မီးမီးလေးတွေအတွက် မိဘကသင်ပေးရမယ့် စိတ်ဓါတ်ကြံ့ခိုင်နည်းများ

by: Nang Htwe
 0 comments  0 love

ငယ်စဉ်အချိန်ကတည်းက စိတ်ဓါတ်ကြံ့ခိုင်လာမှသာ အရွယ်ရောက်တဲ့အခါ ဖိအားတွေကို ကြံ့ကြံ့ခိုင်နိုင်လာပါမယ်။ စိတ်ဓါတ်ကျတဲ့ ပြဿနာတွေ အလွန်နည်းသွားပါမယ်

ကလေးငယ်တွေကို စိတ်ဓါတ်ကြံ့ခိုင်အောင် သင်ပေးဖို့ အရေးကြီးပါတယ်။ တိုးတက်မှု မြန်ဆန်လာတဲ့ ယနေ့ခေတ်မှာ အပြောင်းအလဲတွေက လူကြီးတွေပေါ်သာမက ကလေးငယ်ဆီမှာလည်း ရိုက်ခက်မှုရှိပါတယ်။ ကလေးငယ်တွေအတွက် အဓိက စိတ်ဖိစီးမှုဖြစ်စေတာကတော့ ပညာရေးပါ။ သူငယ်ချင်းတွေနဲ့ ပေါင်းသင်းဆက်ဆံရေးတွေမှာလည်း ပြဿနာတွေ၊ ပြိုင်ဆိုင်တာတွေ၊ bully ကိစ္စတွေ ကြုံရနိုင်ချေတွေ အများကြီးရှိပါတယ်။ အထူးသဖြင့် သမီး(မီးမီးလေး)တွေကို စိတ်ဓါတ်ကြံ့ခိုင်အောင် သင်ကြားပေးဖို့ မိဘတွေမှာ တာဝန်ရှိပါတယ်။ သမီး(မိန်းကလေး)ဆိုဟာဆိုရင် သားသားလေးတွေထက် ပတ်ဝန်းကျင်ရဲ့ ဖိအားတွေ ပိုရင်ဆိုင်ရပါတယ်။ ပတ်ဝန်းကျင်ရဲ့ သတ်မှတ်ချက်တွေ၊ ရိုးရာအစဉ်အလာတွေ၊ မှားယွင်းတဲ့ တဖက်ပိတ် အယူအဆတွေကို သမီး(မိန်းကလေး)တွေ ဖြတ်ကျော်ရပါတယ်။

ကလေးငယ်တွေကို စိတ်ဓါတ်ကြံ့ခိုင်အောင် သင်ပေးဖို့ အရေးကြီးပါတယ် (Photo by Business Insider)

ငယ်စဉ်အချိန်ကတည်းက စိတ်ဓါတ်ကြံ့ခိုင်လာမှသာ အရွယ်ရောက်တဲ့အခါ ဖိအားတွေကို ကြံ့ကြံ့ခိုင်နိုင်လာပါမယ်။ စိတ်ဓါတ်ကျတဲ့ ပြဿနာတွေ အလွန်နည်းသွားပါမယ်။ အခုနောက်ပိုင်း လူငယ်တော်တော်များများ စိတ်ကျရောဂါပိုကြုံလာရပြီး ကိုယ့်ကိုယ့်ကို သတ်သေတာမျိုး အဖြစ်များလာပါတယ်။ ကိုယ့်ရဲ့ကလေးငယ် အရွယ်ရောက်လာတဲ့အခါ စိတ်ဓါတ်ကျတာနဲ့ စိတ်ရောဂါတွေ မဖြစ်ရလေအောင် အခုချိန်ကတည်းက စိတ်ဓါတ်ကြံ့ခိုင်အောင် သင်ကြားပေးရပါမယ်။

(၁) စိတ်ပိုင်းဆိုင်ရာကို ဂရုစိုက်ပါ

ကလေးငယ်ရဲ့ ရုပ်ပိုင်းဆိုင်ရာ(ခန္ဓာကိုယ်) ကို မိဘတွေအလွန်ဂရုစိုက်သလို စိတ်ပိုင်းဆိုင်ရာကိုလည်း ဂရုစိုက်ပေးဖို့ မမေ့ပါနဲ့။ ကလေးငယ် ဘာတွေ ခံစားရနေလဲ။ ဘာပြဿနာတွေ ကြုံလာရလဲ ဆိုတာကို သတိထားကြည့်ရပါမယ်။ တချို့ကိစ္စတွေကို မိဘတွေကူညီဖြေရှင်းပေးသင့်သလို တချို့ ပြဿနာတွေကို ဘယ်လိုဖြေရှင်းရမယ်ဆိုတာကိုလည်း လမ်းပြဖို့ လိုအပ်ပါတယ်။

(၂) ခံစားချက်ကို နားထောင်ပေးပါ

ကလေးငယ်တွေရဲ့ ခံစားချက်ကို နားထောင်ပေးဖို့ လိုအပ်ပါတယ်။ စိတ်တိုနေလား၊ ဝမ်းနည်းနေလား၊ ဒေါသထွက်နေလား ဒီလို ခံစားချက်တွေကိုလည်း အလေးထားရပါမယ်။ ကလေးငယ် ပြောတဲ့စကားတွေကို နားထောင်ပေးပါ။

မေမေဖေဖေတို့အနေနဲ့ ကလေးငယ်ရဲ့ ခံစားချက်တွေကို မသိသလိုနေတာ၊ အရေးမကြီးသလိုထားတာ၊ နားမထောင်ပေးတာတွေက ကလေးငယ်ရဲ့စိတ်မှာ ဒဏ်ရာတွေ ဖြစ်သွားစေပါတယ်။

ကလေးငယ်တွေရဲ့ ခံစားချက်ကို နားထောင်ပေးဖို့ လိုအပ်ပါတယ် (Photo by Education.com )

(၃) နားလည်ပေးပါ၊ အကူအညီပေးပါ

ကလေးငယ်တွေမှာလည်း ကောင်းတဲ့ အိုင်ဒီယာတွေ၊ အစီအစဉ်တွေ၊ ဖြစ်ချင်တာတွေ ရှိပါတယ်။ မေမေတို့က ကူညီဖော်ထုတ်ပေးပါ။ မေမေဖေဖေတို့ ဖြစ်ချင်တာတွေကို ပုံမသွင်းပါနဲ့။ အထူးသဖြင့် ဖိအားပေးလုပ်ခိုင်းတာမျိုး ရှောင်ပါ။ ကလေးငယ်ရဲ့ ပင်ကိုယ်ဝါသနာကို ဖော်ထုတ်ပေးပါ။

(၄) စံပြဖြစ်အောင်နေပါ

မေမေဖေဖေတို့က ကလေးငယ်ရဲ့ အားကျလောက်တဲ့ စံပြတစ်ယောက်ဖြစ်အောင် နေထိုင်ပါ။ ကလေးတွေရှေ့မှာ မိဘနှစ်ပါး ခဏခဏရန်ဖြစ်တာ၊ ဆဲဆိုတာ၊ ရိုင်းပြတဲ့ အမူအရာတွေ ပြုလုပ်တာကို လုံးဝရှောင်ပါ။ နောက်ပြီး ကလေးငယ်ကို ရိုက်တာ၊ လူအများရှေ့မှာ ဆဲတာ၊ အရှက်ခွဲတာတွေ လုံးဝမပြုလုပ်မိပါစေနဲ့။

(၅) နည်းလမ်းကောင်းတွေပေးပါ

သားသားမီးမီးတို့ နေ့စဉ်ကြုံတွေ့ရတဲ့ ပြဿနာတွေကို ဖြေရှင်းတတ်ဖို့ နည်းလမ်းကောင်းတွေ လမ်းညွှန်ပေးပါ။ မေမေတို့ရဲ့နည်းလမ်းမှန်မှန် လမ်းညွှန်မှုတွေ ရရှိခဲ့တဲ့ ကလေးငယ်တွေဟာ စိတ်ဓါတ်ကြံ့ခိုင်ကြတာကို တွေ့ရပါတယ်။

သားသားမီးမီးလေးတွေ စိတ်ဓါတ်ကြံ့ခိုင်ဖို့ မေမေဖေဖေတို့ရဲ့ စိတ်ပိုင်းဆိုင်ရာ ဂရုစိုက်စောင့်ရှောက်ခြင်းတွေ အများကြီးလိုအပ်ကြောင်း Kalay ကနေ ပြောပြပေးလိုက်ပါတယ်။

 

 

Kalay.com.mm မှ ရေးသားဖော်ပြနေသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များမှ Facebook Page များအတွက် ပြန်လည်ကူးယူခြင်း၊ ဆင်တူယိုးမှား ဖော်ပြခြင်းများ မပြုပါရန် လေးစားစွာ အသိပေးအပ်ပါသည်။
From Kalay with



Comments

0 comments
Latest video
Refer to more useful articles
x