည် အမျိုးသမီးတွေ ဆီကနေလည်း စိတ်ဓာတ်ပိုင်းအထောက်အပံ့တွေ ရနိုင်ပါတယ်။ ကိုယ်ဝန်ဆောင် ယောဂနဲ့ Pilates and water exercise စတဲ့အတန်းတွေ တက်လို့ရပါတယ်။ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေအတွက် လမ်းလျှောက်အဖွဲ့တွေ အကသင်တန်းတွေကိုလည်း သွားလို့ရပါတယ်။

(၃) ခန္ဓာကိုယ်မှာ မှဲ့များလာတာကို စိတ်ပူစရာမလိုပါဘူး

ကိုယ်ဝန်ဆောင်တွေတော်တော်များများမှာ ခန္ဓာကိုယ်မှာ ပထမဆုံးအကြိမ်အဖြစ် မှဲ့တွေထွက်လာတတ်ပါတယ်။ အစကတည်းကရှိနေတာဖြစ်ပြီး ကိုယ်ဝန်ဆောင်ချိန်အတွင်း ပြောင်းလဲမှုမျိုးလည်းဖြစ်တတ်ပါတယ်။ အဲ့လိုပြောင်းလဲတာမျိုးကြုံရင်တော့ ဆရာဝန်ထံသွားရောက်ပြသသင့်ပါတယ်။

(၄) အမျိုးသားသိထားသင့်သောအချက်များ

ဒီလိုအချိန်မှာ ကိုယ်ဝန်ဆောင်တွေက မောပန်းနွမ်းနယ်လွယ်ပါတယ်။ အလုပ်ကပြန်လာတာဖြစ်ဖြစ် တစ်နေရာရာက ပြန်လာတာဖြစ်ဖြစ် အနားယူဖို့ လိုအပ်ပါတယ်။ တကယ်လို့ တခြားကလေးတွေရှိဦးမယ်ဆိုရင် သင့်အမျိုးသမီးအိပ်ပျော်နေချိန်မှာ သူတို့ကို အဖော်ပြုပေးပါ။ ညစာပြင်ဆင်တာမှာ သူ့ကိုကူညီပေးနိုင်ပြီး ညစာပြင်ဆင်တာကို သင်ကပဲလုပ်တာမျိုးလေးတွေ လုပ်ပေးပါ။

Kalay.com.mm မှ ရေးသားဖော်ပြနေသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များမှ Facebook Page များအတွက် ပြန်လည်ကူးယူခြင်း၊ ဆင်တူယိုးမှား ဖော်ပြခြင်းများ မပြုပါရန် လေးစားစွာ အသိပေးအပ်ပါသည်။
From Kalay with


Comments

0 comments
Latest video
Refer to more useful articles
x