ပထမကလေးလေးက ဒုတိယကလေးလေးအပေါ် မနာလိုစိတ် မဖြစ်စေဖို့

by: Nang Htwe
 0 comments  3 love

မေမေဖေဖေတို့က သားသားမီးမီးလေးတွေကို မခွဲခြားပေမယ့်လည်း သူစိမ်းတွေက စနောက်တဲ့ သဘောမျိုးနဲ့ လာရောက်သွေးခွဲနိုင်တာကို သတိထားပါ။

ဒုတိယ သားသားမီးမီးလေးတွေ မွေးဖွားပြီးတဲ့အခါ မေမေတို့မှာ စိတ်ဖိစီးမှုတွေ၊ ပင်ပန်းနွမ်းနယ်တာတွေ၊ ကလေးစောင့်ရှောက်တာတွေနဲ့ အိမ်မှုကိစ္စပြုလုပ်ရတာတွေကြောင့် ပထမကလေးကို သတိမမူမိတတ်ပါဘူး။ သူ့ဘာသာသူ အဆင်ပြေတယ်လို့ ထင်နေတာကြောင့်လည်း ပါပါတယ်။ ဒုတိယ ကလေးငယ်က ငယ်လွန်းသေးတာမို့ ပိုပြီးတော့ ဂရုစိုက်ရပါတယ်။ ဒီအချိန်မှာ ပထမကလေးငယ်က ဒုတိယကလေးအပေါ် မနာလိုစိတ်တွေ ဝင်လာနိုင်ပါတယ်။

ပျော်ပျော်ရွှင်ရွှင်နေသွားစေချင်တယ်ဆိုရင်  အခုအရွယ်ကတည်းက သေသေချာချာ ဂရုစိုက်ဖို့ လိုပါတယ် (Photo by Pregnant Chicken)

ဒီလို ကလေးငယ်အချင်းချင်း မနာလိုစိတ်ဝင်တဲ့ ပြဿနာက ကလေး(၂)ယောက်ရှိတဲ့ အိမ်တွေမှာ အဖြစ်များပါတယ်။  ကလေးတစ်ယောက် ဒါမှမဟုတ် သုံးလေးငါးယောက်ရှိတဲ့ အိမ်တွေမှာတော့ ပြဿနာ နည်းပါတယ်။ အုပ်ထိန်းသူတစ်ယောက်ဖြစ်တဲ့ မေမေတို့အနေနဲ့ ဒီပြဿနာ ဖြစ်မလာအောင် သေသေချာချာ ကိုင်တွယ်ဖို့ အရေးကြီးပါတယ်။ ပထမကလေးနဲ့ ဒုတိယကလေးကြားမှာ ပြဿနာတွေဖြစ်မလာအောင် ဘယ်လိုကိုင်တွယ်ဖြေရှင်းရမယ်ဆိုတာ Kalay ကနေ ပြောပြပေးမယ်နော်။

ဖေဖေတို့ရဲ့ အကူအညီ

ဖေဖေတို့ကို အကူအညီတောင်းပါ။ မေမေတို့အနေနဲ့ အလုပ်များနေတဲ့အခါ ဒါမှမဟုတ် ဒုတိယကလေးငယ်ကို စောင့်ရှောက်နေတဲ့အခါမှာ ပထမကလေးငယ်အတွက် လစ်ဟာတာတွေ မဖြစ်အောင် ဖေဖေတို့ကို ထိန်းခိုင်းပါ။ မေမေတစ်ယောက်၊ ဖေဖေတစ်ယောက် ထိန်းပေးတဲ့အခါ ပထမကလေးငယ်ရဲ့ စိတ်မှာ ဒဏ်ရာတွေ မဖြစ်တော့ပါဘူး။

တန်းတူ ဆက်ဆံပါ

ပထမကလေးနဲ့ ဒုတိယကလေးကို တန်းတူဆက်ဆံပါ။ ဒုတိယကလေးကို အဝတ်အစားဝယ်ပေးတယ်ဆိုရင် ပထမကလေးကိုလည်း ဝယ်ပေးပါ။ အရုပ်လေးတွေ ဝယ်တဲ့အခါမှာလည်း အတူတူဝယ်ပေးပါ။

အချိန်ပေးပါ

ပထမကလေးအတွက် သီးသန့်အချိန်ပေးပါ။ ဒါမှသာ သူတို့လေးတွေရဲ့ စိတ်ထဲမှာ တန်းတူချစ်တယ်ဆိုတာ နားလည်လက်ခံလာမှာပါ။

ပထမကလေးနဲ့ ဒုတိယကလေးကို တန်းတူဆက်ဆံပါ (Photo by Scary Mommy)

ခွဲခွဲခြားခြားပြုလုပ်ခြင်း

အငယ်လေးက လိမ္မာတယ်၊ အကြီးကဆိုးတယ်လို့ လုံးဝမပြောပါနဲ့နော်။ တစ်ယောက်စီမှာ မတူညီတဲ့ ကိုယ်ပိုင်အရည်အချင်းတွေ ရှိနေတာမို့ သွားမနှိုင်းဖို့ သတိထားပါ။ မေမေဖေဖေတို့က မခွဲခြားပေမယ့်လည်း သူစိမ်းတွေက စတာလိုလို၊ ပြောင်တာလိုလိုနဲ့ လာရောက်သွေးခွဲနိုင်တာကို သတိထားပါ။ သူစိမ်းတွေက သွေးခွဲစကားပြောတဲ့အခါ မေမေတို့အနေနဲ့ မကြိုက်ကြောင်း ပွင့်ပွင့်လင်းလင်းပြောပါ။ အားမနာပါနဲ့နော်။

ဦးစားပေးခြင်း

နောက်ထပ် ကလေးငယ်မှာ စိတ်ဒဏ်ရာ ရစေတာတစ်ခုက ဦးစားပေးခိုင်းတာပါ။ ဥပမာ အငယ်လေးက တီဗီကြည့်ချင်တယ်ဆိုရင် ဂိမ်းဆော့နေတဲ့ အကြီးကို ဖယ်ခိုင်းတာမျိုး၊ အကြီးပစ္စည်းကို အငယ်က တောင်းတဲ့အခါ အတင်းပေးခိုင်းတာမျိုး စတာတွေက ကြာလာတဲ့အခါ အကြီးတွေရဲ့ စိတ်ထဲမှာ ဒဏ်ရာတွေ ဖြစ်လာပါတယ်။ ဒါကြောင့် မေမေတို့အနေနဲ့ အကြီးလေးကို နားလည်အောင် သေသေချာချာ စိတ်ရှည်ရှည် ရှင်းပြပေးဖို့လိုပါတယ်။ အကြီးနဲ့ အငယ်လုတာတွေ မဖြစ်ရအောင် စီမံခန့်ခွဲပေးပါ။ ဥပမာ တီဗီကို အငယ်လေးက တစ်နာရီကြည့်မယ်ဆိုရင် နောက်တစ်နာရီကို အကြီးလေး ဂိမ်းဆော့ဖို့ သတ်မှတ်ပေးပါ။ ပစ္စည်းတစ်ခုကို အကြီးက တစ်နာရီဆော့တယ်ဆိုရင် နောက်တစ်နာရီကို အငယ်လေးကို ပေးဆော့စေပါ။

မောင်နှမ၊ ညီအစ်ကို၊ ညီအစ်မ တွေ ချစ်ချစ်ခင်ခင်နဲ့ တစ်သက်လုံး ပျော်ပျော်ရွှင်ရွှင်နေသွားစေချင်တယ်ဆိုရင်  အခုအရွယ်ကတည်းက သေသေချာချာ ဂရုစိုက်ဖို့ လိုအပ်နေကြောင်း Kalay ကနေ ပြောပြပေးလိုက်ပါတယ်။

 

 

 

 

 

 

 

Kalay.com.mm မှ ရေးသားဖော်ပြနေသော ဆောင်းပါးများကို စီးပွားဖြစ်လုပ်ကိုင်နေသော မည်သည့် Website နှင့် Social Media များမှ Facebook Page များအတွက် ပြန်လည်ကူးယူခြင်း၊ ဆင်တူယိုးမှား ဖော်ပြခြင်းများ မပြုပါရန် လေးစားစွာ အသိပေးအပ်ပါသည်။
From Kalay with


Comments

0 comments
Latest video
Refer to more useful articles
x