ကိုယ်ဝန်ဆောင်သက်တမ်း (၁၂)ပတ်

by: Khin Nyein Lwin
 0 comments  1 love

သန္ဓေသားလေးက သူ့လက်ချောင်းခြေချောင်းတွေကို စပြီးလှုပ်ရှားနေပြီ။ ဒီအချိန်မှာ အာဟာရ ပိုရအောင် မြေပဲ၊ ဥအမျိုးမျိုးစတာတွေကို ပိုစားပေးသင့်ပါတယ်

ကိုယ်ဝန်ဆောင်သက်တမ်း (၁၂)ပတ်ဆိုတဲ့အချိန်က အရေးကြီးတဲ့ ကိုယ်ဝန်ပထမအဆင့်ပြီးသွားပြီး အရေးကြီးတဲ့ ဖွံ့ဖြိုးမှုတွေ ပြီးဆုံးတဲ့ အချိန်ပါဖြစ်တဲ့အတွက် အရမ်းကို အရေးပါတဲ့အပတ် ဖြစ်ပါတယ်။ ကိုယ်ဝန်ပထမအဆင့်အပြီးမှာ ကိုယ်ဝန် ပျက်ကျတာက ဖြစ်ခဲတဲ့အတွက် မိခင်လောင်းတွေအနေနဲ့ ကျန်းမာရေးကို ဂရုစိုက်ပြီး လေ့ကျင့်ခန်းတွေပုံမှန်လုပ်ပြီး ကျန်းမာရေးနဲ့ညီညွတ်တဲ့အစားအစာတွေကိုသာစားသောက်တတ်ကြပြီး ဒီအချိန်မှာ အမျိုးသမီးတွေက ယုံကြည်ချက် တွေအပြည့်အဝရှိနေတတ်ပြီး သူငယ်ချင်းတွေနဲ့ လုပ်ဖော်ကိုင်ဖက်တွေကို သတင်းကောင်းပြောချင်တတ်ကြတဲ့ အချိန်လည်းဖြစ်ပါတယ်။

ကိုယ်ဝန်ဆောင်ပတ် (၁၂)ပတ်အရွယ်မှာ ကလေးအရွယ်အစားက နှင်းသီးပမာဏရှိပါတယ်

သန္ဓေသားဖွံ့ဖြိုးကြီးထွားမှုပုံစံ

ဒီအပတ်ရဲ့ အကြီးမားဆုံးပြောင်းလဲမှုက တုံ့ပြန်ခြင်းပါ။ သန္ဓေသားရဲ့လက်ချောင်းလေးတွေကို ဖွင့်ပိတ်တာတွေ၊ ခြေချောင်းလေးတွေကွေးတာတွေ၊ မျက်လုံးကြွက်သားလှုပ်ရှားတာတွေနဲ့ နှုတ်ခမ်းလှုပ်ရှားတာတွေရှိလာပါပြီ။ တကယ်လို့ ဝမ်းဗိုက်ကို လက်ချောင်းလေးနဲ့ထိုးကြည့်မယ်ဆိုရင် မိခင်က ခံစားလို့မရနိုင်သေးပေမယ့် ဆတ်ခနဲလှုပ်ပြီးပြန်တုံ့ပြန်ပါလိမ့်မယ်။ ဖွံ့ဖြိုးမှုအရမ်းမြန်တဲ့ အူလမ်းကြောင်းက ချက်ကြိုးအတွင်းသို့ ထိုးဖောက်ဝင်ရောက်လာပြီး ဝမ်းခေါင်းထဲကို စတင်ဝင်ရောက်နေပါပြီ။ ကျောက်ကပ်ကလည်း ဆီးအိတ်ထဲကို ဆီးတွေစစ်ထုတ်ပေးနေပါပြီ။

တစ်ချိန်တည်းမှာပဲ နာဗ့်ဆဲလ်တွေ လျင်မြန်စွာပွားလာနေပြီး ဦးနှောက်ထဲက အာရုံကြောကလာပ်စည်းဆုံတဲ့နေရာ synapses တွေလည်း လျင်မြန်စွာ ဖွဲ့စည်းနေပါပြီ။ မျက်နှာလည်းပုံပေါ်လာပြီဖြစ်ပြီး မျက်လုံးတွေကလည်း ဦးခေါင်းဘေးကနေ အရှေ့ဘက်ကို ရွေ့သွားပြီဖြစ်ကာ နားရွက်ကလည်း သူ့နေရာနဲ့သူ ရောက်နေပါပြီ။ ဦးခေါင်းကနေ ခြေထောက်အထိ (၂) လက်မသာရှိသေးပြီး အောင်စဝက်လေးနေပါပြီ။

ကိုယ်ဝန်ဆောင်တော်တော်များများမှာတော့ သားအိမ်က အစာအိမ်ကိုလာတိုက်တဲ့အထိ မကြီးထွားလာမချင်း ရင်ပူတာမျိုးဖြစ်လေ့မရှိပါဘူး

ပြောင်းလဲလာသော မိခင်ဘဝနေထိုင်မှုပုံစံ

 ကျန်းမာရေးစောင့်ရှောက်ပေးသူက သတိထားမိသည်အထိ  သားအိမ်က ဝမ်းဗိုက်အောက်ပိုင်း ဆီးခုံအရိုးရဲ့ အပေါ်ပိုင်းမှာ ကြီးထွားလာပါပြီ။ တကယ်လို့ ပထမကိုယ်ဝန်သာမဟုတ်ရင် ကိုယ်ဝန်ဆောင်အင်္ကျီကို ဝတ်ဆင်နေပြီးဖြစ်မှာပါ။ အဝတ်အစားပုံစံပြောင်းဖို့ အဆင်သင့်မဖြစ်သေးရင်တောင်မှပဲ ဝမ်းဗိုက်ကဖောင်း လာတဲ့အတွက် ကျပ်တဲ့အဝတ်အစားတွေထက် ပွပွရောင်းရောင်းတွေဝတ်ရင် ပိုသက်တောင့်သက်သာရှိတာကိုတော့ သတိထားမိနေလောက်ပါပြီ။

ရင်ပူတာ (အက်ဆစ် အစာမကြေခြင်း) ရင်ညွန့်ရိုးအောက်ပိုင်းကနေ လည်ချောင်းအောက်နားလောက်အထိ ပူနေတာမျိုးကို စပြီးခံစားရပါပြီ။ အမျိုးသမီးအများစုက ရင်ပူတာကို ကိုယ်ဝန်ဆောင်ချိန်မှာ ပထမဆုံး ကြုံတွေ့ဖူးတာဖြစ်ပြီး တချို့အရင်က ဖြစ်ဖူးသူတွေကတော့ ပိုဆိုးတဲ့အခြေအနေမျိုးကို ကြုံတွေ့ရနိုင်ပါတယ်။

ကိုယ်ဝန်ဆောင်ချိန်အတွင်း အချင်းက အစာအိမ်နဲ့ အစာပြွန်ကို ဆက်ထားတဲ့ အမြှေးပါးကို လှုပ်ရှားမှုနှေးစေတဲ့၊ မျိုးဥထုတ်တာကိုတားဆီးပေးတဲ့ ဟော်မုန်း progesterone အမြောက်အမြားကို ထုတ်ပေးပါတယ်။ အထူးသဖြင့် လဲလျောင်းနေတဲ့အချိန်မျိုးမှာ အစာချေတဲ့အက်ဆစ်က ပိုက်တစ်လျှောက်ပြန်တက်လာနိုင်ပြီး ရင်ပူတာကို ဖြစ်စေတတ်ပါတယ်။ အမျိုးသမီးတော်တော်များများမှာတော့ သားအိမ်က အစာအိမ်ကိုလာတိုက်တဲ့အထိ မကြီးထွားလာမချင်း ရင်ပူတာမျိုးဖြစ်လေ့မရှိပါဘူး။ ရင်ပူတာက နည်းနည်းချင်းကနေ ပြင်းထန်လာပြီး စိတ်အနှောင့်အယှက်ဖြစ်လာနိုင်ပါတယ်။

ဇနီးသည်ကို ကာင်းကောင်းဂရုစိုက်ပြီး တတ်နိုင်သလောက် သက်တောင့်သက်သာဖြစ်အောင် ဂရုစိုက်ပါ

အမျိုးသားသိထားသင့်သောအချက်များ

အမျိုးသားများအနေနဲ့ ဇနီးသည်ကို စောင့်ရှောက်ဖေးမပါ။ ကိုယ်ဝန်မဆောင်ခင်က အခက်အခဲမရှိ လုပ်ဆောင်ခဲ့တဲ့အရာတွေက ဒီအချိန်မှာ သူ့အတွက်ခက်ခက်ခဲခဲလုပ်ဆောင်နေတာမျိုးနဲ့ ကျပ်တည်းတဲ့ အခြေအနေတစ်ခုကိုကျော်ဖြတ်နေတာအတွက် နားလည်မှုပေးပါ။ ထို့အပြင် ကောင်းကောင်းဂရုစိုက်ပြီး တတ်နိုင်သလောက် သက်တောင့်သက်သာဖြစ်အောင်စီစဉ်ပေးပါ။

From Kalay with


Comments

0 comments
Latest video