ကိုယ့်ဘဝထဲကိုဝင်ရောက်လာမယ့် သားသားမီးမီးလေးတွေကို စောင့်စားနေခဲ့ရတဲ့ နေ့ရက်များအခုကုန်ဆုံးသွားပါပြီနော်။ သားသားမီးမီးလေးတွေ ကိုယ့်ဘဝထဲဝင်ရောက်လာပြီ။ ဘာတွေအကောင်းဆုံးလုပ်ဆောင်ပေးကြမလဲ။ ဘယ်တာဝန်တွေထပ်ယူရမလဲ ဆိုတာ ဖခင်အသစ်တွေတိုင်းတွေးထားကြမှာပါ။ ဒါပေမယ့် လက်တွေ့နဲ့ စိတ်ကူး ဘယ်လိုမှမတူနိုင်ဘူးဆိုတာ သားသားမီးမီးတို့က သက်သေပြပါလိမ့်မယ် ။ ကဲ သားသားမီးမီးလေးတွေနဲ့အတူ ဖခင်ဘဝအသစ် အနိမ့်အမြင့်တွေကိုဘယ်လိုတည်ဆောက်ရမလဲဆိုတာ ဖော်ပြပေးပါ့မယ်နော် ။
သားသားမီးမီးလေးတွေမွေးဖွားလာတဲ့အခါ အရင်ဆုံးအိပ်ရေးတွေပျက်တဲ့ ညပေါင်းများစွာကို ခံစားရမယ်။ ဇနီးသည်နဲ့လဲ အရင်လို တူနှစ်ကိုယ်စကားတွေတွတ်ထိုးပြီးမနေနိုင်တော့ဘူး။ သူငယ်ချင်းတွေနဲ့ညဘက်အပြင်ထွက်ပြီးသောက်စားဖို့ဆိုတာဝေးလာဝေးဖြစ်သွားမှာပါ။ ဒါတွေအားလုံးကလည်းအမြဲတမ်းဖြစ်နေမှာတော့ မဟုတ်ပါဘူးနော်။ အချိန်ကာလတခုကိုဖြတ်ကျော်ပြီးရင် ဘဝကပြန်လည်ပြီးအချိန်တွေကညီမျှသွားမှာပါ ။ ဒါပေမယ့် အဲ့အချိန်ကာလတခုမှာဘာတွေရင်ဆိုင်ရမလဲဆိုတာ သိရှိဖို့လိုအပ်ပါတယ် ။
အိပ်ရေးပျက်တာတွေ
မွေးကင်းစ ကလေးလေးတစ်ယောက်က ဘယ်အရာနဲ့မှမတူတဲ့ အိပ်ရေးပျက်တဲ့ညပေါင်းများစွာ အရင်ဆုံးပေးပါမယ်။ ညလယ်ခေါင်ကြီးတကယ်အိပ်ကောင်းနေတဲ့အချိန်မှာ ထအော်ပြီးငိုချင်ငိုမှာပဲ။ ညအချိန်အီးအီးပါချင်လဲပါမယ်။ နို့ဆာရင်လည်းဆာမယ် ။ ဒါတွေအတွက် ကိုယ်ကကလေးအနား အမြဲအသင့်ရှိနေရပါမယ် ။ ဇနီးသည်က ကလေးမွေးထားရတဲ့သူဆိုတော့ နို့တိုက်တာတွေကို လုပ်ပေမယ့်လည်း ဖခင်ကလည်းဘေးနားကနေ ကလေးလိုအပ်တာတွေကို ပြုလုပ်ပေးရမှာပါ ။ အဲ့ဒီညတွေကိုတော့ ညတာအရှည်ဆုံးလို့တောင်ထင်ရပါတယ် ။
သေးခံလဲပေးရတာတွေ
ပြောရမယ်ဆို ဒိုက်ပါတွေကိုလဲလှယ်ပေးခြင်းပေါ့နော်။ သေးပေါက်တာ၊ အီးအီးပါတာတွေကို ကလေးအမေအစား အဖေကလည်းပြုလုပ်ပေးနိုင်တယ် ။ အဖေတွေက ကလေးလေးတွေကို မွေးလဲမမွေးရဘူ း ၊ နို့လဲမတိုက်ရဘူးဆိုတော့ ကလေးနဲ့ပတ်သက်တဲ့ တခြားအလုပ်တွေကို ကူညီလုပ်ဆောင်ပေးဖို့လိုတာပေါ့နော်။ အီးအီးကုန်းတာတွေလည်း အဖေတွေကမြန်မြန်ဆန်ဆန်ပိုလုပ်တတ်တယ်လို့ထင်ပါသေးတယ် ။ အနံ့တွေကိုပါ ခံနိုင်ရည်ရှိဖို့ကြိုးစားရပါမယ် ။
အရာရာတိုင်းကိုကူညီပေးဖို့အသင့်ရှိနေရမယ်
ပထမဆုံးအကြိမ်မွေးတဲ့အခါတိုင်း ဒီလိုပဲအမြဲခံစားရမှာပါပ ။ ကလေးမွေးဖွားထားတဲ့ ဇနီးသည်ကို လိုတာထက်ပိုပြီးအနားယူစေဖို့လိုအပ်ပါတယ်။ ဒါကြောင့် အိမ်သန့်ရှင်းရေးလုပ်တာ ၊ ဟင်းချက်တာ ၊အဝတ်အစားတွေလျှော်ဖွတ်တာ ဒါတွေလိုအပ်ရင် ကိုယ့်ဇနီးသည်အတွက် ဖခင်ကကူပြီးလုပ်ကိုင်ပေးဖို့လိုအပ်ပါတယ်။ ဒီအချိန်မှာ သူငယ်ချင်းတွေနဲ့အပြင်သွားချင်စိတ်ဖြစ်ပေါ်လာရင်လဲ မေ့ထားဖို့လိုပါတယ်။ တစ်ခြားကလေးမရှိသေးတဲ့သူငယ်ချင်းတွေကိုလဲ အားကျမိကောင်းအားကျမိနေပါလိမ့်မယ်။ ဒါပေမယ့် ကလေးလေးနဲ့ပတ်သက်ပြီးပင်ပန်းရတာ ၊ ကလေးလေးအလုပ်တွေကူလုပ်ပေးရတာဟာ အချိန်ခဏတာလေးပါပဲနော်။ ဒါဟာပထမအစလေးပဲ စိတ်ပင်ပန်းရတယ်လို့ ခံစားရစေတာပါ။ နောက်ပိုင်းဆိုရင်တော့ ကလေးဖြစ်တတ်တာလေးတွေကိုနားလည်သဘောပေါက်ပြီး ကလေးလေးနဲ့အတူပျေုာ်ရွှင်ဖွယ်ရာအချိန်တွေကို ပိုင်ဆိုင်နိုင်စေမှာပါ။
Comments