ကိုယ်ဝန်ဆောင်မေမေများ စိတ်ဖိစီးမှုတွေကို ဘယ်လိုနည်းနဲ့ဖြေဖျောက်ကြမလဲ

by: Khin Nyein Lwin
 0 comments  88 love

လူသတ်ကား၊ သည်းထိတ်ရင်ဖိုကား၊ သရဲကားများကို ကြိုက်တယ်ဆိုရင်တောင် မကြည့်ပါနဲ့နော်။ စိတ်ကိုပျော်ရွှင်ကြည်နူးစေတဲ့ ဟာသကား၊ ကာတွန်းကား လေးများကို ကြည့်ပါ။

ကိုယ်ဝန်ဆောင်တဲ့အချိန်မှာ ကိုယ်ဝန်ဆောင်မေမေများအားလုံးလိုလို ကိုယ်ဝန်ဆောင်တာနဲ့ ပတ်သက်ပြီး စိတ်ဖိစီးမှုများကို ခံစားကြရပါတယ်နော်။ ကိုယ်ဝန်ဆောင်ချိန်အတွင်း ညဘက်ကောင်းကောင်းအိပ်မပျော်တာ၊ အိမ်ထဲမှာပဲနေတာများလာတာကြောင့် အထီးကျန်ရတာ၊ မမွေးဖွားသေးတဲ့သားသားမီးမီးအတွက် စိုးရိမ်သောကရောက်ရတာတွေအတွက် စိတ်ထဲမှာ ဖိစီးခံစားမှုများဖြစ်ပေါ်တတ်ပါတယ်။ ဒါကြောင့် ဒီလို ခံစားရတာတွေတွက် ဘယ်လိုပြုမှုနေထိုင်ရမယ်ဆိုတာကို Kalay မှဖော်ပြပေးချင်ပါတယ်။

 စိတ်ကောကိုယ်ပါ ကောင်းမွန်စွာ အနားယူပေးပါ

မမွေးဖွားသေးတဲ့ကလေးကို ကိုယ်ဝန်ဆောင်ထားတဲ့ မေမေတို့ကိုယ်တိုင်အတွက် ကိုယ်ကိုကိုယ် ဂရုစိုက်ပြီး ကိုယ်ကော စိတ်အတွက် အနားယူဖို့ တကယ့်ကို လိုအပ်ပါတယ်။ ကိုယ်တိုင်ကျန်းမာနေမှ သားသားမီးမီးလေးတို့ကိုပါ ကောင်းမွန်ကျန်းမာစွာ စောင့်ရှောက်ပေးနိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့် မိခင်ဖြစ်တဲ့ ကိုယ်ဝန်ဆောင်မေမေက ကိုယ်စိတ်နှစ်ပါးလုံး အနားယူပြီး ကောင်းမွန်စွာ နေထိုင်ပေးရမှာ ဖြစ်ပါတယ်။

ကိုယ်ဝန်ဆောင်စဉ်အဖြစ်အပျက်များအားလုံးကို သတိထားပြီးပျော်ရွင်မှုကိုခံစားပါ

ကိုယ်ဝန်ဆောင်ချိန်အတွင်း ဗိုက်ထဲမှာ ပြောင်းလဲဖြစ်ပေါ်လာတဲ့ သန္ဓေသားရဲ့အနေအထားအားလုံးကို နေ့စဉ် သတိထားပြီး ခံစားပေးဖို့ လိုပါတယ်။ ဗိုက်ကလေးတနေ့တခြား ပိုပိုဖောင်းလာတာ၊ ဗိုက်ထဲကနေ ကလေးလေး လှုပ်တာ၊ ကန်တာ စတဲ့ နေ့စဉ်ဖြစ်ပျက်မှု့အားလုံးက ကိုယ်ဝန်ဆောင်မေမေရဲ့ စိတ်ဖိစီးပင်ပန်းမှု့ကို လျှော့ချပေးစေနိုင်ပါတယ်။ ကိုယ်ဝန်ဆောင်တာနဲ့ပတ်သက်ပြီး ဖြစ်ပေါ်လာတဲ့ အကြောင်းအရာများအားလုံးတိုင်းကို မေမေတို့ပတ်ဝန်းကျင်မှာရှိတဲ့ မိဘ၊ ဆွေမျိုး များနဲ့အတူတခြား ကိုယ်ဝန်ဆောင်များ၊ ကလေးမေမေများနဲ့ ပြောပြတိုင်ပင် အတွေ့အကြုံများ ဖလှယ်ပေးပါ။

အစားကောင်းကောင်းစားပါ

ကိုယ်ဝန်ဆောင်အချိန်မှာ အာဟာရပြည့်ဝပြီး အရသာရှိတဲ့ အစားအစာများကို စားသုံးပေးဖို့ အထူးလိုအပ်ပါတယ်။ အစားအစာကို အစုံစားပေးပါ။ ဘေးအန္တရာယ်ရှိတဲ့အစားအစာများကလွဲလို့ အစုံစားပေးဖို့ တိုက်တွန်းချင်ပါတယ်။ ကိုယ်ဝန်လွယ်ထားတဲ့အချိန်မှာ စားသောက်ချင်လာတဲ့အစားအစာက မေမေတို့ကိုကော၊ သန္ဓေသားလေးကိုပါ မထိခိုက်စေဘူးဆိုရင် ချက်ချင်းသွားပြီးစားလိုက်ပါ.

သင့်တင့်လိုက်ဖက်တဲ့ လေ့ကျင့်ခန်းများပြုလုပ်ပါ

ကိုယ်ဝန်ဆောင်ထားတဲ့မေမေများအနေနဲ့ အပေါ့စားလေ့ကျင့်ခန်းများဖြစ်တဲ့ ရေကူးခြင်း၊ ယောဂကစားခြင်း၊ အကြောလျှော့ခြင်း၊ လမ်းလျှောက်ခြင်း၊ တရားထိုင်တာတွေ ဒါတွေလုပ်ပေးတာကလည်း စိတ်ဖိစီးမူကို လျှော့ချပေးနိူင်ပါတယ်။ အသက်ရှုလေ့ကျင့်ခန်းကလည်း မနက်တိုင်း နိုးလာတာနဲ့လုပ်သင့်တဲ့ လေ့ကျင့်ခန်းဖြစ်ပါတယ်။

မကြာမှီရရှိလာတော့မယ့် မိခင်ဘဝအတွက် လေ့လာနေပါ

ကိုယ်ဝန်ဆောင်ထားတဲ့အချိန်အတွင်း ကိုယ်ဝန်ဆောင်နဲ့ ပတ်သက်တဲ့ စာအုပ်တွေ၊ တွေ့ကြုံရတော့မယ့် မိခင်ဘဝအတွက် အတွေ့အကြုံတွေအတွက် လေ့လာဖတ်ပေးပါ။ ဒီလိုစာအုပ်တွေ ဖတ်နေခြင်းဟာလည်း စိတ်ဖိစီးမှုတွေကို သက်သာစေပါတယ်။ ကိုယ်ဝန်ဆောင်စဉ်အတွင်း ဖြစ်လေ့ဖြစ်ထရှိတတ်တာတွေ၊ ကုသတဲ့နည်းလမ်းတွေ ၊ ကာကွယ်တဲ့နည်းလမ်းတွေကို ကြိုသိထားလို့ ကြိုတင်ပြင်ဆင်ထားရင် စိတ်သက်သာရာ ရစေပါတယ်။

ယောဂ ကျင့်ခြင်းဖြင့် သက်တောင့်သက်သာ ဖြစ်စေပါတယ် (Photo by Fraldas Infantis BabyBoo Blog)

ကိုယ့်ကိုကိုယ် ချစ်ပေးပါ

ကိုယ်ဝန်ဆောင်မေမေတို့အနေနဲ့ စိတ်ချမ်းသာပြီး စိတ်သက်သာမယ်ဆိုရင် ကောင်းတဲ့အရာတိုင်းကို လုပ်ပေးပါ။ အလှပြင်တာ၊ လက်သည်းခြေသည်းဆိုးတာ၊၊ အနှိပ်ခံတာမျိုးတွေဟာလည်း ကိုယ်ဝန်ဆောင်ချိန် စိတ်ဖိစီးမူကို သက်သာစေတယ်လို့ ဆိုတဲ့အတွက် စိတ်သက်သာမယ်ထင်ရင် အရာအားလုံးလုပ်ပြီး မေမေတို့ စိတ်ချမ်းသာအောင် နေထိုင်ပေးပါ။

ပြင်ဆင်ပေးပါ

ကိုယ်ဝန်ဆောင်ချိန်မှာ ကလေးအတွက်လိုအပ်တာတွေကြိုတင်စုဆောင်းနိုင်ပါတယ်။ သားသားလားမီးမီးလားဆိုတာ အချိန်စောစောသိနိုင်တဲ့အတွက် လိုအပ်တာတွေကို ကိုယ်တိုင်သွားရောက်ဝယ်ယူပြီး ပြင်ဆင်နေတာက စိတ်ကိုပျော်ရွှင်ကျန်းမာစေသလို ကိုယ်လည်းကျန်းမာစေပါတယ်။

နေ့လည်မှာ နာရီဝက်ခန့်ပုံမှန် အိပ်ပေးပါ

ညဘက်ဘယ်လောက်ပဲ အိပ်အိပ် ကိုယ်ဝန်ဆောင်မေမေများအနေနဲ့ နေ့လည်ခင်းအချိန်မှာ တစ်ရေးတစ်မော အိပ်ပေးဖို့ လိုအပ်ပါတယ်။ ဒီလိုအိပ်စက်ပေးတာကလည်း ကိုယ်ဝန်ဆောင်မေမေတို့ရဲ့ စိတ်ဖိစီးပင်ပန်းတာတွေကို သက်သာစေပါတယ်။

ကောင်းမွန်တဲ့ဖျော်ဖြေမျိုးနဲ့ အပန်းဖြေပါ

နွားနို့ပူပူလေးတစ်ခွက်သောက်ရင်း တီဗွီကြည့်ချိန်လေး ထားပေးထားပါ။ ဒီလိုကြည့်တဲ့အခါမှာလည်း လူသတ်ကား၊ သည်းထိတ်ရင်ဖိုကား၊ သရဲကားများကို ကြိုက်တယ်ဆိုရင်တောင် မကြည့်ပါနဲ့နော်။ စိတ်ကိုပျော်ရွှင်ကြည်နူးစေတဲ့ ဟာသကား၊ ကာတွန်းကား လေးများကို ကြည့်ရင်း စိတ်ဖိစီးမှုကို ဖြေဖောျက်ပါ။

ကိုယ်ဝန်ဆောင်ထားတဲ့အချိန်အတွင်း ကိုယ်ဝန်ဆောင်နဲ့ ပတ်သက်တဲ့ စာအုပ်တွေ၊ တွေ့ကြုံရတော့မယ့် မိခင်ဘဝအတွက် အတွေ့အကြုံတွေအတွက် လေ့လာဖတ်ပေးပါ (Photo by texilaconnect)

ရေများများသောက်ပါ

ရေသောက်တာကလည်း မေမေတို့ ခန္ဓာကိုယ်ကို ရေဓါတ်ပြည့်ဝစေပါတယ်။ နောက်ပြီး မကောင်းတဲ့ အဆိပ်အတောက်တွေကို ဖယ်ရှားပေးပါတယ်။ တစ်နေ့ကို ရေ (၈) ခွက်လောက်သောက်သင့်ပြီး ညနေပိုင်းတွေညအိပ်ခါနီး မှာတော့လျှော့သောက်သင့်ပါတယ်။

 ပေါ့ပါးချောင်ချိတဲ့ အဝတ်အစားကို ရွေးချယ်ဝတ်ဆင်ပါ

ကိုယ်ဝန်ဆောင်နေတဲ့အချိန်အတွင်း ထူထဲကျပ်တည်းတဲ့အဝတ်အစားတွေက စိတ်ညစ်စေပြီး ဒေါသထွက်စရာကောင်းပါတယ်။ ဒါကြောင့် ပေါးပါးလွတ်လပ်ပြီး လန်းဆန်းစေမယ့် အဝတ်အစားများကို ရွေးချယ်ဝတ်ဆင်ပေးရန်လည်း လိုအပ်ပါတယ်။

ဆရာဝန် ရွေးချယ်မှု မှန်ကန်ရန် နဲ့ ပုံမှန်ပြသပေးပါ

တစ်ချို့ ကိုယ်ဝန်ဆောင်မေမေတို့မှာ တခါတလေ ဆရာဝန်ရဲ့ အပြုအမှုတွေကြောင့် စိတ်ဆင်းရဲတာတွေ ကြုံရတတ်ပါတယ်။ သားဦးမေမေတို့ဆို စိတ်ခံစားမှုက အရမ်းလွယ်နေမှာပါ။ ကိုယ်ဝန်ကြောင့် အားကိုးနေရတဲ့ ဆရာဝန်အတွက် စိတ်အခန့်မသင့်တာတွေ မဖြစ်ပေါ်စေဖို့ ဂရုစိုက်ပေးရမှာ ဖြစ်ပါတယ်။ ဒါကြောင့် အစထဲက ဗိုက်မအပ်ခင် အတွေ့အကြုံရှိတဲ့ သူများနဲ့ တိုင်ပင်ပြီး သားဖွားဆရာဝန်ကို ရွေးချယ်ရန် လိုအပ်ပါတယ်။ ထို့နောက် ကိုယ်ဝန်ဆောင်မေမေတို့မှာ ဖြစ်ပေါ်နေတဲ့ ပြောင်းလဲဖြစ်စဉ်တွေကို ကိုယ့်ရဲ့ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပြီး ကုသပေးရပါမယ်။ ကိုယ်ပြောတဲ့စကားကို နားမထောင်ပေးတဲ့ ၊ ဆွေးနွေးခွင့်မပေးတဲ့ဆရာဝန်တွေဆီမှာတော့ ကုသမှု မလုပ်သင့်ပဲ သင့်တော်တဲ့ဆရာဝန် ကို ရှာဖွေ ဆွေးနွေးဖို့လည်း အရေးကြီးကြောင်း Kalay ကနေ ပြောပြပေးလိုက်ပါတယ်။

Kalay.com.mm မှ ရေးသားဖော်ပြနေသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များမှ Facebook Page များအတွက် ပြန်လည်ကူးယူခြင်း၊ ဆင်တူယိုးမှား ဖော်ပြခြင်းများ မပြုပါရန် လေးစားစွာ အသိပေးအပ်ပါသည်။
From Kalay with



Comments

0 comments
Latest video
Refer to more useful articles