
သိမ်ငယ်တာတွေနဲ့ အထီးကျန်တာတွေ ဖြစ်နိုင်ပါတယ် (photo: Bright Horizons)
မေမေတို့ရေ သားသားမီးမီးလေးတွေ စိတ်ခံစားချက် ကောင်းစေဖို့ဆိုတာ ဖေဖေ မေမေတို့နဲ့ အများကြီး သက်ဆိုင်ပါတယ်။ သားသားမီးမီးလေးတွေရဲ့ စိတ်ခံစားချက် ကောင်းမွန်ခြင်းဆိုတာ မနာလိုစိတ်ကင်းခြင်း၊ မေတ္တာထားတတ်ခြင်း၊ သနားတတ်ခြင်း၊ စာနာစိတ် ထားတတ်ခြင်း၊ ကူညီတတ်ခြင်း၊ ချစ်ခြင်းမေတ္တာကို မျှဝေပေးနိုင်ခြင်း၊ စာရိတ္တကောင်းမွန်ခြင်းတွေပဲ ဖြစ်ပါတယ်။
သားသားမီးမီးလေးတွေ တခါတလေ မောင်နှမတွေ မတည့်ကြတာ၊ အကြီးနဲ့ အငယ် မညှာတာဘဲ ပစ္စည်းလုတာတွေလည်း ရှိကြမှာပါ။ ဒီလို အခြေအနေ မျိုးမှာ သားသားမီးမီးလေးတွေကို မဆူဘဲ နားလည်အောင် ပြောပြတတ်ဖို့ လိုပါတယ်။ မောင်နှမချင်းမှာဖြစ်စေ၊ အပြင်လူတွေနဲ့ ဖြစ်စေ ကောင်းမွန်တဲ့ စိတ်ဓါတ်လေး ထားနိုင်ဖို့အတွက် မေမေနဲ့ ဖေဖေတို့က ချစ်ပြတတ်ဖို့ လိုပါတယ်။

သားသားမီးမီးလေးတွေကို မဆူဘဲ နားလည်အောင် ပြောပြတတ်ဖို့ လိုပါတယ် (photo: Bright Horizons)
ချစ်ပြတာဟာ ကောင်းတဲ အလေ့အထတွေထဲက တစ်ခုပါ
ဖေဖေ မေမေတို့ရဲ့ ချစ်ခြင်းမေတ္တာကို ထုတ်ဖော်ပြတတ်ဖို့ လိုပါတယ်။ တချို့ ဖေဖေတွေက ချစ်မပြတဲ့အခါ သားသားမီးမီးလေးတွေက သူတို့ကို မချစ်ဘူး ဒီ့အတွက် ဂရုစိုက်စရာ အလေးထားစရာမလိုဘူးလို့တောင် တွေးလာနိုင်ပါတယ်။ ဖေဖေ မေမေတို့ရဲ့ အချစ် မေတ္တာကို မရတဲ့ ကလေးတွေဟာ တခြားသူဆီက တစ်နည်းနည်းနဲ့ ရအောင် ယူတတ်ကြပါတယ်။ ဒီလို ရယူတဲ့အခါမှာ မှားတဲ့ နည်းလမ်းတွေ အသုံးပြုမိတာမျိုး ဖြစ်နိုင်ပါတယ်။ အချစ်ခံရဖို့ ဘာမဆို လုပ်တာမျိုး ဖြစ်နိုင်ပါတယ်။
နောက်တစ်ခုတော့ သိမ်ငယ်တာတွေနဲ့ အထီးကျန်တာတွေ ဖြစ်နိုင်ပါတယ်
ဖေဖေ မေမေတို့ကတောင် မချစ်မှတော့ တခြားသူတွေကလည်း မချစ်ကြဘူးလို့ ထင်လာနိုင်ပါတယ်။ ဒီအခါမှာ အချစ်ခံရတဲ့ တခြားကလေးအပေါ်မှာ စိတ်ဆိုးတာတွေနဲ့ စိတ်အလိုမကျတာတွေ ခံစားရစေနိုင်ပါတယ်။
ဖေဖေ မေမေတို့ သားသားမီးမီးလေးတွေကို အကြီးမို့ အငယ်မို့ဆိုပြီး ပိုပြီး အလိုလိုက်၊ ခွဲခြားတာတွေ မလုပ်သင့်ပါဘူး။ တကယ်တော့ မိဘဆိုတာ သားသားမီးမီးလေးတွေကို အတူတူပဲ ချစ်ကြတာပါနော်။ နုနယ်သေးတဲ့ သားသားမီးမီးလေးတွေကတော့ အရာရာကို ခံစားတတ်သူမို့ အသေးအဖွဲလေးကအစ မှတ်ထားပြီး ဘယ်သူ့ကိုတော့ ပိုချစ်တယ်လို့တွေးပြီး မောင်နှမတွေ စိတ်မကြည်လင်တာမျိုး ဖြစ်နိုင်ပါတယ်။ စိတ်ခံစားချက် မကောင်းတာဟာ ရေရှည်အတွက် မကောင်းပါဘူး။ ဒါကြောင့် ဖေဖေ မေမေတို့ အနေနဲ့ သားသားမီးမီးလေးတွေကို ညီတူမျှတူ ချစ်ပြပါနော်။
Comments