သားသားမီးမီးလေးတို့ကို ဘယ်တော့မှ မပြောသင့်တဲ့ စကားများ

by: Swe Mar
 0 comments  0 love

ကလေးတွေဟာ သင်ခန်းစာမယူတတ်သေးတော့ အမှားတွေ လုပ်တတ်ပါတယ်။ နားလည်အောင်ရှင်းပြတာက အကောင်းဆုံးပါပဲ။ ဒီလို ခြိမ်းခြောက်တာက လုံးဝအသုံးမဝင်ပါဘူး။

သားသားမီးမီးလေးတို့ကို ဖေဖေတို့မေမေတို့အနေနဲ့ လုံးဝမပြောလိုက်သင့်တဲ့ စကားလေးတွေရှိပါတယ်။ တခါတလေ မေမေတို့က အမှုမဲ့၊ အမှတ်မဲ့ပြောလိုက်မိတဲ့စကားကြောင့် သူတို့ရင်ထဲခံစားပြီး သိမ်ငယ်စိတ်ဝင်သွားတာတေ၊  ကြောက်ရွံထိတ်လန့်သွားရတာတွေနဲ့ ခံစားနာကျင်သွားရတာတွေအများကြီးပါ။ အခုဒီမှာ ပြောပြမှာက မိဘတွေအနေနဲ့ ကလေးတွေကို ဒီစကားတွေမပြောဖို့နဲ့ ပြောလိုက်ခြင်းရဲ့ ဆိုးကျိုးတွေကိုပြောပြပေးမှာပါ။

အနားမလာနဲ့ ဒီမှာ အလုပ်ရှုပ်နေတယ်

အိမ်မှာမေမေတို့က အလုပ်ရှုပ်နေမယ်။ (၃)နှစ်အရွယ်သားလေးက ဆေးရောင်ချယ်တဲ့ စာအုပ်ကိုယူလာပြီး မေမေချယ်ပေးပါ လို့အတင်းတောင်းဆိုနေမယ်။ ဒါမှမဟုတ်လည်း မေမေ ဟိုဘက်အိမ်က ခွေးလေးတွေမွေးတဲ့အကြောင်းပြောပြ။ သူ့အမေက ဘာလို့ မာန်ဖီတာလဲ စတဲ့ စတဲ့ သူသိချင်တာတွေကို တစ်ခုပြီးတစ်ခုမေးနေမယ် တောင်းဆိုနေမယ်ဆိုရင် မေမေတို့အနေနဲ့ စိတ်မတိုလိုက်ပါနဲ့။ ဒီကလေးက ရှုပ်ကို ရှုပ်တယ်။ သွား ကိုယ့်ဟာကိုယ်ကစားနေလို့ မပြောလိုက်ပါနဲ့။ ကလေးဟာ မေမေတို့ အလုပ်ရှုပ်နေတာကို မသိပါဘူး။ ဒီလို ဘာမှန်းမသိ စိတ်တိုတာကို မြင်လိုက်ရတာက ကလေးရဲ့ စိတ်ကို ရှုပ်သွားစေနိုင်သလို ကလေးရဲ့ သိလိုစိတ်ကို ပိတ်ပင်လိုက်သလိုလည်း ဖြစ်သွားနိုင်ပါတယ်။ ကလေးတွေက မေမေတို့ကို ရှုပ်တာမဟုတ်ပါဘူး။ သိလိုတာကို မေးချင်တာပါ။ ဒါကြောင့် ကလေးကို အလုပ်ရှုပ်တယ်လို့ သေချာရှင်းပြတာနဲ့ တစ်ယောက်ယောက်ကို ထိန်းပေးခိုင်းတာပဲ လုပ်ဆောင်ပါ။ အနားမလာနဲ့ ဒီမှာ အလုပ်ရှုပ်နေတယ်လို့ မပြောလိုက်ပါနဲ့

ဆိုးလိုက်တာ

ဆိုးလိုက်တဲ့ ကလေးလို့မပြောပါနဲ့။ ကလေးက သူ့ကို ဆိုးလိုက်တာလို့ ပြောလိုက်ရင် အဲဒါကို ခံယူပြီး ကျေကျေနပ်နပ်ဆက်ဆိုးနေပါလိမ့်မယ်။ ဥပမာ ကလေးက သူ့အစ်မအပေါ်အနိုင်ကျင့်တာကိုတွေ့ရင် ‘မင်းက တကယ် လူဆိုးလေးပဲ ကိုယ်ချင်းမစာတတ်ဘူး’ ဆိုပြီး ပြောလိုက်တယ်ဆိုပါတော့။ သူက သူ့အစ်မအပေါ် ဘယ်လိုကောင်းအောင်လုပ်ရမလဲဆိုတာ မသိသေးတဲ့အတွက် ဆက်ပြီး အနိုင်ကျင့်တဲ့ ပုံစံပဲ ဆက်ဆံပါလိမ့်မယ်။ ဘာကြောင့်လဲဆိုတော့ သူ့ကိုယ်သူ အစ်မအပေါ်အနိုင်ကျင့်တဲ့ လူဆိုးလေးပုံစံက  သူ့ကိုယ်ပိုင်ပုံစံလို့ ထင်သွားတတ်လို့ပါ။

မကြောက်နဲ့ ငိုမနေနဲ့

ငိုမနေနဲ့လေ။ မင်းယောကျာ်းမဟုတ်ဘူးလား လို့ သားယောကျာ်းလေးတွေကို ဆုံးမလေ့ရှိပါတယ်။ ငိုတယ်ဆိုတာ ဝမ်းနည်းကြောက်ရွံ့သူတိုင်း ငိုတတ်ကြတာပါပဲ။ ဘယ်သူပဲဖြစ်ဖြစ်ပါ။ ကလေးတွေရဲ့ ဝမ်းနည်းကြောက်ရွံ့တာကို ပြောလျော့အောင် မပြောပဲနဲ့၊ ငိုတာကို အပြစ်လိုလုပ်ပြီး မငိုနဲ့လေ ကြောက်စရာလားလို့ မပြောပါနဲ့။ သူတို့စိတ်ထဲ ကြောက်လို့ ငိုရတာက အပြစ်ကြီးတစ်ခုလိုဖြစ်သွားပြီး ခံစားနေရမှာ စိုးလို့ပါ။

မမလို မလုပ်တတ်ဘူးလား

ကလေးကို အစ်မဖြစ်သူတွေ တခြားကလေးတွေနဲ့ မနှိုင်းပါနဲ့။ ကလေးတွေတိုင်းဟာ သူတို့နှုန်းနဲ့ သူတို့ အရာရာကို လုပ်ဆောင်နိုင်တာဖြစ်ပါတယ်။ ဒီလိုခိုင်းနှိုင်းတာက ကလေးကို စိတ်ရှုပ်စေပါတယ်။ နောက်ပြီး ဖိအားပေးသလိုဖြစ်နေတာကြောင့် ကလေးကို စိတ်အားငယ်တာလည်း ဖြစ်စေနိုင်ပါတယ်။

တော်တော့လို့ပြောနေတယ် ငါ ရိုက်မှာနော်

(၂)နှစ်အောက် ကလေးငယ်ဟာ ဘယ်လောက်ပဲ စည်းကမ်းသတ်မှတ်ထားပါစေ။ အမှားတွေကို ထပ်ခါထပ်ခါလုပ်ဆောင်တတ်တာပါပဲတဲ့။ ဒါက လေ့လာထားချက်အရပြောတာပါ။ ကလေးတွေဟာ သင်ခန်းစာမယူတတ်သေးတော့ အမှားတွေ လုပ်တတ်ပါတယ်။ နားလည်အောင်ရှင်းပြတာက အကောင်းဆုံးပါပဲ။ ဒီလို ခြိမ်းခြောက်တာက လုံးဝအသုံးမဝင်ပါဘူး။ ကောင်းစေချင်ရင် သေချာရှင်းပြပြောဆိုပါ။ ခြိမ်းခြောက်တာက ကလေးကို ခြောက်လှန့်တာပဲ ဖြစ်ပါတယ်။ ဒါက ဆိုးကျိုးနှစ်မျိုးကို ဖြစ်စေပါတယ်။ ပထမတစ်မျိုး။ ကလေးက ကြောက်ပြီး ဘာမှ လုပ်ရဲကိုင်ရဲ မရှိတော့ဘူး။ ဒုတိယတစ်မျိုးက အရွဲ့တိုက်ပြီးဆက်လုပ်တာ။ အဲဒီနှစ်မျိုးလုံးက မေမေတို့အတွက်ရော၊ ကလေးအတွက်ပါ ကောင်းတဲ့ ရလဒ်တွေ မဟုတ်ပါဘူး။

 

 

 

 

Kalay.com.mm မှ ရေးသားဖော်ပြနေသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များမှ Facebook Page များအတွက် ပြန်လည်ကူးယူခြင်း၊ ဆင်တူယိုးမှား ဖော်ပြခြင်းများ မပြုပါရန် လေးစားစွာ အသိပေးအပ်ပါသည်။
From Kalay with



Comments

0 comments
Latest video
Refer to more useful articles