လူတစ်ယောက်ရဲ့ ခန္ဓာကိုယ်မှာ အရေးအကြီးဆုံးနဲ့ အလိုအပ်ဆုံးကတော့ ရေဓါတ်ပါပဲ။ ခန္ဓာကိုယ်အတွင်း၊ အပြင်မှာ ရှိတဲ့ လည်ပတ်မှုဖြစ်စဉ်အတွက် ရေဓါတ် လိုကို လိုအပ်ပါတယ်။ ကိုယ်ဝန်ဆောင်နေတဲ့ မေမေလောင်းတွေမှာ ပိုလို့တောင် ရေဓါတ်ကို လိုအပ်ပါတယ်။ မေမေလောင်းတို့က နှစ်ယောက်စာမလားလေနော်။ မေမေလောင်းတို့ ရေဓါတ်ခမ်းခြောက်ခြင်းရဲ့လက္ခဏာတွေက ဘာတွေလဲ၊ ရေဓါတ်နည်းရင် မေမေလောင်းတို့ ဘာတွေဖြစ်လာနိုင်မလဲ နဲ့ ရေဓါတ်ပြည့်ဝနေအောင် ဘယ်လိုလုပ်ရမလဲဆိုတာ ကြိုတင်သိနေဖို့ လိုပါတယ်။ ဒါမှ မေမေလောင်းတို့ ရေဓါတ်ပြည့်ဝအောင် ဂရုစိုက်မှာမို့ပါ။
ပုံမှန်တော့ ရေသောက်နေတယ်။ ဒါပေမယ့် ခန္ဓာကိုယ်က လုံလောက်တဲ့ရေဓါတ်မှ မရပါဘူးဆိုရင် မေမေတို့ အဆင်မပြေနိုင်ပါဘူး။ ရေဓါတ်ခမ်းခြောက်မယ်ဆိုရင် အာခေါင်တွေ ခြောက်ပြီး ပါးစပ်စေးကပ်နေခြင်း၊ မကြာခဏရေငတ်ခြင်း၊ ခန္ဓာကိုယ်အားမရှိဖြစ်ခြင်း၊ ခေါင်းကိုက်ခြင်း၊ ဝမ်းချုပ်ခြင်းနဲ့ ဆီးသွားနည်းတာတဲ့ လက္ခဏာ ကြုံရမှာပါ။ ဒါတွေ ကြုံလာရပြီဆိုရင် ရေဓါတ်ဖြည့်ဖို့ လိုအပ်နေတာပါ။မေမေလောင်းတို့ရေ မေမေလောင်းတို့ ရေဓါတ် အားနည်းတဲ့အခါမှာ သန္ဓေသားလေးရဲ့ အာရုံကြောဆိုင်ရာ ချို့ယွင်းခြင်း၊ လမစေ့မွေးခြင်း၊ နို့ထွက်နည်းခြင်းတွေ ဖြစ်လာနိုင်ပါတယ်။ရေဓါတ်ခမ်းခြောက်ရခြင်းရဲ့ အကြောင်းကတော့ လေ့ကျင့်ခန်း များများလုပ်ခြင်း၊ အဖျားတက်ခြင်း၊ ချွေးထွက်လုပ်ခြင်းနဲ့ ရေသောက်တာ နည်းတာတွေကြောင့် ဖြစ်ပါတယ်။
မေမေလောင်းတို့ ရေများများ သောက်ဖို့ အမြဲသတိရပါနော်။ ကဖင်းဓါတ်ပါတဲ့ အစားအစာတွေလည်း လျှော့ချလိုက်ပါ။ ချွေးထွက်လွန်တာတွေ ရှိတယ်ဆိုရင် ရေပိုသောက်ပါ။ လေ့ကျင့်ခန်းတွေ အပြင်းအထန်လုပ်ရင်လည်း ရေပိုသောက်ပေးပါ။ ဘယ်နေရာ သွားသွား မေမေလောင်းတို့ ရေဗူးဆောင်ထားပါ။ တစ်နေ့ ရေဘယ်လောက် သောက်ဖို့လိုတယ်ဆိုတာ မှတ်ထားပြီး ဘယ်လောက်သောက်ပြီးပြီလဲဆိုတာ သတိထားမှတ်ပါ။ ရေ တစ်နေ့ကို (၂) လီတာ ဒါမှမဟုတ် အနည်းဆုံး ဖန်ခွက် အလတ် (၁၂) ခွက်လောက် သောက်ပေးပါ။
Comments