ကိုယ်ဝန်ဆောင်ကာလ (၃၄) ပတ်မြောက်ရောက်ပြီဆိုရင်

by: Phyo Pyae Thu
 1 comments  1 love

ကိုယ်ဝန်ဆောင်ကာလ(၃၄) ပတ်မှာဆိုရင် မွေးခါနီးမို့ စိုးရိမ်စရာ၊ စိတ်ပူစရာတွေအပြင် ပြင်ဆင်ဂရုစိုက်ရမယ့် အချက်တွေကလည်း များပါတယ်။

 

ခြေထောက်ဖောရောင်တာတွေဖြစ်နိုင်ပါတယ်(photo: Mom365)

မေမေလောင်းလေးတို့ရေ ကိုယ်ဝန်ဆောင်ကာလ(၃၄) ပတ်ဆိုတာ မွေးဖွားဖို့ နီးလာတဲ့ တတိယ ကာလတစ်ခုပါ။ ကိုယ်ဝန်ဆောင်ကာလ(၃၄) ပတ်မှာဆိုရင် မွေးခါနီးမို့ စိုးရိမ်စရာ၊ စိတ်ပူစရာတွေအပြင် ပြင်ဆင်ဂရုစိုက်ရမယ့် အချက်တွေကလည်း များပါတယ်။ ဒီတော့ (၃၄) ပတ်လောက်မှာ မေမေလောင်းတို့ သိထားသင့်တာတွေ ဖော်ပြပေးလိုက်ပါတယ်။

သန္ဓေသားလေး ခေါင်းစိုက်နေတယ်ဆိုရင် စိတ်ပူစရာ မရှိပါဘူး(Photo: Mom365)

သန္ဓေသားလေးဘယ်လောက်ဖွံ့ဖြိုးနေပြီလဲ

ကိုယ်ဝန်ဆောင်(၃၄) ပတ်လောက်ဆိုရင်တော့ လိုအပ်မှသာ အာထွာရာဆောင်းရိုက်ရတော့မှာပါ။ သန္ဓေသားလေး ခေါင်းစိုက်နေလား၊ ဆုံပိုင်းဖြစ်နေသလား အစရှိသလို ဗိုက်ထဲက ကလေးလေးရဲ့ အနေအထားပေါ် မူတည်ပြီး ရိုက်ဖို့ လိုမလို ဆရာဝန်က ဆုံးဖြတ်ပေးမှာပါ။ မေမေလောင်းလေးတို့ရေ ကိုယ်ဝန်ဆောင်(၃၄) ပတ်မှာ သန္ဓေသားလေးက သခွားမွှေးသီးအရွယ်အစားလောက် ရှိနေပါပြီ။ ဒီလောက်အရွယ်အစား ရှိတယ်ဆိုတာလည်း ဆရာဝန်နဲ့ တွေ့တဲ့အခါ ပြောပြမှာပါ။ သခွားမွှေးသီးလောက်ရှိတယ် ခေါင်းစိုက်နေတယ်ဆိုရင် ဖွံ့ဖြိုးမှု မှန်ကန်တာမို့ အရမ်းစိတ်ပူစရာ မရှိပါဘူးနော်။

မေမေလောင်းဆီက ဘာတွေစုပ်ယူနေလဲ

မွေးခါနီးဖြစ်တာကြောင့် သန္ဓေသားလေးက သူအပြင်ထွက်နိုင်ဖို့ ဒါမှမဟုတ် အပြင်ထွက်တဲ့အခါမှာ သန်မာတဲ့ ကလေးတစ်ဦးဖြစ်ဖို့အတွက် ဒီအပတ်မှာ ကယ်လ်စီယမ်တွေကို စုပ်ယူနေပါပြီ။ မေမေလောင်းတို့ ကယ်လ်စီယမ်ဓါတ်လေး လုံလောက်အောင် စားသုံးပါ။ ဒါမှ ကလေးလေးက အရိုးအဆစ် သန်မာပြီး မွေးတဲ့အခါ မိန်းမကိုယ်ကနေ အားနဲ့အင်နဲ့ ထိုးထွက်လာမှာပါနော်။

မေမေလောင်းတို့ ဘယ်လိုဝေဒနာ ခံစားရနိုင်မလဲ

မေမေလောင်းတို့ ကိုယ်ဝန်ဆောင် အပတ်ရေ (၃၄) ပတ်မြောက်မှာ ခြေထောက်ဖောရောင်တာတွေ ရှိနေဆဲဖြစ်ပြီး သွေးပေါင်ကျတာတွေနဲ့ ရိပ်ခနဲခေါင်းမူးတာတွေ ဖြစ်နိုင်ပါသေးတယ်။ ဒါကြောင့် အထိုင်အထ၊ အသွားအလာတွေမှာ သတိထားပါ။ ကိုယ့်အနားမှာ ခင်ပွန်း ဒါမှမဟုတ် တစ်ယောက်ယောက်ရှိတယ်ဆိုရင် သူတို့ကို ကိုင်ပြီး၊ အမှီသဟဲပြုပြီးမှ ထိုင်ထတာတွေ လုပ်ရင် ပိုစိတ်ချရပါတယ်။ ဒီအချိန်မှာ အထွေအထူးပြဿနာ မရှိဘဲ အရေပြားယားယံတာတွေ ဖြစ်နိုင်ပါသေးတယ်။ မေမေလောင်းလေးတို့ ဆရာဝန်ပြဖို့ မကြောက်ပါနဲ့နော်။

မွေးခါနီးမှာ ဘာတွေသတိထားပြီး ပြင်ဆင်ရမလဲ

မွေးဖွားခါနီးဖြစ်တဲ့အတွက် သန္ဓေသားလေး တစ်နေ့ကို(၁၀) ကြိမ်လောက် လှုပ်တယ်ဆိုရင် ရပါပြီ။ သားအိမ်က ကျုံ့တာမျိုး ခံစားရနိုင်ပါတယ်။ အရမ်းကြောက်စိတ်မဝင်ပါနဲ့။ မေမေတိုင်း ဒီအတိုင်းပါပဲနော်။ မွေးခါနီးမို့ စိုးရိမ်စိတ်များပြီး အစားမစားတာတွေ မလုပ်ပါနဲ့။ အစားအစာ မှန်မှန်စားထားမှ သန္ဓေသားလေး အားရှိရှိမွေးလာနိုင်မှာ ဖြစ်သလို နို့ထွက်ဖို့လည်း ကြိုးစားထားပြီးသား ဖြစ်စေပါတယ်။ ကိုယ်ဝန်ဆောင်(၃၄) ပတ်မှာ ရေမြွှာပေါက်နိုင်ပါတယ်။ သတိထားပေးပါ။ မိန်းမကိုယ်ကနေ အကျိအချွဲဆင်းလာတာ၊ ရေမြွှာအရည်တွေ ဆင်းပြီဆိုတာနဲ့ ဆေးရုံ၊ ဆရာဝန်ဆီ အမြန်သာပြပါ။ ကိုယ်ဝန်ဆောင်(၃၄) ပတ်မှာ ဆေးရုံအဆင်သင့်သွားနိုင်ဖို့ ပြင်ဆင်စရာလေးတွေလည်း ပြင်ဆင်ထားပေးဖို့ Kalay ကနေ ပြောပြပေးလိုက်ပါတယ်။

Kalay.com.mm မှ ရေးသားဖော်ပြနေသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များမှ Facebook Page များအတွက် ပြန်လည်ကူးယူခြင်း၊ ဆင်တူယိုးမှား ဖော်ပြခြင်းများ မပြုပါရန် လေးစားစွာ အသိပေးအပ်ပါသည်။
From Kalay with



Comments

0 comments
Latest video
Refer to more useful articles