အလုပ်အားလပ်ရက်တွေမှာ ကလေးငယ်တွေကို အချိန်ပြည့်ဂရုစိုက်ပေးပါ

by: Nang Htwe
 0 comments  0 love

မေမေဖေဖေတို့ အိမ်ပြန်ရောက်တဲ့အခါမှာ ဖုန်းအသုံးပြုတာတွေ၊ ဂိမ်းဆော့နေတာတွေနဲ့ တီဗီကြည့်နေတာတွေက သားသားမီးမီးလေးတွေကို အထီးကျန်စေပြီး စိတ်ဓာတ်ကျနိုင်ပါတယ်။

စိတ်ဓာတ်ကျတာက အသက်အရွယ်မရွေးပါဘူး။ မေမေဖေဖေတို့မှာလည်း စိတ်ဓာတ်ကျနိုင်သလို သားသားမီးမီးလေးတွေမှာလည်း စိတ်ဓာတ်ကျနိုင်ပါတယ်။ သူတို့လေးတွေက ဘာ့ကြောင့် စိတ်ဓာတ်ကျရတာလဲ။ မကြာခဏ ဖျားနာတဲ့ သားသားမီးမီးလေးတွေမှာလည်း စိတ်ဓာတ်ကျနိုင်ပါတယ်။ အများစုကတော့ မေမေဖေဖေတို့ရဲ့ ဂရုစိုက်မှု နည်းပါးတာကြောင့် စိတ်ဓာတ်ကျရတာပါ။ ဒါ့ကြောင့် မေမေဖေဖေတို့က သားသားမီးမီးလေးတွေကို အမြဲဂရုစိုက်ပေးဖို့လိုပါတယ်။ အလုပ်များတဲ့ မေမေဖေဖေတို့အနေနဲ့လည်း အချိန်ပြည့် ဂရုမစိုက်ပေးနိုင်ရင်တောင်မှ အလုပ်ဆင်းချိန်နဲ့ ရုံးပိတ်ရက်တွေမှာ သားသားမီးမီးလေးတို့အတွက် အချိန်အပြည့်အဝပေးဖို့ လိုအပ်ပါတယ်။

အလုပ်ဆင်းချိန်နဲ့ ရုံးပိတ်ရက်တွေမှာ သားသားမီးမီးလေးတို့အတွက် အချိန်အပြည့်အဝပေးပါ (Photo by alodokter)

အားလပ်ရက်တွေမှာ ဂရုစိုက်ပေးဖို့လိုအပ်

သားသားမီးမီးလေးတွေကို အချိန်ပြည့် မကြည့်နိုင်တဲ့ မေမေဖေဖေတွေအနေနဲ့ အားလပ်ရက်တွေမှာ ဂရုစိုက်ပေးပါ။ မေမေဖေဖေတို့က အိမ်ရောက်တဲ့အခါမှာ ဖုန်းအသုံးပြုတာတွေ၊ ဂိမ်းဆော့နေတာတွေ၊ တီဗီကြည့်နေတာတွေနဲ့ အိမ်ကိုအလုပ်ကိစ္စယူလာတာတွေက သားသားမီးမီးလေးတွေကို အထီးကျန်စေပြီး စိတ်ဓာတ်ကျနိုင်ပါတယ်။ အထူးသဖြင့် အလုပ်လုပ်နေတဲ့ ဖေဖေတွေအနေနဲ့ အားလပ်ချိန်တွေမှာ သားသားမီးမီးလေးတွေကို ဂရုမှုတွေ နည်းခဲ့မယ်ဆိုရင် နောက်ဆက်တွဲအနေနဲ့ မေမေတို့ကိုသာ ခင်တွယ်ပြီး ဖေဖေတို့ကို မခင်တွယ်တဲ့ သားသားမီးမီးလေးတွေ ဖြစ်လာနိုင်ပါတယ်။

မိဘတွေရဲ့ ဂရုစိုက်မှု အပြည့်အဝမရတဲ့ သားသားမီးမီးလေးတွေမှာ အားငယ်တဲ့စိတ်တွေ ဝင်ရောက်နေပါတယ် (Photo by shutterstock)

ဂရုစိုက်အားနည်းခြင်းရဲ့ နောက်ဆက်တွဲ

ငယ်စဉ်က မိဘတွေ ဂရုစိုက်မှုနည်းခဲ့တဲ့ သားသားမီးမီးလေးတွေဟာ အရွယ်ရောက်လာတဲ့အခါမှာ အိမ်မပျော်တဲ့ ကလေးငယ်တွေ ဖြစ်လာပါတယ်။ ပြင်ပက သူငယ်ချင်းမိတ်ဆွေကို ခင်တွယ်လာပြီး အိမ်မှာမနေချင်တဲ့ စိတ်တွေ ဝင်ရောက်လာပါတယ်။ ဒီလိုစိတ်တွေ ဝင်ရောက်မလာအောင် သားသားမီးမီးလေးတွေကို ငယ်စဉ်ကတည်းက ဂရုစိုက်စောင့်ရှောက်မှုတွေ အပြည့်အဝပေးရမှာပါ။ မိဘတွေရဲ့ ဂရုစိုက်မှု အပြည့်အဝမရတဲ့ သားသားမီးမီးလေးတွေမှာ အားငယ်တဲ့စိတ်တွေ ဝင်ရောက်နေပါတယ်။ ထူးချွန်ထက်မြက်တဲ့ သားသားမီးမီးလေးတွေ ဖြစ်လာဖို့ဆိုတာလည်း မေမေဖေဖေတို့ရဲ့ ပြုစုစောင့်ရှောက်မှုတွေ အပြည့်အဝလိုပါတယ်။

သားသားမီးမီးလေးတွေရဲ့ အနာဂတ်ဘဝ လုံခြုံစိတ်ချဖို့ဆိုတာ မေမေဖေဖေတို့ရဲ့ ဂရုစိုက်စောင့်ရှောက်မှုတွေပေါ်မှာ အများကြီးမူတည်နေတာကြောင့် အလုပ်အားလပ်ရက်တွေမှာ သားသားမီးမီးလေးတွေနဲ့ အချိန်ပေးဖို့ Kalay ကနေ တိုက်တွန်းလိုက်ပါတယ်။

Kalay.com.mm မှ ရေးသားဖော်ပြနေသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များမှ Facebook Page များအတွက် ပြန်လည်ကူးယူခြင်း၊ ဆင်တူယိုးမှား ဖော်ပြခြင်းများ မပြုပါရန် လေးစားစွာ အသိပေးအပ်ပါသည်။
From Kalay with

Tag: Baby Careholidaystress


Comments

0 comments
Latest video
Refer to more useful articles
x